သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း သူပုန်အရေး မလေးရှား ကူညီဖြေရှင်းမည်


ထိုင်းတောင်ပိုင်း သူပုန်အရေး မလေးရှား ကူညီဖြေရှင်းမည်
ထိုင်းတောင်ပိုင်း သူပုန်အရေး မလေးရှား ကူညီဖြေရှင်းမည်

ထိုင်းနဲ့မလေးရှား ထိစပ်နေတဲ့ မူစလင်အများစုနေထိုင်ရာ နယ်စပ်ဒေသက သူပုန်တွေကို နှိမ်နင်းတဲ့နေရာမှာ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြဖို့ နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေက ကတိပြုလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ်ရဲ့ တနင်္လာနေ့က မလေးရှားနိုင်ငံ တစ်ရက်ကြာ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် နှစ်ယောက် တွေ့ဆုံပြီးတော့ အခုလို ကတိပြုသွားတာပါ။ ဒီအကြောင်းကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် (Yingluck Shinawatra) နဲ့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) တို့ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်အပြင်ဘက်မှာ တနင်္လာနေ့က တွေ့ဆုံတုန်း နယ်စပ် မူစလင်သူပုန်တွေ နှိမ်နင်းရေးနဲ့ ပတ်သတ်ပြီး ကတိပြုသွားကြတာပါ။ ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံလုံးဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မူစလင်ခွဲထွက်ရေး သမားတွေအနေနဲ့ အကြမ်းဖက်တဲ့ကိစ္စတွေကို မလုပ်ဆောင်ကြဖို့ နိုင်ငံရေး အစွန်းရောက်မှုကို မစွဲကိုင်ဖို့ တိုက်တွန်းနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် ကလည်း ထိုင်းတောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ မူစလင် သူပုန်ထမှု ဖြေရှင်းရေးမှာ အပြည့်အဝ အကူအညီ ပေးပါမယ်လို့ အလည်အပတ် ရောက်လာတဲ့ မစ္စယင်းလပ် ကို ကတိပေးသွားပါတယ်။ ဒီလို ထိုင်းတောင်ပိုင်း ပြဿနာကို ငြိမ်းချမ်းသွားအောင် လုပ်ဆောင်ဖို့ နည်းလမ်းတွေ ဝိုင်းဝန်းရှာဖွေပေးမယ်လို့ ပြောသွားတဲ့ တချိန်းတည်းမှာပဲ သူပုန်တွေအနေနဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့ မစ္စတာ နာဂျစ်က တိုက်တွန်းသွားပါတယ်။

“ထိုင်းတောင်ပိုင်း ကိစ္စကို ရေရှည်အတွက် ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ချက်မှာ ကျနော်တို့ဘက်က ဘယ်လို နည်းစနစ်မျိုးနဲ့ ကူညီနိုင်မလဲ၊ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေ ပေးနိုင်မလဲ၊ တတ်နိုင်တဲ့ဘက်က အကူအညီတွေပေးဖို့ ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ်က တောင်းဆိုသွားပါတယ်။ ဒီပြဿနာက ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာတစ်ခု ဖြစ်တယ်။ တောင်ပိုင်း ဒေသက ပြည်သူတွေအနေနဲ့ သီးသန့်ခွဲထွက်ဖို့ မလုပ်ဆောင်သင့်ဘူး၊ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုကိုလည်း သူတို့ လက်မခံရဘူး၊ ငြင်းပယ်ရမယ်ဆိုတာ ကျနော်တို့ နှစ်ဘက်စလုံးက သဘောတူပါတယ်။”

ထိုင်းဝန်ကြီးချုုပ် ယင်းလပ်နဲ့ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တော့ မစ္စတာ ရာဇက် ပြောသွားတာဖြစ်ပါတယ်။ သြဂုတ်လမှာ ဝန်ကြီးချုပ် ရာထူးကို စတင်ထမ်းဆောင်ခဲ့တဲ့ မစ္စယင်းလပ် က အိမ်နီးချင်းနိုင်ငံတွေကို လိုက်နှုတ်ဆက်နေတာမှာ အခု မလေးရှားနိုင်ငံကို သွားရောကိခဲ့တာပါ။ တကယ်တမ်း မလေးရှားကို မနှစ်က အောက်တိုဘာမှာ လာရောက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ထိုင်းနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးရေဘေးနဲ့ ကြုံခဲ့ရလို့ ခရီးစဉ်ကို အခုထိ ရွှေ့ဆိုင်းပစ်ခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ဖြစ်ပြီးကတည်းက မူစလင်အများစု နေထိုင်ရာ မလေးရှားနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ မစ္စ ယင်းလပ် က မလေးရှားရဲ့ ထောက်ခံမှုကို ထိုင်းက ကြိုဆိုပါကြောင်းနဲ့ မလေးရှား ဝန်ကြီးချုပ်ရဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးကို ထောက်ခံပါကြောင်း ပြောသွားခဲ့ပါတယ်။

“ကျမတို့ နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အာဆီယံ အသိုင်းအဝိုင်း တည်ဆောက်မှု၊ ဒေသတွင်း ဆက်သွယ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒေသ စည်ပင်ထွန်းကားရေးတို့အတွက် အခရာဖြစ်တယ်လို့ ထင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း မလေးရှားနိုင်ငံက အာဆီယံရဲ့ ဥက္ကဋ္ဌနေရာမှာ တာဝန်ယူရမယ် ဆိုတော့ အာဆီယံအသိုင်းအဝိုင်း ထူထောင်ဖို့ကိစ္စ အဆင်ပြေချောမွေ့မှာပါ။ ပိုပြီးကျယ်ပြန့်တဲ့ အာရှပစိဖိတ်ဒေသမှာ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ဒေသတ တည်ငြိမ်မှုတို့အတွက် အာဆီယံက သော့ချက်ကျတဲ့ အဓိက အင်အားတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မလေးရှားနိုင်ငံကို တစ်ရက်ကြာသွားရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် ပြောသွားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အစ္စရေး သံတမန်တွေကို ပစ်မှတ်ထားပြီး ဗုံးခွဲဖို့ မအောင်မြင်တဲ့ ကြံစည်မှုနဲ့ သံသယဖြစ်လို့ ဖမ်းခံထားရတဲ့ အီရန်နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ အခုလိုပဲ မစ္စ ယင်းလပ်က မလေးရှားနိုင်ငံကို တစ်ရက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အရင်တစ်ပတ်ကတော့ အဲဒီ ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရသူ နှစ်ဦးထဲက တစ်ဦးက မလေးရှားနိုင်ငံကို ထွက်ပြေးခဲ့ပြီးတော့ မလေးရှားနိုင်ငံမှာပဲ သူ့ကို ဖမ်းမိခဲ့ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးမှုမှာ ထိုင်းအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းပါ့မယ်လို့ မလေးရှားအာဏာပိုင်တွေက ကတိပြုခဲ့ပေမဲ့လည်း ဖမ်းဆီးမိထားတဲ့ တစ်ဦးကိုတော့ မလေးရှားရဲကပဲ ဆက်ပြီး ထိန်းသိမ်းထားတာပါ။ ဒုတိယတစ်ဦးကိုတော့ ထိုင်းဘက်က မိထားတာဖြစ်ပါတယ်။

XS
SM
MD
LG