သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာခရီးစဉ် စတင်


မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရးအထူးကိုယ်စားလှယ် မစ္စ် ယန်ဟီးလီရဲ့ မြန်မာပြည်ပထမနေ့ခရီးစဉ်အတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဆွေးနွေးပွဲ။
မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရးအထူးကိုယ်စားလှယ် မစ္စ် ယန်ဟီးလီရဲ့ မြန်မာပြည်ပထမနေ့ခရီးစဉ်အတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဆွေးနွေးပွဲ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. YangHee Lee ရဲ့ မြန်မာခရီးစဉ် ပထမနေ့မှာတော့ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ တွေ့ဆုံခဲ့ပြီးအမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေအကြောင်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက ဆက်သွယ်စုံစမ်းပေးထားပါတယ်။

လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အမျိုးသမီးအရေး၊ လယ်ယာမြေအရေး၊ အလုပ်သမားအရေး၊ ကျောင်းသားအရေးစတဲ့ အကြောင်းအရာတွေကို လေ့လာဖို့ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. YangHee Lee က ဒီကနေ့မှာတော့ အမျိုးသမီးအရေး ဆောင်ရွက်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ရန်ကုန်မြို့ကုလသမဂ္ဂရုံးမှာတွေ့ဆုံခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေအကြောင်း ဝင်ရောက်ဆွေးနွေးခဲ့တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ကအမှုဆောင်ဒါရိုက်တာကိုအောင်မျိုးမင်းကဒီကနေ့ ဆွေးနွေးခဲ့တဲ့အကြောင်းတွေကို အခုလိုပြောပြပါတယ်။

“လွှတ်တော်မှာဆွေးနွေးပြီး၊ အတည်ပြုခဲ့ပြီးဖြစ်နေတဲ့ ဥပဒေကြမ်းလေးခုအကြောင်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့စိုးရိမ်မှုတွေ၊ ကျနော်တို့ နောက်ထပ် ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေ- ဒါကို တင်ပြပါတယ်။ နောက်တခုကတော့ ကချင်ပြည်နယ်နဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိနေတဲ့ အမျိုးသမီးတွေ လုံခြုံမှုမရှိတာတွေ၊ နောက်ဆုံးတခုကတော့ လက်ရှိ မြန်မာပြည်မှာ အခုဆိုလို့ရှိရင် ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်။ အမျိုးသမီးကိုယ်စားလှယ်တွေလည်း ရွေးချယ်တင်မြှောက်ပါတယ်။ အဲဒီတော့ အမျိုးသမီးအရေးကိုလုပ်တဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို ဒါတွေကတော့ အမျိုး၊ ဘာသာ၊ သာသနာ မစောင့်ရှောက်ဘူး၊ ဒီဟာတွေကတော့ မထောက်ခံခဲ့တဲ့ အတွက်ကြောင့်မို့လို့ မဲမပေးပါနဲ့-ဆိုတဲ့ လှုံ့ဆော်မှုတွေ ရှိလာပါပြီ။ အဲဒါတွေကို အသေးစိတ်စောင့်ကြည့်ဖို့ရယ်၊ သူတို့အပေါ်မှာ အကြမ်းဖက်မှုမဖြစ်ဖို့ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးအရာရှိများ မျက်စေ့ဒေါက်ထောက်ပြီးတော့ ဒါတွေကို စောင့်ကြည့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။”

လူမှုဝန်ထမ်းဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂ လူဦးရေဆိုင်ရာရန်ပုံငွေအဖွဲ့နဲ့ ကျား၊ မရေးရာတန်းတူညီမျှရေးကွန်ယက် တို့ ဦးစီးပြီး ၂ နှစ်ကျော်ကြာရေးဆွဲထားတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ခြင်းဆိုင်ရာဥပဒေကိုလည်းအစိုးရပိုင်းက ပြင်ဆင်မှုတွေ ရှိခဲ့တဲ့အကြောင်းတင်ပြခဲ့တယ်လို့ အရပ်ဘက်လူ့အဖွဲ့အစည်းဖိုရမ်က မသိန္နီဦးကပြောပါတယ်။

“ဒီဟာတွေက ကျမတို့နိုင်ငံမှာ နိုင်ငံတော်ကနေ တာဝန်ယူထားလိုက်တဲ့ ….ဆိုတဲ့ဟာရယ်၊ ကုလသမဂ္ဂလုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ရယ် ဆိုတာတွေကို တိုက်ရိုက်ဆန့်ကျင်နေတယ်၊ ဖောက်ဖျက်နေတယ်ဆိုတဲ့အကြောင်းတွေကိုလည်း တင်ပြခဲ့တယ်။”

တတိယအကြိမ် မြန်မာခရီးစဉ်မှာတော့ အမျိုးသမီးအရေး၊ လူ့အခွင့်အရေးလုပ်ဆောင်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံရေးအကြောင်းလည်း Ms. Yanghee lee က အလေးပေးပြီးမေးမြန်းခဲ့တယ်လို့ ကိုအောင်မျိုးမင်းကပြောပါတယ်။

Ms. Yanhee lee ဟာ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်မှာတော့ နေပြည်တော်မှာလွှတ်တော်ဥပဒေကြမ်းကော်မတီဝင်၊ အစိုးရအဖွဲ့ဝင်အချို့ အပြင် ရွေးကောက်ပွဲကော်မရှင်နဲ့လည်းတေ့ွဆုံသွားဖို့ရှိပါတယ်။ သြဂုတ်လ ၇ ရက်ထိတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမယ့် အထူးကိုယ်စားလှယ် Ms. Yanghee lee အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိသမျှကို့ အောက်တိုဘာလမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံတင်ပြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG