သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတတွေ လွှတ်တော်အတည်ပြု


ရွေးချယ်တင်မြှောက်ခံရတဲ့ ဒုတိယသမ္မတ ၃ ယောက် ဦးထင်ကျော်၊ ဦး ဟင်နရီ ဗန်ထီးယူနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ
ရွေးချယ်တင်မြှောက်ခံရတဲ့ ဒုတိယသမ္မတ ၃ ယောက် ဦးထင်ကျော်၊ ဦး ဟင်နရီ ဗန်ထီးယူနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ

လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ အသီးသီးကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒုတိယသမ္မတ ၃ ယောက်ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဦးထင်ကျော်၊ ဦး ဟင်နရီ ဗန်ထီးယူနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေတို့ကို သမ္မတ စိစစ်ရေးအဖွဲ့က စိစစ်ပြီးနောက် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အတည်ပြုခဲ့ပေမဲ့ စိစစ်ရေးအဖွဲ့ထဲမှာပါတဲ့ တပ်မတော်သား ကိုယ်စားလှယ်က ကန့်ကွက်တာတွေလည်း ကြုံခဲ့ရတာပါ။ ဒုသမ္မတတွေ အတည်ပြုခဲ့တဲ့ လွှတ်တော်ရှိရာ နေပြည်တော်မှာ ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုစည်သူ က အပြည့်အစုံကို ဆက်ပြောပြပေးပါလိမ့်မယ်။

ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်တွင်းမှာ သမ္မတ စိစစ်ရေးအဖွဲ့က ဒုသမ္မတတွေကို စိစစ်တာမှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြရပါတယ်။ လွှတ်တော်ကို လည်း သတ်မှတ်ကျင်းပမယ်လို့ကြေငြာထားတဲ့ နေ့လည် ၁နာရီအစား နောက်ထပ် မိနစ် ၄၀ကျော်ကြာရွှေ့ဆိုင်းကာကျင်းပခဲ့ရပါတယ်။ ဒီအတောအတွင်းမှာ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေက သမ္မတ စိစစ်ရေး အဖွဲ့ကိုမကြာခဏ ဆင့်ခေါ်ကာပြန်လည်ဆွေးနွေးခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

ဒီလို ပြည်သူ၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား အစုအဖွဲ့တွေ ဘက်ကရွေးချယ် ထားတဲ့ ဒုသမ္မတ၃ဦးစလုံးကို သမ္မတ အရည်အချင်းနဲ့ကိုက်ညီ တယ်လို့ဒီကနေ့မှာ သမ္မတစိစစ်ရေးအဖွဲ့ ကထုတ်ပြန်လိုက်ပေမယ့် တပ်မတော်သား အစုအဖွဲ့ဘက်ကတော့ NLD ပါတီကတင်သွင်းတဲ့ ၂ ဦးစလုံးကို သူတို့ ဘက်က ထောက် ခံ ခဲ့ခြင်းမရှိပါဘူး။ NLD ပါတီဘက်က ပြည်သူ့လွှတ်တော် အတွက် အစုအဖွဲ့အတွက် တင်ပြလာတဲ့ ဒုသမ္မတ ဦးထင်ကျော်ကို လွှတ်တော် ကိုယ်စားလှယ်တဦး မဟုတ်တာကြောင့် နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတများ အတွက်သတ်မှတ်ထားတဲ့ ပုဒ်မ ၃၊ ပုဒ်မခွဲ စ လုံးမှာဖော်ပြထားတဲ့ သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်မကိုက် စိစစ်ဖို့ လိုအပ်တယ်လို့ တပ်မတော်သားတွေဘက်က တင်ပြခဲ့ပြီး ထောက်ခံခြင်း ကန့်ကွက်ခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် စိစစ်ရေးအဖွဲ့ဝင် ၇ဦးမှာ ၆ဦးကသဘောတူတာကြောင့် ဦးထင်ကျော်ကို သမ္မတအရည်အချင်းနဲ့ကိုက်ညီတယ်လို့ ဆုံးဖြတ်လိုက်တာပါ။

အမျိုးသားလွှတ်တော်အစုအဖွဲ့ကနေ တင်ပြထားတဲ့ ဒုသမ္မတ ဦးဟင်နရီဗန်တီးယူ နဲ့ပက်သတ်ပြီး တပ်မတော် သားတွေဘက်က တင်ပြလာမှုနဲ့ ပက်သတ်ပြီး ပြည်ထောင်စု လွှတ်တော် နာယကက ခုလိုလွှတ်တော်မှာ ဖတ်ကြားခဲ့ပါတယ်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှာ ဗိုလ်ချုပ် သန်းစိုးက ကန့်ကွက်အတည်ပြုပါကြောင်း ၊ ဦးဟင်နရီဗန်တီးယူ သည် နိုင်ငံခြားတွင် မိသားစုနှင့်အတူ ၆ နှစ်ခန့်နေထိုင်ခြင်းနှင့် ဆက်လျှင်း၍ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဆိုသောစကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ မေးမြန်းသင့်ပါကြောင်း စီစစ်ရေးအဖွဲ့သည် သမ္မတလောင်းအား တွေ့ဆုံ စီစစ်ခဲ့ပြီး ၊ စီစစ်ရေးအဖွဲ့ဝင် ၇ ဦးရှိသည့်အနက် ၆ ဦးက ထောက်ခံသဖြင့် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၏ သမ္မတလောင်းအဖြစ် အဆိုပြုခြင်းခံရသော ဦးဟင်နရီဗန်တီးယူသည် နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတအတွက် သက်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ကြောင်းဆုံးဖြတ်သည်။”

NLD ပါတီက တင်လာတဲ့ သမ္မတလောင်းတွေကို လက်ခံငြင်းမရှိတဲ့အပေါ် NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင် က ခုလိုပြောပါတယ်။

“ဒါကတော့ တပ်ဘက်ကလည်း ကန့်ကွက်စရာရှိလို့ ကန့်ကွက်တယ်လို့ ကျမတို့ ဒီလိုနားလည်တယ်။ ဒါပေမယ့်လို့ ကန့်ကွက်တယ်ဆိုသော်လည်း အခုဒါတော့ လွှတ်တော်ထဲမှာ အတည်ပြုပြီးသား ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေ အားလုံးထောက်ခံ တယ်ဆိုတော့လေ။ အဲတော့ အတည်ပြုပြီးသား အရေးကြီး တာကတော့ ကျမတို့အတည်ပြုမှရမယ်။”

ဒီတင်သွင်းထားတဲ့ ဒုသမ္မတ ၃ဦးမှာ တပ်မတော်ဘက်ပိုင်းက တင်သွင်းတဲ့ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ပက်သတ်ပြီး တည်ဆဲပုဒ်မ ၅၉(စ)နဲ့ညိစွန်းနေတဲ့အတွက် သမ္မတမဖြစ် ထိုက်ဘူးလို့သတင်းတွေထွက်ပေါ်နေပေမယ့် ဒီကနေ့မှာတော့ စိစစ်ရေးကော်မတီဝင်တွေက သမ္မတအရည်အချင်းနဲ့ ကိုက်ညီတယ် လို့ ရွေးလိုက် ပါတယ်။

ဒီလိုရွေးချယ်ခဲ့တာနဲ့ပတ်သတ်ပြီး ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း က တပ်မတော်ဘက်ကတင်သွင်းလာတဲ့ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ပတ် သတ်ပြီး ခုလိုမှတ်ချက်ပေးပါတယ်။

“အကြံကောင်း ဉာဏ်ကောင်း ကောင်းကောင်းပေးနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သင့်တော်ပါတယ်။ ကျန်တာကတော့ သူတို့ စီစစ်ရေးကော်မတီက စီစစ်ပါလိမ့်မယ့် သီးခြားမရှိပါဘူး။”

လတ်တလောမှာ အမျိုးသားလွှတ်တော်အစုအဖွဲ့ကနေ တင်ပြထားတဲ့ ဒုသမ္မတ ဦးဟင်နရီဗန်တီးယူနဲ့ပတ်သတ်ပြီး တပ်မတော်ဘက်ပိုင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဘက်ကို တင်ပြကာ စိစစ်ပေးဖို့ တင်ပြမှုအပေါ် လွှတ်တော်က မှတ်တမ်းအနေနဲ့ထားရှိခဲ့ပါတယ်။ ဒီအပေါ် ဥပဒေကြမ်းကော်မတီဥက္ကဌဖြစ်သူ NLD ပါတီက ဦးထွန်းထွန်း ဟိန်က ခုလိုပြောပါတယ်။

“ခုံရုံးကိုတင်ပေးပါဥစ္စာ၊ ဒီမှာ စီစစ်ရေးအဖွဲ့ရှိတာပဲလေ။ စီစစ်ရေးအဖွဲ့ကလည်း ဘာဖြစ်လဲဆိုတော့ ဒီဥစ္စာ သူတို့ရဲ့လုပ်ပိုင်ခွင့်ထဲမှာ ကျရောက်တယ်လို့ သူတို့ ယုံကြည်တာပေါ့။ ယုံကြည်လို့ သူတို့ စီစစ်လိုက်ပြီးပြီပေါ့။ ခုံရုံးကို တင်ပြသွားမလားဆိုတဲ့ဥစ္စာ ခုံရုံးက ဘယ်လိုဟာတွေကို လက်ခံပြီး စီစစ်နိုင်တာတွေကို အန်ကယ်တို့ ပြန်ကြည့်ရမှာပါ။ ဒီအတိုင်း အန်ကယ်တို့ objection တင်တိုင်းလည်း ခုံရုံးက လက်ခံနိုင်တာမဟုတ်ပါဘူး။”

ဒီကနေ့ ဒုသမ္မတ ၃ဦးစလုံးကို သမ္မတအရည်အချင်းကိုက်ညီတယ်လို့ သတ်မှတ် လိုက်တာကြောင့် မနက်ဖြန်မှာတော့ သမ္မတကို မဲပေးရွေးချယ် သွားတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ NLD ပါတီက ဦးထင်ကျော်ကို သမ္မတ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေပြီး လူကြိုက်များလျှက်ရှိပါတယ်။

XS
SM
MD
LG