သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနီးသော်ငြား နိုင်ကျဉ်းလွတ်ရေး တောင်းဆိုရဆဲ


ဗကသများအဖွဲ့ချုပ်ဝင်များ၊ အလုပ်သမားများစုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေ တောင်းဆိုဆန္ဒပြစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)
ဗကသများအဖွဲ့ချုပ်ဝင်များ၊ အလုပ်သမားများစုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေ တောင်းဆိုဆန္ဒပြစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)

နိုဝင်ဘာလ (၁) ရက်နေ့က ရွှေပြည်သာ စက်မှုဇုန်နဲ့ တောင်ဒဂုံမြို့နယ်တွေက အလုပ်သမားတွေ၊ ဗကသများအဖွဲ့ချုပ်နဲ့ အခြေခံပညာကျောင်းသားများ သမဂ္ဂ ကျောင်းသားတွေစုပေါင်းပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရေးအတွက် ရန်ကုန်၊ သိမ်ကြီးဈေးရှေ့ကနေ စတင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေသူ ၄ ဦးရှိလာနေပြီး ၁၀ ကြာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းကတော့ ထောင်ဆေးရုံမှာရောက်နေတယ်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးအတွက် အလုပ်သမားနဲ့ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မြို့က သိမ်ကြီးဈေးရှေ့မှာ အာဏာပိုင်တွေက အတားအဆီးတွေ လုပ်နေတဲ့ကြားကပဲ အခုလို ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ ဦးဆောင်မှုမှာပါဝင်တဲ့ အလုပ်သမား ခေါင်းဆောင်တစ်ဦးက အခုလို ပြောပြပါတယ်။

“အခု ရွေးကောက်ပွဲကတော့ စတော့မယ်ပေါ့လေ၊ ဒါပေမယ့် ထောင်ထဲမှာရော၊ တရားစွဲခံထားရတာရော၊ ကျောင်းသားတွေ၊ အလုပ် သမားတွေ၊ လယ်သမားတွေ အများကြီးရှိတယ်လေ။ အခု တရားစွဲထားတဲ့ ….ရှိသလိုပဲ၊ ထောင်ကျခံထားရတဲ့ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေလည်း အများကြီးရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ဆိုပြီးတော့လည်း သာယာဝတီအကျဉ်းထောင်ထဲက ကိုအောင်မှိုင်းဆန်းတို့၊ ကုလသမဂ္ဂခေါင်းဆောင်တွေကလည်း အစာငတ်ခံတိုက်ပွဲဝင်နေတာတွေ ရှိတယ်။ အဲဒီတော့ အခု ကျနော်တို့ အပြင်မှာရှိနေတဲ့ အလုပ်သမားတွေ၊ ကျောင်းသားတွေစုပြီးတော့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ပေါ့။ အဲဒီအတွက်ကို ရည်ရွယ်ချက်နဲ့ ဆန္ဒပြကြတာပါ။ ရဲတပ်ဖွဲ့ဝင်တွေလာပြီးတော့ တားဆီးတာ ရှိတယ်။ ဆန္ဒပြတဲ့ဟာကို ရှေ့က လာပိတ်ပြီးတော့ တားတာဆီးတာရှိတယ်လေ။ …ဒါပေမယ့် ကျနော်တို့ ဦးဆောင်တဲ့လူတွေက တုံ့ပြန်ဖြေရှင်းမနေဘဲနဲ့ ကိုယ့် ဦးတည်ချက်ကိုပဲ ကိုယ်အောင်မြင်အောင် ဆန္ဒပြကြတာပါ။”

လတ်တလောမှာ အဖမ်းအဆီးတွေ မရှိပေမယ့် သတင်းထောက်တွေကြားကနေ ထောက်လှမ်းသတင်းယူသူတွေက မှတ်တမ်းတင်ဓာတ်ပုံတွေ အဆက်မပြတ် ရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ အဖမ်းအဆီးတွေ၊ တရားစွဲဆိုမှုတွေ ရှိလာနိုင်တယ်လို့ သူက ဆက်ပြောသွားပါတယ်။

“ဆန္ဒပြတဲ့အချိန်မှာတော့ သူတို့ လုပ်လို့မရဘူး။ ဒီဘက်က အင်အားကောင်းလို့ပဲဖြစ်ဖြစ်၊ တခြား အကြောင်းတစုံတရာကြောင့်ပဲဖြစ်ဖြစ် ဆန္ဒပြနေတဲ့အချိန်မှာတော့ သူတို့ အရေးမယူဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တရားစွဲတာတို့၊ အမှုဖွင့်တာတို့၊ နောက်ပိုင်းမှာ အဲဒါမျိုးလုပ်လာတာတွေ - ဒီလိုအတွေ့အကြုံမျိုးတွေ ရှိဖူးတယ်လေ။”

သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဗကသခေါင်းဆောင် ကိုအောင်မှိုင်းဆန်းနဲ့ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ အခြေအနေကိုတော့ ဗကသများခေါင်းဆောင် ကိုအောင်နေပိုင်က အခုလို ပြောပါတယ်။

“သာယာဝတီထောင်မှာတော့ ကိုအောင်မှိုင်းဆန်းကစပြီးတော့ အစာငတ်ခံဆန္ဒပြတာပေါ့နော်၊ နောက်ထပ် သုံးယောက်ကလည်း အခု ထပ်ဝင်နေတယ်။ ဒါပေမယ့် ကိုအောင်မှိုင်းဆန်းကတော့ အစောပိုင်းကတည်းက ကျန်းမာရေးအရ အခြေအနေကလည်း ကျနော်တို့အနေနဲ့ နည်းနည်းစိုးရိမ်စရာလည်း ရှိနေတယ်။ ကျနော်တို့သိရသလောက်တော့ အခု ထောင်ဆေးရုံမှာတင်ထားတယ်လို့ ကြားတယ်။ နောက်ထပ် အစာငတ်ခံဆန္ဒဖော်ထုတ်တဲ့သူ (၃) ယောက်ပေါ့နော်၊ (၃) ယောက်မှာ (၂) ယောက်က အစာအိမ်ဖြစ်နေတာ၊ နဂိုရ်ထဲက ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတယ်။ အစာအိမ်ဖြစ်နေပြီးတော့ သူတို့အနေနဲ့ အခုလို အစာငတ်ခံ ဆန္ဒဖော်ထုတ်တာကို ဆက်လုပ်နေတယ်။ အစာငတ်ခံဆန္ဒဖော်ထုတ်တဲ့ တိုက်ပွဲပေါ့နော်၊ တိုက်ပွဲပုံသဏ္ဍန်နဲ့ပတ်သက်ပြီး လာမယ့် အင်္ဂါနေ့ရုံးချိန်းမှ ပြန်ပြီးတော့ ထုတ်ပြန်ကြေညာသွားဖို့ ရှိပါတယ်။ အစာငတ်ခံဆန္ဒဖော်ထုတ်မှုတွေကို ထောက်ခံတဲ့ ဒီလှုပ်ရှားမှုတွေကတော့ နိုင်ငံထဲမှာလည်း ဒီလှုပ်ရှားမှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ၊ ဆုတောင်းမှုတွေ၊ ရွှေဝါရောင်သံဃာတော်တွေရဲ့ ဆုတောင်းပွဲတွေ- ဒါတွေက အဆက်မပြတ်ဖြစ်နေတယ်ပေါ့။ အဲဒီ သူတို့ရဲ့နောက်ဆက်တွဲ လှုပ်ရှားမှုအပေါ်မှာတော့ ကျနော်တို့အနေနဲ့ အားရစရာတွေ နောက်ထပ် လူထုလှုပ်ရှားမှုတွေရော၊ အပြင်မှာတော့ ထောက်ခံတဲ့လှုပ်ရှားမှုတွေကတော့ ဆက်တိုက်ဖြစ်နေတယ်လို့ ကျနော်တို့မြင်တယ်။ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီမိသားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေကလည်း ကိုအောင်မှိုင်းဆန်းတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုမှုကို ကိုအောင်မှိုင်းဆန်းနဲ့တသားတည်းပေါ့နော်…….ကျောင်းသားတွေနဲ့ တသားတည်းရပ်ပြီးတော့ ဒီတောင်းဆိုမှု လှုပ်ရှားမှုတွေကလည်း ဒီကြားထဲမှာ အဆက်မပြတ်ဖြစ်ပေါ်နေတယ်။”

လက်ရှိမှာတော့ ရွေးကောက်ပွဲနီးလာချိန် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အရှိန်မြင့်လာသလို အာဏာပိုင်တွေဘက်ကလည်း ဆန္ဒပြသူတွေကို ဆက်တိုက်ဆိုသလို တရားစွဲဆိုလာခဲ့ပါတယ်။ အခုဆိုရင် ဗကသခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက အစာငတ်ခံ ဆန္ဒပြတာ ၁၀ ရက်ရှိနေပြီဖြစ်သလို တခြား ၃ ဦးကတော့ ဆန္ဒပြနေတာ ၄ ရက်ရှိလာနေပါပြီ။ ဒီလို အစာငတ်ခံ ဆန္ဒပြမှုကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတောင်းဆိုမှုတွေအပေါ် ပြန်ပြီး အာရုံစိုက်လာနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG