သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ဟောင်းတချို့ထုတ်ပယ်ခံရမှုအပေါ် ပြည်ပတုန့်ပြန်


သူရဦးရွှေမန်း
သူရဦးရွှေမန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ခေါင်းဆောင်တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူရ ဦးရွှေမန်းအပါအဝင် တခြား ထိပ်တန်း ပါတီဝင် (၁၇) ဦးကို ပါတီစည်းကမ်း ဖောက်ဖျက်မှုနဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ပါတီကနေ အနားပေးလိုက်ပါတယ်။ ဒါပေမယ့် ပါတီ စည်းကမ်းဖောက်ဖျက်မှုနဲ့ အနားပေးလိုက်တဲ့အထဲ NLD အစိုးရမှာ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတာဝန်ယူထားတဲ့ ဦးသိန်းဆွေမပါတဲ့အတွက် ပါတီစည်းမျဉ်း ဖောက်ဖျက်မှုအရ ထုတ်ပယ်တဲ့ အကြောင်းပြချက်ဟာ တသမတ်ထဲမရှိတဲ့အပေါ် နိုင်ငံရေးအကဲဖြတ်တွေက ဝေဖန် ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ဟောင်း သူရ ဦးရွှေမန်းက သူနဲ့ တခြား ပါတီဝင် (၁၇) ဦးတို့ကို ပါတီက အနားပေးလိုက်ကြောင်း ဧပြီလ ၂၂ ရက်နေ့က အကြောင်းကြားစာ ရခဲ့တယ်လို့ ဧပြီလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ပါတီဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော်သမ္မတဟောင်းလည်းဖြစ်တဲ့ ဦးသိန်းစိန် ဦးဆောင်ပြုလုပ်တဲ့ ပါတီခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲကနေ သူရ ဦးရွှေမန်းနဲ့ အပေါင်းပါတချို့ကို ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ပါတီက ထုတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး နောက်တနေ့မှာပဲ သူရ ဦးရွှေမန်းရဲ့ ကြေညာချက် ထွက်လာတာပါ။

နိုင်ငံရေးပါတီတခုမှာ ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့သူတွေနဲ့ ထိပ်တန်း ပါတီဝင်တွေကို အခုလို စည်းကမ်းဖောက်ဖျက်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ ပါတီကနေ ထုတ်ပစ်တဲ့နေရာမှာ သာသာနာရေးဝန်ကြီးတာဝန်ယူထားတဲ့ သူရ ဦးအောင်ကိုသာပါပြီး အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ မပါတဲ့အတွက် ပါတီရဲ့ လုပ်ထုံး လုပ်နည်းနဲ့ပတ်သက်လို့ တသမတ်ထဲမရှိတဲ့အပေါ် မေးခွန်းထုတ်စရာ ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ဒေါက်တာ တင့်ဆွေ။ “ဒွိဟ အကြီးအကျယ်ဖြစ်စရာ ကောင်းပါတယ်။ သူတို့က အနေအထားချင်းလဲ တူကြတယ်။ သူ့မိခင်ပါတီမှာလဲ ရာထူး တာဝန်ခြင်းက မတိမ်းမယိမ်း၊ ဒီမှာလည်း ဝန်ကြီးဖြစ်လာတယ်။ ဆိုတော့ အရေးယူမှုက တပိုင်းစီ ဖြစ်နေတော့ ပါတီစည်းကမ်းဆိုတာ ပိုပြီးတော့တောင်မှ လူတွေက သိချင်ပြီးတော့ မေးခွန်းထုတ်ချင်ကြတဲ့ အချက်အလက်ကြီး ဖြစ်ပါတယ်။ ပြည်သူ လူထုပေါ့နော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဟုတ်တဲ့လူတွေကလည်း၊ အင်မတန်မှ သိချင်နေတဲ့ ကိစ္စတခု ဖြစ်တယ်။ နိုင်ငံရေးပါတီတွေမှာ အဲဒီလို ထိပ်တန်း ခေါင်းဆောင်ပေါ့၊ ထိပ်တန်းခေါင်းဆောင်တွေကို လူသိရှင်ကြား ထုတ်ရလောက်အောင်၊ ထွက်ခွင့်ပေးရလောက်အောင်တွေ ဖြစ်လာတာဟာ အဲဒီ နိုင်ငံရေးပါတီရဲ့ တည်ဆောက်ထားမှုကို မေးခွန်းထုတ်စရာကတော့ အကြီးအကျယ် ဖြစ်တယ်။”

လက်ရှိ ကြံ့ခိုင်ရေးပါတီတွင်း ဖြစ်ပေါ်နေတဲ့ ပြိုင်မှုတွေနဲ့ ပါတီဝင်တွေကို ထုတ်ပစ်တဲ့ လုပ်ရပ်တွေဟာ သူတို့ပါတီအတွင်းမှာရှိနေတဲ့ ပြောင်းလဲရေးကို မလိုလားတဲ့သူတွေရဲ့ တွန်းအားပေးမှုကြောင့် ဖြစ်နိုင်တယ်လို့ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကတော့ သူရ ဦးရွှေမန်းနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက် တပ်မတော် အကြီးအကဲတွေကြား သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်က မလိုလားတဲ့ သူရ ဦးရွှေမန်းနဲ့ နိုင်ငံရေးအရ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတာကြောင့် အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့ သုံးသပ်ပါတယ်။

အောင်လင်းထဋ်။ “ကိုရွှေမန်းကလည်း တဖြည်းဖြည်းနဲ့ ဒေါ်စုနဲ့လည်း ပိုပြီးတော့မှ သူက Close ဖြစ်လာတဲ့ အပိုင်းလေးတွေ ရှိလာတယ်။ ဟာ… ဒို့ကို သစ္စာဖောက်ပြီဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာကြတယ်။ ကိုရွှေမန်းတို့ အုပ်စုက ရှင်းရှင်းပြောရရင်တော့ သူတို့က Grouping ဖွဲ့ပြီးတော့မှ ရွေးကောက်ပွဲမှာ - ရွေးကောက်ပွဲပြဿနာလဲ ပါတယ်။ ရွေးကောက်ပွဲမှာ စစ်တပ်က လူ ၁၀၀ ကျော်လောက် လွတ်တယ်။ ဒီ ဗိုလ်မှူးကြီးနဲ့ ဗိုလ်ချုပ်အဆင့်တွေကို။ ဒါပေမယ့် ကိုရွှေမန်းက လက်မခံဘူး အားလုံးကို။ အဲဒါကလည်း ပြဿနာတခု ရှိတယ်။ အဲဒီမှာ စပြီးတော့မှာ စစ်တပ်ရယ်၊ ကိုရွှေမန်းရယ် ကွဲတယ်။ သြဂုတ်လမှာ သူတို့က အာဏာသိမ်းတဲ့ သဘောမျိုးနဲ့ ရွှေမန်းကို ဖြုတ်ပစ်လိုက်တယ်။ အခုက ကျနော်ထင်တယ်လေ၊ ဒီ ရခိုင်ဖက်မှာ တိုက်ပွဲတွေ ဖြစ်လာတာတို့၊ ရှမ်းကိုသွားပြီးတော့မှ ခြိမ်းချောက်တာတို့၊ ကချင်ကို ပြန်ဟိုဒင်းဖြစ်တာတို့ ဆိုတဲ့ကိစ္စမှာ ဒီ စစ်တပ်နဲ့ ဒေါ်စုတို့ပိုင်းမှာ ဘယ်လောက် Compromise လုပ်နိုင်မလဲဆိုတဲ့ ဥစ္စာမျိုးမှာ မူတည်တယ်။ အခုဟာကလည်း ဒေါ်စုနဲ့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်နဲ့လည်း အဆင်ပြေတဲ့ အနေအထားမျိုး မရှိလှဘူးဗျ။ အဲဒီတော့ ဦးရွှေမန်းတို့ အဖွဲ့တွေနဲ့ ဒေါ်စုနဲ့ ပေါင်းခြင်းအားဖြင့်တော့ စစ်တပ်နဲ့ ဒီ NLD နဲ့ ရင်ကြားစေ့ရေးဆိုတာကတော့ ဒီ ငါးနှစ်မှာ ဒီအတိုင်းသွားရင်တော့ သိပ်မဖြစ်နိုင်လောက်ဘူးဗျ။”

အခု ကြံ့ခိုင်ရေးပါတီက ထုတ်ပစ်လိုက်တဲ့ (၁၇) ဦးထဲမှာ သူရ ဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် အများစု ပါဝင်နေတဲ့အတွက် ကော်မရှင်အဖွဲ့ဝင်များ၊ အခြားပါတီဝင်များအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ်ဆောင်မှုများသည် တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ယူဆကြောင်း သူရ ဦးရွှေမန်းက သူ့ရဲ့ Facebook လူမှုကွန်ယက်ကတဆင့် ကြေညာချက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မီတီဝင် ဦးဝင်းမြင့်ကတော့ သူရ ဦးရွှေမန်းနဲ့ ထိပ်တန်း ပါတီဝင်တွေကို အခုလို ထုတ်ပစ်တာဟာ ပါတီကို ပြန်အဖတ်ဆယ်တဲ့အနေနဲ့လုပ်သလား၊ ဒါမှမဟုတ် အရင်က ရှိခဲ့တဲ့ ရန်ညိုး ရန်စကို အပြတ်ရှင်းတဲ့သဘောနဲ့ လုပ်သမားဆိုတဲ့ ၂ ချက်ပဲရှိတယ်လို့ ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

သူဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သူရ ဦးရွှေမန်းက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG