သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time Person Of The Year ဂျာမန်ဝန်ကြီးချုပ် Angela Merkel


ဂျာမနီဝန်ကြီးချုပ် Angela Merkel ကို ၂၀၁၅ ခုနှစ်အတွက် "Person of the Year" အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်ပါတယ်။ ဆီးရီးယား ဒုက္ခသည် ပြဿနာ၊ ဂရိနိုင်ငံ ငွေကြေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ သဘောတူညီချက်ရဖို့နဲ့ ဥရောပသမဂ္ဂမှာ ယူရိုငွေ ပြဿနာ တက်နေချိန်အပြင် ယူကရိန်းကို ရုရှားကျူးကျော်မှုလို ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ သူ့ရဲ့ ဦးဆောင်မှုတွေနဲ့ ပတ်သက်ပြီး Time မဂ္ဂဇင်းက အခုလို ရွေးချယ်လိုက်တာပါ။

ဝန်ကြီးချုပ် Merkel ဟာ ဥရောပတလွှား ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရတိုင်း နောက်မဆုတ်ဘဲ ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့တယ်လို့ Time မဂ္ဂဇင်းက ဖော်ပြပါတယ်။ ဒါ့အပြင် ကမ္ဘာ့နေရာ အတော်များများမှာ လုံခြုံရေးနဲ့ လွတ်လပ်မှုကြား ချိန်ခွင်လျှာ ညှိနှိုင်းရေးနဲ့ ပတ်သက်ပြီး အချေအတင် ဖြစ်ခဲ့ရပြီး ဒီလိုကြုံရချိန်တိုင်းမှာ မစ္စ Merkel က ယဉ်ကျေးတဲ့ နိုင်ငံတိုင်းမှာ အရံအတားတွေထက် ပေါင်းကူးတံတားခင်းတာဟာ စစ်မြေပြင် ဝင်တိုက်ချိန်မှာရော ပြန်ဆုတ်ချိန်မှာပါ အောင်ပွဲရနိုင်မှာဖြစ်ကြောင်း ဂျာမနီနိုင်ငံသားတွေနဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေကို သိစေခဲ့တယ်လို့ Time မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတနိုင်ငံမှာ ပြည်သူတွေက ခေါင်းဆောင်ရဲ့ ပြောစကား လက်မခံချင်ဘဲ ဖြစ်နေတဲ့အချိန်မျိုးမှာ ခေါင်းဆောင်ကောင်း တယောက်ရဲ့ အရည်အချင်းကို တိုင်းတာနိုင်ပြီး အခု မစ္စ Merkel က ဒီလိုအချိန်မျိုးမှာ သူ့ရဲ့ ပြတ်သားခိုင်မာတဲ့ သိက္ခာနဲ့ ကမ္ဘာ့အလယ်မှာ ဦးဆောင်ပြခဲ့သူလို့လည်း Time မဂ္ဂဇင်း အယ်ဒီတာ Nancy Gibbs က ဗုဒ္ဓဟူးနေ့ စာစောင်မှာ ရေးသားခဲ့ပါတယ်။

မစ္စမာကဲလ်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် တဦးဖြစ်လာခဲ့ရုံတင်မကပဲ ဥရောပသမဂ္ဂက ထင်ရှားတဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်က အနောက်ဂျာမဏီ Hamburg မှာ မွေးဖွါးခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ပါရဂူဘွဲ့ရခဲ့သူ မစ္စမာကဲလ်ဟာ နိုင်ငံရေး မလုပ်ဆောင်ခင် အရှေ့ဂျာမဏီ သိပ္ပံ အကယ်ဒမီမှာ ၁၉၉၀ အထိ အလုပ်လုပ်ခဲ့သူပါ။ ၁၉၈၉ ခုနှစ် ဘာလင် တံတိုင်းကြီး ဖြိုချခဲ့တဲ့နောက်မှ နိုင်ငံရေးနယ်ပယ်ထဲ ဝင်လာသူ မာကဲလ်ဟာ ခရစ်ယံဒီမိုကရက်တစ် သမဂ္ဂပါတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG