သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းအကြို ဖိလစ်ပိုင် ၅ သိန်း ဘေးကင်းရာရွှေ့


ဖိလစ်ပိုင်အလယ်ပိုင်းကို ဝင်ရောက်နေတဲ့ Hagupit Typhoon အားပြင်းမုန်တိုင်း
ဖိလစ်ပိုင်အလယ်ပိုင်းကို ဝင်ရောက်နေတဲ့ Hagupit Typhoon အားပြင်းမုန်တိုင်း

ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းဖက်ကနေ အင်အားပြင်း Typhoon မုန်တိုင်းကြီး စတင်ဝင်ရောက်နေတာနဲ့အတူ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်နေတဲ့အတွက် ဓာတ်တိုင်တွေကျိုးကျ၊ သစ်ပင်တွေလဲကျခဲ့ပါတယ်။ Leyte ပြည်နယ်နဲ့ အနားက Samar ကျွန်းပေါ်ကမှာလည်း မီးပျက်နေပါတယ်။

ကမ်းရိုးတမ်းဒေသနဲ့ မြေပြိုကျမှုဖြစ်နိုင်တဲ့နေရာတွေကနေ လူပေါင်း ၅ သိန်းလောက် ဘေးကင်းရာမှာ ပြောင်းရွှေ့ ထားရပါတယ်။ လေပြင်းတိုက်နှုန်း တနာရီ မိုင် ၁၂၀ ကျော်လောက်နဲ့ Hagupit Typhoon မုန်တိုင်းဝင်လာမယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ကြိုတင်ခန့်မှန်းထားကြပါတယ်။

Tacloban မြို့အပါအဝင် ပြီးခဲ့တဲ့နှစ်က Haiyan မုန်တိုင်းဒဏ်အကြီးအကျယ်ခံထားရတဲ့ နေရာတွေလည်း အခုမုန်တိုင်းဒဏ် ထပ်ခံရနိုင်တယ်လို့ သတိပေးထားပါတယ်။

နိုင်ငံမှာရှိတဲ့ ပြည်နယ်ပေါင်း ထက်ဝက်လောက် Hagupit မုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သောကြာနေ့က Pacific သမုဒ္ဒရာကို ဖြတ်လာစဉ်မုန်တိုင်းအား နည်းနည်းလျော့သွားခဲ့တဲ့အတွက် Super Typhoon အဆင့်အောက်ကိုတော့ ရောက်သွားပါတယ်။ ဒါပေမဲ့ ဒီနှစ်အတွင်း ဖိလစ်ပိုင်ကိုတိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်မယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကတိုက်သွားတဲ့ Haiyan Typhoon မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ပြည်နယ်တွေမှာ ထောင်နဲ့ချီတဲ့သူတွေဟာ ယာယီတဲတွေနဲ့ နေထိုင်နေကြရဆဲဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ရေကြီးမှုကြောင့် တော်တော်များများ ရွာလုံးကျွတ်ရေလွှမ်းခံခဲ့ရပြီး ၇ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကာကွယ်ရေးအတွက် လိုအပ်သမျှကိုပြင်ဆင်ထားဖို့ အရေးပေါ်စည်းဝေးပွဲမှာ သမ္မတ Benigno Aquino ကတာဝန်ရှိသူတွေကို မှာကြားထားပါတယ်။

XS
SM
MD
LG