သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးရွှေမောင်အယူခံ ထပ်ပယ်ခံရ


ဦးရွှေမောင်
ဦးရွှေမောင်

ရခိုင်ပြည်နယ် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်နဲ့ မညီဘူးဆိုပြီး အပယ်ချခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးကို ဒီကနေ့ စစ်တွေမြို့မှာ ကြားနာစစ်ဆေးအပြီး ထပ်မံ ပယ်ချလိုက်ပါတယ်။ အပယ်ချခံလိုက်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ဆက်ပြီး အယူခံဝင်သွားကြမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးရွှေမောင်ကိုပါ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မညီဘူးဆိုပြီး ပယ်ချခဲ့တဲ့အပေါ် အာဆီယံအမတ်များအဖွဲ့ကလည်း ရှုတ်ချလိုက်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ အမည်စာရင်း တင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ထဲက ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်မှုနဲ့ မပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပယ်ချနေတဲ့အထဲ ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာတော့ ကိုယ်စားလှယ်လောင်း (၁၉) ဦးကို မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့တာပါ။ ဒီကိုယ်စားလှယ်လောင်း (၁၉) ဦးကို ဘာကြောင့် ပယ်ချခဲ့သလဲဆိုတာကို မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးထွန်းဝင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“လက်ရှိ မောင်တောခရိုင်ထဲမှာ (၁၉) ဦးပါခင်ဗျ။ အဓိကတော့ ကျနော်တို့ ပုဒ်မအနေနဲ့ ပြောရင်တော့ ၁၀ (င) တို့၊ ၈ (က) တို့ပေါ့ မွေးဖွားချိန်မှာ မိဘတပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ၊ နိုင်ငံသားမဖြစ်သေးတဲ့ ကိစ္စပေါ့။”

သြဂုတ်လ ၁၈ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ ပယ်ချခံရသူ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပယ်ချတယ်လို့ ကော်မရှင်က အကြောင်းကြားစာ လက်ခံရရှိတဲ့ နေ့ကစလို့ ခုနှစ်ရက်အတွင်း အယူခံဝင်ခွင့် ရှိပါတယ်။

အဲ့ဒီအတွက် မောင်တောခရိုင်အတွင်း အပယ်ချခံရသူတွေထဲက ကိုယ်စားလှယ်လောင်း နှစ်ဦးကို ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကြားနာမှုလုပ်ခဲ့တဲ့ အကြောင်း မောင်တောခရိုင်ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ အရင်ဦးဆုံး ပယ်ထားတဲ့ နှစ်ယောက်ဖြစ်ပါတယ်ခင်ဗျ။ ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင်ပါခင်ဗျ။ ကျနော်တို့ အခု ခရိုင်ကနေ ပယ်ချလိုက်တဲ့သူဆိုရင် ပြည်နယ်မှာ စ အယူခံဝင်ပါတယ်ခင်ဗျ။ ပြည်နယ်ကနေ ပယ်ချလိုက်တယ်ဆိုရင်တော့ ဆက်ပြီး အယူခံဝင်လို့ မရတော့ပါဘူး။ ”

ဒီကနေ့ စစ်တွေမြို့မှာ ကော်မရှင်ရုံးမှာ သွားရောက်ကြားနာခဲ့သူနှစ်ဦးဖြစ်တဲ့ ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင်တို့နှစ်ဦးကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဘက်က ထပ်မံပြီးတော့ ပယ်ချခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းတွေဘက်က စစ်ဆေးခံဖို့ လုံလောက်တဲ့ သက်သေတွေ ယူလာပါလျက်နဲ့ တဘက်သတ် ဆုံးဖြတ်လိုက်တာမို့ ဒါဟာ တရားမျှတမှုရှိတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကိုယ်တိုင်သွားရောက် အစစ်ဆေးခံခဲ့တဲ့ ဦးရွှေမောင်ကပြောပါတယ်။

“ကျနော်နဲ့ ဒေါ်ခင်ခင်လွင်က ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို ကြားနာပွဲ တက်ရောက်ဖို့ သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကိုရောက်တဲ့အခါကျတော့ ကျနော်တို့က ထင်ထားတဲ့ ကြားနာပွဲမဟုတ်ဘဲနဲ့ ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင်တို့ရဲ့ အယူခံလွှာတွေကို ပယ်ချလိုက်ပါသည် ဆိုပြီးတော့မှ တိုတိုတုတ်တုတ် ပြောပြီးတော့မှ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျနော်ကတော့ ပြန်ပြီးမှ ပြောခဲ့ပါတယ်။ မဟုတ်ဘူး ကျနော့်မှာ အထောက်အထားတွေ အများကြီးပါလာတယ်။ ကျနော့်ရဲ့ မိဘဘိုးဘား အထောက်အထားတွေ ပါလာတယ် အများကြီး။ ဒါကို ကျနော့်ကို ရှင်းလင်းခွင့်၊ တင်ပြခွင့်ပြုပါ။ ဒါမှ ဆုံးဖြတ်လို့ရမယ်။ မဟုတ်ပါဘူးတဲ့ မကြည့်တော့ပါဘူးတဲ့။ ကြည့်စရာမလိုဘူးတဲ့ ကျနော်တို့ ဆုံးဖြတ်ပြီးပါပြီတဲ့။ ဆိုတော့ ဒီဟာက ဘာလဲဆိုတော့ ကြားနာပွဲပုံစံ မဟုတ်ဘဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ ပုံစံအတိုင်း အန်ကယ်လ့်နဲ့ ဒေါ်ခင်ခင်လွင်ရဲ့ အယူခံလွှာတွေကို သူတို့က တချက်လွတ် ပယ်ချလိုက်တဲ့ သဘောပဲ။ ကျနော်တို့ နိုင်ငံတော်ရဲ့ ရုံးတော်တခုက တရားစီရင်ရေး ကြားနာပွဲ မဟုတ်ဘဲနဲ့နော် ဒါ ဘယ်လိုပြောရမလဲ ဗိုလ်ကျစိုးမိုးမှုပုံစံလို့ပဲ ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ လျှောက်လဲချက်၊ နောက်တခါ ရှင်းလင်းချက်၊ ရှင်းပြချက်၊ နောက်တခါ အထောက်အထား စုံစုံလင်လင် တင်ပြခွင့်ကို ပိတ်ပင်ပြီးတော့ တဘက်သတ် ဆုံးဖြတ်တဲ့အတွက် ဒါ မတရားသော ဆုံးဖြတ်ချက်တခုပဲလို့ အန်ကယ်လ်က အဲလိုပဲ သုံးသပ်ပါတယ်။ ကျနော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အယူခံဝင်သွားမှာပါ။”

ဦးရွှေမောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ အရွေးချယ် ခံထားရသူဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ တသီးပုဂ္ဂလအဖြစ်နဲ့ ဝင်ရေက် အရွေးခံဖို့ ဦးရွှေမောင်က လျှောက်ထားခဲ့တာပါ။ သူ့ကို မြန်မာနိုင်ငံသား မိဘ ၂ ဦးကနေ မွေးဖွားသူ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁ဝ)(ဂ) အပိုဒ် (င) အရ ရွေးချယ်ခံ ပိုင်ခွင့်မရှိဘူးဆိုပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတဦးက တိုင်ကြားခဲ့တဲ့နောက် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်မှုနဲ့မညီဘူးဆိုပြီး ပယ်ချခဲ့တာပါ။

အခုလို လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူထားတဲ့ ဦးရွှေမောင်ကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခဲ့တဲ့အပေါ် ဒီကြားနာစစ်ဆေးမှုဟာ ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်သာဖြစ်တယ်လို့ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ဆိုရင် ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီး ဒီမိုကရေစီစံနှုန်းနဲ့ညီဖို့ လိုတဲ့အတွက် မျတတဲ့ ဆုံးဖြတ်ချက်တွေကို အာဆီယံလွှတ်တော်အမတ်များအဖွဲ့က တောင်းဆိုထားပါတယ်။

XS
SM
MD
LG