သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ဆွေးနွေးဖို့ ယူကရိန်း ခွဲထွက်ရေး ကမ်းလှမ်း


ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေ ကျည်ထိမှန်ပျက်စီးသွားတဲ့ကားကို ပြင်ဆင်ရန် ကြိုးပမ်းနေကြစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၄)
ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေ ကျည်ထိမှန်ပျက်စီးသွားတဲ့ကားကို ပြင်ဆင်ရန် ကြိုးပမ်းနေကြစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၄)

Belarus ရဲ့ မြို့တော် Minsk မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အပစ်ခတ်ရပ်စဲရေးနဲ့ အကျဉ်းသား အပြန်အလှန်လဲလှယ်ရေး ကိစ္စတွေဆွေးနွေးဖို့ သူ့ဘက်က အဆင်သင့်ရှိကြောင်း ယူကရိန်း ခွဲထွက်ရေးသူပုန်ခေါင်းဆောင် Andrei Purgin က ပြောဆိုလိုက်ပါတယ်။

ပထမအကြိမ်ဆွေးနွေးပွဲကတော့ သိသာတဲ့ တိုးတက်မှု တစုံတရာမရရှိဘဲ တနင်္လာနေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေရဲ့ ခေါင်းဆောင်လည်းဖြစ်၊ Republic in Donetsk လို့ ကိုယ့်သဘောနဲ့ကိုယ် ကြေညာထားတဲ့ အဖွဲ့ခေါင်းဆောင် Purgin က သူတို့ကို ပိုမိုလွတ်လပ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမယ်ဆိုရင် ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်းတခုအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းအစိုးရဘက်ကတော့ တရားဝင် ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

တနင်္လာနေ့ စောစောပိုင်းတုန်းကတော့ ယူကရိန်းသမ္မတ Petro Poroshenko က ရုရှားက သူ့နိုင်ငံအတွင်း ဝင်ရောက်ပြီး ဗြောင်ကျူးကျော်တဲ့ အပြုအမူတွေ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ယူကရိန်းနိုင်ငံအတွင်းမှာ ရုရှားစစ်သား တထောင်ထက်မနည်း ရောက်ရှိနေတယ်လို့ NATO အဖွဲ့က ပြောပါတယ်။ ရုရှားကတော့ သူ့စစ်သားတွေ ယူကရိန်းနယ်မြေအတွင်းမှာ မရှိပါဘူးလို့ ငြင်းဆိုနေပါတယ်။

တချိန်တည်းမှာပဲ NATO အဖွဲ့က ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော် ရန်လိုတိုက်ခိုက်လာရင် အဆင်သင့် လျှင်လျှင်မြန်မြန် တုံ့ပြန်နိုင်တဲ့ တပ်ဖွဲ့ ဖွဲ့စည်းမယ်လို့ NATO အထွေထွေအတွင်းရေးမှူး Anders Fogh Rasmussen က ပြောပါတယ်။ အဲဒီတပ်ဖွဲ့မှာ ထောင်ပေါင်းများစွာရှိတဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်မှာ ဖြစ်ပြီး အမိန့်ပေးလိုက်ရင် အချိန်တိုကာလအတွင်း လိုအပ်တဲ့နေရာကို အရောက်သွားနိုင်ရမယ်လို့ Rasmussen က Brussels မြို့မှာ တနင်္လာနေ့က ပြောဆိုပါတယ်။

သူတို့မှာ လေကြောင်း၊ ရေကြောင်းနဲ့ အထူးတပ်ဖွဲ့ဝင်တွေရဲ့ အထောက်အပံ့တွေ ရရှိမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ အစီအစဉ် အသေးစိတ်ကို အခု သီတင်းပတ်ကုန် Wales မှာ ပြုလုပ်မယ့် NATO ထိပ်သီးညီလာခံမှာ ချပြမယ်လို့လည်း ပြောဆိုပါတယ်။

XS
SM
MD
LG