သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အပစ်ရပ်ရေး ချိုးဖောက်တဲ့ ရုရှား ကန်သတိပေး


ရုရှားနဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း Belarus နိုင်ငံ Minsk မြို့မှာ ရရှိခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာခြင်းမရှိဘူးဆိုတာ သိသာ ပေါ်လွင်နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

သူတို့အနေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့်ကိစ္စတွေကို အသေအချာ စဉ်းစားချင့်ချိန်ပြီးမှ လုပ်ဆောင်သင့်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Josh Ernest က သတင်းထောက်တွေကို ပြောပါတယ်။ ယူကရိန်းပြဿနာပြေလည်ရေးဟာ စားပွဲဝိုင်းမှာ တွေ့ဆုံ ညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းပဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

ခွဲထွက်ရေးသမားတွေ ခြေကုတ်ယူထားတဲ့ Luhansk နဲ့ Donetsk ဒေသတွေကို ရထားနဲ့ ဆက်သွယ်ပေးထားတဲ့ အဓိက အချက်အခြာမြို့ဖြစ်တဲ့ Debeltseve မြို့ကို ခွဲထွက်ရေး သူပုန်အဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး ယူကရိန်းသမ္မတ Petro Poroshenko ကလည်း အဲဒီမြို့က သူတို့တပ်ဖွဲ့တွေ အမြန်ဆုတ်ခွာကြဖို့ အမိန့်ပေးအပြီးမှာ အိမ်ဖြူတော်က အခုလို ပြောလိုက်တာပါ။

သူပုန်အဖွဲ့တွေက ရာနဲ့ချီတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးလိုက်ပြီး အဖမ်းမခံတဲ့သူတွေကိုလည်း စားနပ်ရိက္ခာနဲ့ ရေအပါအဝင် ထောက်ပံ့ရေး ပစ္စည်းတွေ ပြတ်တောက်သွားအောင် မြို့ကို ဝိုင်းထားခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG