သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကိစ္စ ICC တင်ဖို့ ကုလဆုံးဖြတ်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် မြောက်ကိုရီးယား ကို နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက မနေ့က ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။ မဖြစ်မနေလိုက်နာစရာ မလိုတဲ့ ဒီဆုံးဖြတ်ချက်က မြောက်ကိုရီးယားရဲ့ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြောက်ကိုရီးယားကို ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးကို လွှဲပြောင်းပေးဖို့အတွက် လုံခြုံရေးကောင်စီကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို လုံခြုံရေးကောင်စီမှာ လာမယ့်တနင်္လာနေ့ကျရင် ဆွေးနွေးကြမှာဖြစ်ပေမဲ့ မြောက်ကိုရီးယားကို နိုင်ငံတကာ ပြစ်မှုဆိုင်တရာ တရားရုံးကို လွှဲပြောင်းဖို့ ကိစ္စကတော့ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် တရုတ်နိုင်ငံက ဗီတိုအာဏာသုံး ပယ်ချနိုင်ဖွယ် ရှိနေတာကြောင့် ဖြစ်နိုင်ဖွယ် သိပ်မရှိလှပါဘူး။

ဒါပေမဲ့လည်း လုံခြုံရေးကောင်စီကို ခုလို တိုက်တွန်းခြင်း အားဖြင့် မြောက်ကိုရီးယား ရဲ့ ချိုးဖောက်မှုတွေကို ပိုပြီး ထင်ရှားအောင် ဖော်ပြရာကျသလို၊ တရုတ်အစိုးရ အပေါ် ပြင်းထန်တဲ့ နိုင်ငံရေးဖိအား ပေးရာလည်း ကျပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုသံအမတ်ကြီး An Myong Hun ကတော့ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား က ပယ်ချကြောင်းနဲ့ ဒါဟာ နိုင်ငံရေး လုပ်ကြံမှု၊ ပဋိပက္ခဖြစ်အောင်လုပ်ဆောင်မှုလို့ ပြောဆိုလိုက်ပါတယ်။

အခုချမှတ်တဲ့ ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေ မြောက်ကိုရီးယားနိုင်ငံတွင်း စနစ်တကျ ဖမ်းဆီးသတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပမ်းမှု၊ အတင်းအဓမ္မပြုကျင့်မှုနဲ့ လူတွေ အများအပြားကို အစာရေစာ ငတ်ပြတ်အောင် လုပ်ဆောင်မှုတွေ ဆယ်စုနှစ်တွေနဲ့ချီ ရှိနေတာနဲ့ ပတ်သက်လို့ အသေးစိတ်ဖော်ပြထားတဲ့ အစီရင်ခံစာအပေါ်မှာ အခြေခံတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ခေတ်သစ်ကမ္ဘာကြီးမှာ ဘယ်လိုမှ လက်မခံနိုင်စရာမရှိတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ ဒီ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

XS
SM
MD
LG