သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလမ်းမှန်ပေါ် အမြန်ပြန်ရောက်ရေး ကုလတိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ လမ်းလွဲနေပြီး လမ်းမှန်ပေါ် ပြန်ရောက်ဖို့ အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က ဗုဒ္ဓဟူးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။ အခုနှစ်ဟာ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရေရှည်တည်တံ့မယ့် အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်တွေအတွက် အရေးပါတဲ့နှစ် ဖြစ်တယ်လို့ သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပေါ် ကန့်သတ် ချုပ်ခြယ်လာတာ၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာ၊ တရုတ်-မြန်မာ နယ်စပ်မှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာတွေ စတဲ့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးအစီအစဉ်ဟာ လမ်းလွဲတဲ့ဘက်ကို ဦးတည်နေကြောင်း OHCHR - ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဗုဒ္ဓဟူးနေ့ ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အဲဒီ ကြေငြာချက်ပါ အကြောင်းအရာတွေကိုတော့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ထည့်သွင်း ပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ လမ်းလွဲတဲ့ဘက်ကို ဦးတည်သွားနေတဲ့အတွက် လမ်းမှန်ပေါ်ရောက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးက သတိပေး ပြောကြားလိုက်ပါတယ်။”

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း အကောင်အထည်ဖော်လာတဲ့ ဘက်စုံ ပြုပြင် ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက အစဉ်တစိုက် ချီးကျူး ပြောဆိုခဲ့ကြတာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ တခြားနိုင်ငံတွေအတွက် နမူနာ ယူသင့်တယ်ဆိုပြီး တင်စား ပြောဆိုခဲ့ကြတာပါ။

ဒါပေမဲ့ မကြာခင်က တိုင်းပြည်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးပြောတာကို Stéphane Dujarric က သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အသွင်ကူးပြောင်းရေး အစီအစဉ်တွေဟာ အာမခံချက်ရှိပြီး မျှော်လင့်ချက် အပြည့်ပါရှိတဲ့ ပြုပြင်ပြောင်းလဲမှုအဖြစ် နိုင်ငံတကာက ရှုမြင်သုံးသပ်ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လွတ်လပ်စွာ ပြောဆိုမှုတွေနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တွေအပေါ် ကန့်သတ် ချုပ်ခြယ်မှုတွေကြောင့် ပြုပြင်ပြောင်းလဲရေး ဘယ်ကို ဦးတည်သွားနေသလဲ ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပြီး နောက်ကြောင်း ပြန်လှည့်မလားဆိုတဲ့ ခြိမ်းချောက်မှုမျိုးပါ တွေ့နေရပါတယ်။”

အဲဒီလို အလားတူ အဖြစ်အပျက်တွေ များစွာ ဖြစ်ခဲ့တဲ့အထဲက မိကျောင်းကန်အရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တာ၊ တားမြစ်နယ်မြေထဲ ကျူးကျော် ဝင်ရောက်မှု၊ နိုင်ငံတော်လျှို့ဝှက်မှု ပေါက်ကြားအောင် လုပ်ဆောင်မှု စတဲ့ စွဲချက်တွေနဲ့ သတင်းထောက် ၁၀ ဦးကို မနှစ်က ထောင်ဒဏ်နှစ်ရှည် အပြစ်ပေးလိုက်တာတွေလည်း ပါဝင်တယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တဦးဖြစ်သူ ဦးထင်လင်းဦးဟာလည်း ဗုဒ္ဓဘာသာ အစွန်းရောက်တွေအကြောင်း ပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီး ထိန်းခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေး ဥပဒေအရ ထုတ်ပြန်ထားပြီး တိုင်းရင်းသား လူနည်းစုတွေ အများစု ကိုင်ဆောင်ထားတဲ့ White Card တွေအားလုံး မတ်လကုန်ပိုင်းမှာ သက်တမ်း ကုန်ဆုံးတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အသိပေးချက် ထုတ်ပြန်ခဲ့တဲ့ ကိစ္စဟာ မြန်မာနိုင်ငံအတွင်းက လူနည်းစုတစုဖြစ်တဲ့ ရိုဟင်ဂျာ မူဆလင်တွေအနေနဲ့ လူထုဆန္ဒခံယူပွဲနဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်မရအောင် ရည်ရွယ် လုပ်ဆောင်သလို ဖြစ်နေတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မကြာခင် ပြုလုပ်ဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲမှာ အဲဒီ White Card ကိုင်ဆောင်ထားသူတွေ မဲပေးတာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီကြောင်း ဖွဲ့စည်းပုံခုံရုံးက ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဆုံးဖြတ်ချက် ချခဲ့တာကိုလည်း ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်နှစ် ဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီတချို့က အဲဒီလို ဘာသာရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ မဲဆွယ် စည်းရုံးမှုတွေ လုပ်ဆောင်နိုင်ကြောင်း၊ ကမ္ဘာတလွှား ဘာသာရေး အစွန်းရောက်တွေက အကြမ်းဖက် ဆူပူမှုတွေ လုပ်ဆောင်နေတဲ့ အချိန်မှာ ဘာသာရေးနဲ့ ငြိစွန်းစေမယ့် ပြောဆို လုပ်ဆောင်မှုတွေကို သတိထား ရှောင်ရှားသင့်ကြောင်း၊ ဒီမိုကရက်တစ် မြန်မာနိုင်ငံသစ်ကို မတူကွဲပြားမှုတွေရဲ့ အင်အားတွေ စုစည်းပြီး တည်ဆောက်သင့်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီ ဒေသမှာ စစ်အုပ်ချုပ်ရေး အရေးပေါ် အခြေအနေ ရက် ၉၀ သတ်မှတ်လိုက်တာနဲ့ သီတင်းပတ် တစ်ပတ်အတွင်းမှာတင် ကြက်ခြေနီအလံတင်ထားတဲ့ ယာဉ်တန်း ၂ ကြိမ် တိုက်ခိုက်ခံလိုက်ရတာတွေဟာ စိုးရိမ်စရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေ တဖြည်းဖြည်း ကြီးထွားပျံ့နှံ့လာရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတွက် ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်နဲ့ ရင်ဆိုင်ရနိုင်တာကြောင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေကို အကာကွယ် ပေးနိုင်အောင် သက်ဆိုင်သူ အားလုံးက ဆွေးနွေးပွဲမှာ ညှိနှိုင်း အဖြေရှာကြဖို့ သူ့အနေနဲ့ တိုက်တွန်းကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG