သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် အတိုင်ပင်ခံ အတွက် ဝန်ကြီးဌာနသစ် ဖွဲ့စည်းမည်


ပြည်ထောင်စုလွှတ်တော် မေလ (၅)ရက်နေ့ အစည်းအဝေး ၂၀၁၆ခုနှစ်။
ပြည်ထောင်စုလွှတ်တော် မေလ (၅)ရက်နေ့ အစည်းအဝေး ၂၀၁၆ခုနှစ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အတွက် ဝန်ကြီးဌာနသစ်တခု ထပ်မံဖွဲ့စည်းဖို့ရှိနေပြီး၊ ဒီဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး နဲ့ တရားဥပဒေ စိုးမိုးရေး စတဲ့လုပ်ငန်းတွေကို ဆက်စပ် လုပ်ဆောင်နိုင်ဖို့အတွက် ဝန်ကြီးဌာနသစ် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ နိုင်ငံတော် သမ္မတဦးထင်ကျော်က လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက သမ္မတ ဦးထင်ကျော်ပေးပို့တဲ့ ဝန်ကြီးဌာန အသစ် ဖွဲ့စည်းဖို့ ပေးပို့တဲ့ သဝဏ်လွှာကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော် မှာ ဖတ်ကြားခဲ့ပါတယ်။ သမ္မတ ဦးထင်ကျော်လက်ထက်မှာ အခု ထပ်မံ ဖွဲ့စည်းဖို့ တင်ပြလာတဲ့ ဝန်ကြီးဌာန အပါအဝင်ဆိုရင် ဝန်ကြီးဌာန ၂၂ ခု ရှိလာ မှာ ဖြစ်ပါတယ်။

" အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး နဲ့ တရားဥပဒေ စိုးမိုးရေး စတဲ့ လုပ်ငန်းစဉ်များ၊ ပိုမိုထိရောက်ပြီး အောင်မြင်မှု ရရှိနိုင်ရေး အတွက် လုပ်ငန်းတာဝန်များအား ဆက်စပ်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနတခု လိုအပ်လျက် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ရယူပေးနိုင်ပါရန် နိုင်ငံတော်သမ္မတထံမှာ သဝဏ်လွှာပေးပို့ထားပါတယ်။"

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက သမ္မတ ဦးထင်ကျော်ပေးပို့တဲ့ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းဖို့ပေးပို့တဲ့ သဝဏ်လွှာကို အခုလို ဖတ်ကြားခဲ့တာပါ။

လက်ရှိမှာ ဒီအသစ်ဖွဲ့တဲ့ ဝန်ကြီးဌာနကို လာမယ့် မေ ၉ရက်နေ့ကျမှသာ လွှတ်တော် ဆုံးဖြတ်ရယူ အတည်ပြုမှာဖြစ်ပါတယ်။ ဒီလိုအတည်ပြုပြီးမှသာ ဝန်ကြီးဌာနရဲ့ ဝန်ကြီး ကို တရားဝင် ထုတ်ပြန်ပြီး လွှတ်တော်အဆုံးဖြတ် ရယူ အတည်ပြုမှာပါ။ ဒီလို လုပ်ငန်းစဉ်တွေ လုပ်ရဦးမှာဖြစ်ပေမယ့် လတ်တလောမှာတော့ မကြာသေးခင်ကမှ ငြိမ်းချမ်းရေး အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တာဝန်ပေးအပ်ခံ ထားရတဲ့ ဒေါက်တာ တင်မျိုးဝင်းကို အခုအသစ်ဖွဲ့မယ့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီးအနေနဲ့ ခန့်အပ်မယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ကာယကံရှင်ကတော့ အတည်ပြုပေးခြင်းမရှိသေးဘဲ ဒီဝန်ကြီးဌာနကို လက်ခံဖို့ ဆက်သွယ်လာခြင်း မရှိသေးဘူးလို့ ဗွီအိုအေ မေးမြန်းမှု ကို ပြန်ဖြေကြားပါ တယ်။

ဒေါက်တာတင်မျိုးဝင်းကို ခန့်အပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အပေါ် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့

" အခုတော့ ကျနော်တို့ ခန့်အပ်လိုက်ပြီဆိုတော့ ဝန်ကြီးဌာနက ၉ရက်နေ့ မှ စာရင်းပေးမှာလေ။ ဝန်ကြီးဌာန အသစ်က အဲ့တာပြီးရင် အဲ့မှာ ဝန်ကြီးခန့်မယ်ဆိုရင်လည်း အဲ့ဒီ့မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးမယ့် ပုဂ္ဂိုလ်ကို လွှတ်တော်ရဲ့ အတည်ပြုချက် ယူရဦးမယ်။"

ဒေါက်တာ တင်မျိုးဝင်း ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဖြစ်ပြီး ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဖြစ်သလို NLD ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ၊ ကရုဏာလရိပ်အဖွဲ့ ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာ ကော်မတီ အဖွဲ့ဝင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်၊ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံ ခွဲစိတ်ကုဌာန တာဝန်ခံ ဆရာဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန် ဆေးရုံကြီး အဆင့်မြင့်ရေး ကော်မတီမှာလည်း ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ခံ အဖြစ် တာဝန်ယူထားသူပါ။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေးအတွက် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့အတွက် တာဝန်ယူထားရတဲ့ ND ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် တဦး လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ နီးစပ်မှုရှိပြီး ယုံကြည်စိတ်ချမှု လည်း ခံရသူ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ဦးထင်ကျော်ကို NLD ပါတီက ရွေးချယ် မတင်မြှောက်ခင်မှာ NLD ပါတီကတင်မယ့် သမ္မတလောင်းဖြစ်တယ်လို့လည်း နာမည် ကျော်ကြားခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနတခုကို ဖွဲ့စည်းဖို့ သမ္မတတင်ပြမှုအပေါ် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ခုလို သုံးသပ်ပါတယ်။

"ဝန်ကြီးဌာန မထားပဲ လုပ်ရင်ရော ဘာများအခက်အခဲရှိမှာလဲပေါ့နော်။ အဲ့သလိုလုပ်လိုက်တဲ့အတွက် ဝန်ကြီးတွေ ပေါ်လာမယ်။ ဝန်ထမ်းတွေ ဖွဲ့လာရမယ်။ ဒါက ဥပဒေအရ ငါးနှစ်သက်တမ်းအတွက်ပဲဖြစ်တော့ နောက်ပိုင်းမှာရော အဆီအငေါ် တည့်ပါ့မလားပေါ့။ အဲ့တာတွေ အမျိုးမျိုး ကျနော်တို့ စဉ်းစားကြည့်ပါတယ်။ ကောင်းတယ်။ မကောင်းတယ် မဝေဖန်လိုပါဘူး။ ဒါပေမဲ့ ပုဂ္ဂိုလ်တယောက်မှာ တာဝန်တွေ သိပ်များလာပြီးတော့ ဝန်ကြီးဌာန တခုတိုးခြင်းအားဖြင့် ဘာများထူးလာမလဲ။"

လက်ရှိ သမ္မတ ဦးထင်ကျော်လက်ထက်မှာ အသစ်ဖွဲ့စည်းခဲ့တဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနပြီးရင် အခုအသစ်ထပ်ဖွဲ့ဖို့ တင်ပြထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဟာ ဒုတိယမြောက် အသစ်ဖွဲ့တဲ့ ဝန်ကြီးဌာန တခုဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနဟာ သက်တမ်းအားဖြင့် ငါးနှစ်သက်တမ်းသာရှိမှာဖြစ်ပါတယ်။

XS
SM
MD
LG