သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်ခိုက်ခံရတဲ့ ကန်သံအမတ်ကြီး အခြေအနေကောင်းမွန်


 တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mark Lippert။
တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mark Lippert။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ မျက်နှာနဲ့ လက်ကောက်ဝတ်တွေကို ဓားနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အမေရိကန် သံအမတ်ကြီးက သူဟာ ကျန်းမာရေး ကောင်း မွန်နေပြီး ၊ စိတ်ဓာတ်ခိုင်ခိုင်မာမာ ရှိနေတဲ့အကြောင်း ဒီကနေ့မှာပဲ ပြောဆို လိုက်ပါတယ်။ သူ့ကိုအားပေးကြသူ အများအပြား ကို တွေ့ရတဲ့အတွက် သူနဲ့သူ့မိသားစု အနေနဲ့ အကြီးအကျယ် စိတ်ချမ်းသာခဲ့ရသလို၊ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးတွေ တိုးတက်စေဖို့ မကြာခင်ပြန်လည် တာဝန်ထမ်းဆောင်မှာ ဖြစ်တဲ့အကြောင်း ဆေးရုံမှာ ကုသမှုခံယူနေတဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mark Lippert က Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။

သံအမတ်ကြီးကိုတော့ မနက်စာစားပွဲတခုကို တက်ရောက်နေချိန် တိုက်ခိုက်ခံခဲ့ရတာ လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ အသက် ၅၅ နှစ်အရွယ် Kim Ki-Jong ဖြစ်ပြီး ၁၀ လက္မလောက် အရှည်ရှိတဲ့ ဓားတချောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း နောက်ပိုင်းမှာ ပြောဆိုခဲ့တာပါ။ တိုက်ခိုက်သူဟာ တောင်နဲ့မြောက် ကိုရီးယား ပြန်လည်ပေါင်းစည်းသင့် တယ်လို့ အော်ဟစ်ခဲ့တယ်လို့လည်း ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။

ရန်ဖက်တွေအဖြစ် ကွဲကွာနေကြတဲ့ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြား နယ်စပ်ဒေသဟာဆိုရင် ကမ္ဘာပေါ်မှာ လုံခြုံရေး အထူထပ်ဆုံး နေရာတခုပါ။ အမေရိကန်ကတော့ မြောက်ကိုရီးယားရဲ့ ရန်ကိုကာကွယ်ဖို့ တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈,၅၀၀ စေလွှတ်ထားပြီး၊ တချို့တောင်ကိုရီးယား နိုင်ငံသားတွေကတော့ အမေရိကန် ရှိနေတဲ့အတွက် ၂ နိုင်ငံ ပေါင်းစည်းရေး အခက်အခဲ ရှိနေတယ် လို့ မြင်ကြပါတယ်။ တောင်ကိုရီးယားသမ္မတ Park Geun-hye ကတော့ အခုအဖြစ်အပျက် ဟာ တောင်ကိုရီးယား၊ အမေရိကန် မဟာမိတ် ညီညွတ်ရေးကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG