သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှင်းမုန်တိုင်း အတွက် မြို့တော်ဒီစီ တဝိုက် ပြင်ဆင်


မြို့တော် ဝါရှင်တန်ဒီစီက အိမ်ဖြူတော်ရှေ့ နှင်းရှင်းနေစဉ်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)
မြို့တော် ဝါရှင်တန်ဒီစီက အိမ်ဖြူတော်ရှေ့ နှင်းရှင်းနေစဉ်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)

ဗွီအိုအေ အမေရိကန်အသံ VOA ရုံးချုပ်ရှိရာ ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ ဒီကနေ့ သောကြာနေ့ စံချိန်ချိုးလောက်အောင် နှင်းမုန်တိုင်း ကျရောက်ပြီး ရာသီဥတု ဆိုးရွားမယ့် အန္တရာယ်ရှိနေပါတယ်။ သောကြာနေ့ နေ့လည်ပိုင်းကနေ တနင်္ဂနွေနေ့အထိ ကျမယ့်နှင်းတွေဟာ ဝါရှင်တန်ဒီစီ မြို့တော်မှာ ၂ ပေလောက်အထိ ရှိလိမ့်မယ် လို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပါတယ်။

လေပြင်းတိုက်ခတ်တဲ့ အန္တရာယ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမယ့် အန္တရာယ်တွေလည်း ရှိနေပါတယ်။ မုန်တိုင်းမဝင်ခင်မှာပဲ ဝါရှင်တန်ဒီစီ မြို့တော်ဝန် Muriel Bowser က သောကြာနေ့ကစပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့သလို၊ ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ အစိုးရရုံးတွေဟာလည်း မွန်းလွဲပိုင်းမှာ နေ့တဝက်ပိတ်မှာပါ။

ဝါရှင်တန်ဒီစီက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း မလုပ်စဖူး အာဏာပိုင်တွေက ပိတ်ဖို့စီစဉ်နေပါတယ်။ နိုင်ငံ အနှံ့က လေယာဉ် ခရီးစဉ်ပေါင်း ၄၅၀၀ ကျော်ကိုလည်း ဖျက်ခဲ့ရပါတယ်။ နှင်းမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံရနိုင်သလို၊ ဒေသခံတွေ အနေနဲ့ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ စုဆောင်းထားဖိုလည်း အာဏာပိုင်တွေက တိုက်တွန်းထားတာပါ။

ဝါရှင်တန်နဲ့ ကပ်လျက်ရှိနေတဲ့ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာလည်း အရေးပေါ်အခြေအနေ ကြေညာခဲ့သလို၊ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Terry McAuliffe ကလည်း မုန်တိုင်းအန္တရာယ်ကို လူထုအနေနဲ့ အလေးအနက် သတိထားဖို့ နှိုးဆော်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို အမေရိကန် အရှေ့ဖက်ခြမ်းက လူပေါင်းသန်းနဲ့ချီ ရင်ဆိုင်ရလိမ့်မယ်လို့လည်း အမေရိကန် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG