သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ferguson ဆူပူမှုကြောင့် အရံတပ် ၃ ဆတိုးချ


လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ဆယ်ကျော်သက် လူမည်း Michael Brown ကို ပစ်သတ်ခဲ့တဲ့ လူဖြူ ရဲအရာရှိကို တရားမစွဲဖို့ ကြားနာစစ်ဆေးတဲ့ ဂျူရီလူကြီးအဖွဲ့က ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက် ဆူပူမှုတွေကို ထိန်းသိမ်းဖို့ ပြည်နယ် လုံခြုံရေး အရံတပ်ဖွဲ့တွေ အချိန်မီ မချနိုင်ခဲ့ဘူးလို့ မြို့တော်ဝန်က ပြောဆိုလိုက်ပါတယ်။

ဒေသတွင်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထပ်မံ ဆုံးရှုံးပျက်စီးမှု မဖြစ်ပွားအောင် ကာကွယ်ပေးဖို့အတွက် နောက်ထပ် အရံတပ်တွေ ပိုမို စေလွှတ်ပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို တောင်းခံခဲ့တယ်လို့ မြို့တော်ဝန် James Knowles က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Jay Nixon ကလည်း အင်အား ၃ ဆနီးပါးရှိတဲ့ အရံတပ်တွေ Ferguson ကို ထပ်မံ စေလွှတ်ဖို့ အမိန့်ပေးခဲ့ပြီး၊ နောက်တနေ့ညမှာ အရေးအခင်း ထပ်မဖြစ်အောင် အကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

တနင်္လာနေ့ညကတော့ St. Louis ဆင်ခြေဖုံးမှာ အကြမ်းဖက်မှုတွေ လုယက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ လူပေါင်း ၆၁ ယောက်ကို ရဲက ဖမ်းဆီးထားပါတယ်။ ဂျူရီလူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဖြစ်နေကြသူတွေကို အေးအေးချမ်းချမ်းနေကြဖို့ Michael Brown ရဲ့ မိသားစုက မေတ္တာရပ်ခံနေပါတယ်။

Brown ရဲ့ မိဘနှစ်ပါးစလုံးဟာ သူတို့ရဲ့ ရှေ့နေတွေနဲ့ ပြည်သူလူထု အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Al Sharpton နဲ့ အတူ Ferguson ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်တဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ရဲအရာရှိ Darren Wilson ကို တရားမစွဲဖို့ ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ လုံး၀ တရားမျှတမှု မရှိဘူးလို့ ရှေ့နေ Benjamin Crump က ပြောဆိုပါတယ်။

ဒါပေမဲ့ ဒီကိစ္စအပေါ် အကြောင်းပြုပြီး မနေ့ညက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို မိသားစုအနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်လို့ သူကပြောပါတယ်။

XS
SM
MD
LG