သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနဲ့ လူထု တာဝန် ကန်အရာရှိ ထောက်ပြ


 ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ Llenda Jackson-Leslie ရွေးကောက်ပွဲဆိုင်ရာ ဟောပြောဆွေးနွေး။ သတင်းဓာတ်ပုံ-US Embassy Rangoon.
ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ Llenda Jackson-Leslie ရွေးကောက်ပွဲဆိုင်ရာ ဟောပြောဆွေးနွေး။ သတင်းဓာတ်ပုံ-US Embassy Rangoon.

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံတကာ သတင်း အချက်အလက် အစီအစဉ်က ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ Llenda Jackson-Leslie က မြန်မာပြည်သူတွေ အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့ လိုချင်တဲ့ အဖြေ ရအောင် တောင်းဆို တတ်ရမယ် လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ဖို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ် လို့လည်း ပြောပါတယ်။ အပြည်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံတကာသတင်း အချက်အလက်အစီအစဉ်က ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူ Llenda Jackson-Leslie က မြန်မာပြည်သူတွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့ လိုချင်တဲ့ အဖြေကို ရအောင် တောင်းဆိုတတ်ရမယ်လို့ အခုလို ပြောဆိုလိုက်ပါတယ်။

"မြန်မာပြည်သူတွေက မိမိတို့ လိုချင်တဲ့ အဖြေကို တောင်းဆို တတ်ရပါမယ်။ ရွေးကောက်ပွဲဖြစ်စဉ်မှာ အားနည်းချက်တွေရှိနေတယ်ဆိုပြီး မဲမထည့်ဘဲနဲ့တော့ နေလို့မရဘူး။ ပိုပြီး ယုံကြည်ရတဲ့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရမျိုးတက်လာဖို့ မိမိတို့ဘက်က တက်နိုင်သမျှ ပါဝင်ရပါမယ်။"

ဒီကနေ့ ရန်ကုန်မြို့အမေရိကန်စင်တာမှာ ကျင်းပတဲ့ အရပ်ဖက် လူ့မှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

လက်ရှိရေဘေးသင့်ပြည်သူတွေအပါအဝင် မငြိမ်သက်တဲ့ တိုင်းရင်သားဒေသတွေ က လူတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ် တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အားလုံးပါဝင်မဲပေးနိုင်အောင် တာဝန်ယူဆောင်ရွက်ပေးရမယ်လို့ Ms. Jackson Leslie က VOA ကို ပြောပါတယ်။

"တိုင်းရင်သားဒေသတွေက လူတွေအားလုံး မဲပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိပါတယ်။ တိုက်ပွဲတွေကြောင့် အဲ့ဒီဒေသတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင်တောင် အခြား မဲပေးနိုင်ဖို့ နည်းလမ်းတွေရှာဖို့ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိပါတယ်။ ဥပမာ ကြိုတင်မဲပေးတာမျိုးလိုပေါ့။ ဘာပဲပြောပြော မငြိမ်သက်တဲ့ ဒေသတွေက လူတွေ အားလုံးမဲပေးနိုင်ဖို့ ကတော့ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုပြီး ချန်ထားဖို့တော့ မသင့်ပါဘူး။"

ရွေးကောက်ပွဲမကျင်းပမီနဲ့ ကျင်းပစဉ်ကာလတွေမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ရှိမလာဖို့အတွက် ဂရုစိုက်သင့်ပြီး နိုင်ငံရေး သမားတွေ၊ နိုင်ငံရေးပါတီတွေ နဲ့ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင် ကပါ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ကင်းရှင်းနေဖို့ လိုအပ်တယ်လို့ Ms. Jackson Leslie ကပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်အပါအဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ကြတဲ့၊ စောင့်ကြည့်နေကြတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားလုံးက လူမျိုးရေး၊ ဘာသာရေး အခြေအနေတွေကို သတိထားစောင့်ကြည့်နေရ ပါမယ်။ နိုင်ငံရေးပါတီတွေအနေနဲ့လည်း သွေးထိုးလှုံ့ဆော်တာမျိုးတွေ မလုပ်ဖို့ တာဝန်ရှိပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေဟာ အချိန်မရွေးဖြစ်လာနိုင် တာကြောင့် တာဝန်ယူမှုရှိတဲ့ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်ကပါ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ကင်းရှင်းပြီး အကြောင်းကြောင်းကြောင့် အဓိကရုဏ်းဖြစ်လာမယ်ဆိုရင်တောင် ရံှု့ချကြရပါမယ်။"

Ms. Jackson-Leslie ဟာ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ် တာကြောင့် သူ့အတွေ့အကြုံအရ ရွေးကောက်ပွဲတိုင်းမှာ အဟန့်အတားတွေ ပြဿနာတွေရှိပေမယ့်လည်း ပြည်သူတွေက ကျော်လွှားဖို့ ကြိုးစားကြရမယ်လို့ အကြံပြုပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ မြန်မာပြည် ကိုရောက်ရှိနေ တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Ms. Jackson-Leslie ဟာ ရန်ကုန်၊ မန္တလေး၊ ပုဂံ နဲ့ ပခုက္ကူ မြို့တွေကို သွားရောက် ခဲ့ပြီး ကျောင်းသားအဖွဲ့အစည်းတွေ၊ မသန်စွမ်းသူတွေ၊ အမျိုးသမီး အရေးလှုပ်ရှားသူတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံသားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် အကြံပေးမှုတွေ၊ ပညာပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG