သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုရဲ့တရုတ်ခရီး အပေါ် အမေရိကန် နားလည်နိုင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့တရုတ်နိုင်ငံ ခရီးစဉ် ဟာ နိုင်ငံရေး ပါတီ အချင်းချင်းဆက်ဆံရေးအတွက် အရေးကြီးကြောင်း တရုတ် အစိုးရက ပြောကြားလိုက်ပါတယ်။ အခုလို တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန် ဖို့ ကြိုးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စု အနေနဲ့ လဲ အသိအမှတ်ပြုလိမ့်မယ် လို့ မြန်မာ့အရေး ကျွမ်းကျင်တဲ့ အမေရိကန် ပညာရှင်ကလည်း သုံးသပ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ငါးရက်ကြာ ခရီးစဉ်အဖြစ် သွားရောက် မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ အတွက် အရေးကြီးကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် ဟုန်လဲ့ (Hong Lei )က ပေကျင်းမြို့တော်မှာ သောကြာနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

"ပါတီချင်း အပြန်အလှန်ဆက်ဆံရေးဟာ တရုတ် မြန်မာဆက်ဆံရေးရဲ့ အရေးကြီး တဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကာလရှည်ကြာ ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီအားလုံးနဲ့ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံလာခဲ့တာပါ။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကိုယ်စားလှယ်အဖွဲ့ရဲ့ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နားလည်မှုကို ပိုပြီးတိုးတက်လာနိုင်မယ်လို့ တရုတ်အစိုးရ အနေနဲ့ မျှော်လင့်မိ ပါတယ်။ ဒါအပြင် နယ်ပယ်ပေါင်းစုံမှာ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်လာနိုင်ဖို့ အတူလက်တွဲဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။"

ဒါအပြင်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင် အပါအဝင် တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

ဒါဟာ တရုတ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်း မွန်ကြောင်း ပြသလိုတာဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန် ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်ကမြင်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တရုတ်အစိုးရအနေနဲ့ လိုချင်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အိမ်နီးချင်းတရုတ်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ချင်တဲ့ အကြောင်း အမြဲပဲ ပြောနေတာဆိုတော့ သူ့ခရီးစဉ်ဟာ သဘာဝကျ ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အစိုးရတွေအနေနဲ့ လည်း အလားတူ တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင်ကြိုးစားမှာဖြစ်ပါတယ်။ တရုတ်ဘက်ကလည်း မြန်မာနဲ့ ဆက်ဆံရေး သူတို့အတွက် အလွန်အရေးကြီးတယ် ဆိုတာ သိပါတယ်။ ဘာလို့လဲဆိုတော့ ပထဝီနိုင်ငံရေး မဟာဗျူဟာအရနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ အတွက်မြန်မာနိုင်ငံဟာ တရုတ်အတွက် အရေးပါနေတာပါ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ခရီးစဉ်အပေါ် အမေရိကန်အစိုးရရဲ့ အမြင်သဘောထားနဲ့ ပတ်သက်လို့ ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်က အခုလို သုံးသပ်ပါတယ်။

"ကျနော်အမြင်အရဆိုရင် အမေရိကန်ထက် တရုတ်ကပိုပြီးစိုးရိမ်နေတယ်လို့ ထင်ပါတယ်။ မကြာသေးခင်နှစ်တွေက တရုတ်ကအမြဲတမ်းပြောနေတာရှိပါတယ်။ အဲဒါကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေး ပိုပြီးကောင်းအောင် လုပ်နေတာဟာ တရုတ်ကို ဆန့်ကျင်ဖို့ဖြစ်တယ်လို့ တရုတ်က ယုံကြည်နေတာပါ။ ဒါပေမဲ့ တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားနေတဲ့ အမေရိကန် အနေနဲ့ မြန်မာအတွက် တရုတ်ဟာ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုတယ်လို့ ကျနော်မြင်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံရေး အပြင် နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေ အချင်းချင်း ဆက်ဆံရေးကောင်းမွန်ဖို့ တည်ငြိမ်ပြီး အကျိုးရှိတဲ့ ဆက်ဆံရေးဖြစ်ဖို့ အရေးပါတဲ့ တရုတ်မြန်မာဆက်ဆံရေး လိုအပ်နေပါတယ်။"

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ တရုတ် ပြည်သူ့သမ္မတ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG