သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဆန့်ကျင်ရေးအလွန် ဗီယက်နမ်စီးပွားရေး


ဟနွိုင်းြမို့ပြင်၊ Tan Lap ကျေးရွာရှိ ဖိနပ်စက်ရုံတခုတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများ။ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃။
ဟနွိုင်းြမို့ပြင်၊ Tan Lap ကျေးရွာရှိ ဖိနပ်စက်ရုံတခုတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများ။ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃။

ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် တရုတ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရက ပြန်ပြီး အလေးထား လုပ်ဆောင်ခဲ့တာကြောင့် တည်ငြိမ်လာပြီး စီးပွားရေးအခြေအနေ လည်း ပြန်ကောင်းလာနေပါပြီ။ ဗီယက်နမ်စီးပွားရေးအခြေအနေအကြောင်း ဗွီအိုအေသတင်းထောက် Ralph Jennings က ဗီယက်နမ်နိုင်ငံရဲ့ ဘဏ္ဍာငွေကြေးဈေးကွက် ဗဟိုချက်ခြာ ဟိုချီမင်းမြို့တော်ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။

ဒီနှစ်အစောပိုင်းကဖြစ်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေကြောင့် နိုင်ငံခြားသားပိုင် စက်ရုံ ၄၀၀ ကျော် ပျက်စီးခဲ့ရ ပြီး နောက်ထပ် အကြမ်းဖက်တာတွေ ထပ်ဖြစ်လာဦးမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ထောင်ပေါင်းများစွာသော ပြည်ပရင်းနှီးမြှုပ်နှံ သူတွေ ထွက်သွားကုန်ကြပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးပါမယ်လို့ အစိုးရ က အာမခံခဲ့တာကြောင့် ပြည်ပရင်းနှီးမြှုပ်နှံငွေဟာ ဆန္ဒပြပွဲတွေမတိုင်ခင်က အဆင့်ကို ပြန်ရောက်လာပြီး စီးပွားရေး တိုးတက် လာသလို စီးပွားရေးလုပ်ရတဲ့ ကုန်ကျစရိတ်ကလည်း နည်းနေတုန်းပါပဲ။

မေလမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး စက်ရုံ ၄၆၀ ထက်မနည်း ပျက်စီးခဲ့ရပြီးတဲ့နောက် အဝတ်အထည်တွေ၊ ပရိ ဘောဂတွေနဲ့ လူသုံးကုန်လျှပ်စစ်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ စက်ရုံတွေ ပြန်လည်ပတ်နေကြပါပြီ။ တရုတ်နဲ့ဗီယက်နမ် နှစ်နိုင် စလုံးက ပိုင်ဆိုင်တယ်လို့ပြောထားတဲ့ တောင်တရုပ်ပင်လယ်ထဲမှာ တရုတ်ဘက်က ရေနံတူးစင် သွားချပြီးတဲ့နောက် ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် လူ ၂၀ သေဆုံးပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်က ၁၉၇၉ ခုနှစ်မှာဖြစ်ခဲ့တဲ့ နှစ်နိုင်ငံကြား နယ်စပ်စစ်ပွဲအပါအဝင် ရာစုနှစ်ပေါင်းများစွာရှိခဲ့တဲ့ တရုတ်-ဗီယက်နမ် ရန်လို မုန်းတီးမှုတွေကို ပြန်ပြီး မီးထိုးပေးခဲ့ ပါတယ်။

ဒါပေမဲ့လည်း ဗီယက်နမ်စီးပွားရေးရဲ့ ၁၇% ကို မောင်းနှင်နေပြီး ပြည်ပတင်ပို့ကုန်ရဲ့ ၆၆% ရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ပြန်ဝင် လာကြပါတယ်။ နောက်ထပ် ဘယ်လိုမျိုး မတည်မငြိမ်အခြေအနေပဲ ထပ်ဖြစ်လာပါစေ ရပ်သွားအောင်လုပ်ပါ့မယ်လို့ ဗီယက်နမ် ကွန်မြူနစ်အစိုးရက ကတိပြုခဲ့ပါတယ်။ ပြည်ပအရင်းအနှီးတွေ ဆက်ပြီးဝင်လာစေဖို့အတွက် စက်ရုံလုပ်သား ဈေးပေါပေါနဲ့ ရဖို့ အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေတွေကိုလည်း ဗီယက်နမ်အစိုးရက ဖန်တည်းပေးခဲ့ပါတယ်။

ရင်းနှီးမြှုပ်နံှသူတွေအတွက် တည်ငြိမ်တဲ့အခြေအနေဖြစ်အောင် အစိုးရကလုပ်ပေးတာကြောင့် ဗီယက်နမ် ပြန်ထောင်လာတာ ဖြစ်တယ်လို့ ဟိုချီမင်းမြို့တော်အခြေစိုက် In Focus ဆိုတဲ့ ဈေးကွက်ဆိုင်ရာ အကြံပေးကုမ္ပဏီရဲ့ပိုင်ရှင် Ralf Matthaes က ပြောပါတယ်။

“အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ဖြစ်သွားတာက အကြီးမားဆုံး အပြောင်းအလဲပဲလို့ ကျနော်ထင်တယ်။ ရိုးရိုးသားသားပြောရရင် ကြီးကြီးမားမား နစ်နာသွားတာမျိုး မရှိဘူးလို့ ကျနော်ထင်တယ်။ ပုံမှန်ပါပဲ။ မီးတောက်က အဲဒီလောက် မကြီးခဲ့ပါဘူး။ ဒီမှာ အစိုးရက အင်အားအကြီးဆုံးဖြစ်ပြီး သူတို့ ကိုင်တွယ်ဖြေရှင်းပြီဆိုရင် တကယ်ပဲ လုပ်တော့တာပါ။”

၁၉၈၇ ခုနှစ်မှာ ကွန်မြူနစ်အစိုးရက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ချိန်ကတည်းက ဂျပန်၊ စင်္ကာပူ၊ တောင်ကိုရီးယားနဲ့ တိုင်ဝမ်တို့က ဦးဆောင်တဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ ဗီယက်နမ်နိုင်ငံဆီ ရွှေ့ပြောင်း ဝင်ရောက်ခဲ့ကြပါတယ်။ သူတို့ရဲ့စီမံကိန်းတွေကနေ ဗီယက်နမ်ရဲ့ ဒေါ်လာ ၁၅၅ ဘီလီယံရှိတဲ့ စီးပွားရေးကို ဆွဲတင်ဖို့ ကူညီခဲ့ပြီး အလုပ်အကိုင်တွေ ဖန်တည်းပေးပြီးတော့ ဆင်းရဲမွဲတေမှုကို သက်သာစေခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင် တရုတ် ကမ်းလွန် ရေနံတူးဖော်ရေး ကော်ပိုရေးရှင်း CNOOC က လည်ပတ် လုပ်ကိုင်တဲ့ ရေနံတွင်းကို မေလ ၂ ရက်နေ့မှာ တရုတ်တို့က တောင်တရုတ်ပင်လယ်ထဲ သွားချထားခဲ့တာက ဗီယက်နမ်တွေကို ဒေါသထွက်စေခဲ့တာပါ။ အဲဒီ ရေနံ တွင်းဟာ ဗီယက်နမ် အရှေ့ဘက်ကမ်းရိုးတန်းနားက တောင်တရုတ်ပင်လယ်တွင်း တထပ်တည်းဖြစ်နေတဲ့ ဒေသမှာ ရေနံရှာဖို့ ဖြစ်ပါတယ်။

လူ ၂၀၀၀၀ လောက် ဆန္ဒပြခဲ့ကြပြီး အထူးသဖြင့် တရုတ်မျိုးဆက် ဒါမှမဟုတ် ဆိုင်းဘုတ်တွေမှာ တရုတ်စာတွေရေးထားတဲ့ တခြား ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေဘက်ကိုပါ သူတို့ရဲ့ဒေါသ ဦးတည်ခဲ့ပါတယ်။ တိုင်ဝမ်ကျွန်းသားအများစုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံသူ ၉၀၀၀ လောက် နိုင်ငံထဲကနေ ထွက်သွားခဲ့ကြပါတယ်။ အဓိကရုဏ်းတွေနဲ့ ဆက်နွယ်ပြီး လူပေါင်း ၈၅ ယောက်ကို ဗီယက်နမ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအချိန်ကတည်းကဆိုလို့ တရုတ်နဲ့ဗီယက်နမ်တို့ အခင်းဖြစ်ရပ်ကို သုံးသပ်ဖို့ရာ အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ဇူလိုင်လမှာ တော့ တရုတ်က ရေနံတွင်းကို ပြန်ဖယ်ပေးခဲ့ပါတယ်။ အခုတော့ တရုတ်လူမျိုးစုတွေက သူတို့ ဘေးကင်းလုံခြုံတယ်လို့ ခံစားရပြီ ဆိုပြီး ပြောကြပါတယ်။ တရုတ်လူမျိုးစုတွေဟာ ဗီယက်နမ်မှာ စက်ရုံတွေကို တိုးချဲ့တည်ဆောက်ဖို့ လုပ်နေကြပြီလို့ ဟိုချီမင်း မြို့တော်က မလေးရှားစီးပွားရေးအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ Theng Bee Han က ပြောပါတယ်။

“ဗီယက်နမ်နဲ့တရုတ်ကြားက ပြဿနာတွေ ဒါမှမဟုတ် ကိစ္စရပ်တွေကို ဘေးဖယ်ထားပြီး စွန့်ဦးတီထွင် လုပ်ငန်းရှင်ရဲ့အမြင်ကနေ ပြောမယ်ဆိုရင် တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် ခြိမ်းခြောက်မှု လုံးဝမရှိပါဘူး။ တိုင်ဝမ်က တရုတ်ပဲ ဖြစ်ဖြစ်၊ ဟောင်ကောင်က တရုတ်ပဲဖြစ်ဖြစ်၊ မလေးရှားက တရုတ်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စင်္ကာပူက တရုတ်ပဲဖြစ်ဖြစ်ပေါ့။ တကယ် ကျတော့ လူတွေက သိပ်ကို အပြုသဘောဆောင်ပြီး ဗီယက်နမ်နိုင်ငံ ပိုကောင်းလာရေး လုပ်ချင်ကြတာပါ။”

တရုတ်ပြည်မကြီးက တရုတ်တွေလည်း ဗီယက်နမ်မှာ နောက်တကျော့ ပြန်လုပ်လာနေကြပါပြီ။ အဓိကရုဏ်းတွေ မဖြစ်ခင်တုန်း က တရုတ်ဟာ ဗီယက်နမ်မှာ အဆင့် ၇ အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၂.၃ ဘီလီယံ ရင်းနှီး မြှုပ်နှံခဲ့တာကြောင့် ၂၀၁၂ ခုနှစ်တုန်းကထက် ခြောက်ဆကျော် ပိုများလာပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအများစုက အထည်အလိပ်၊ စက်ကိရိယာနဲ့ စားသုံးကုန်တွေအတွက် ကုန်ကြမ်းအနေနဲ့ ရင်းနှီးမြှုပ်နှံကြတာဖြစ်ပါတယ်။ တရုတ်အပေါ် အလွန် အကျွံ မှီခိုနေရတဲ့အပေါ် စိုးရိမ်လာတဲ့ ဗီယက်နမ်က ကိုယ်ပိုင် အရင်းအမြစ်တွေကို ရှာဖွေ ထုတ်လုပ်လာတာနဲ့အမျှ မေလကစလို့ အဲဒီကုန်ကြမ်းပစ္စည်းတွေ တင်သွင်းတာ ကျသွားခဲ့ပါတယ်။

ဗီယက်နမ် စတော့ဈေးကွက်ဟာ ၁၅% ကျသွားခဲ့ပြီးတဲ့နောက် ဆန္ဒပြပွဲတွေမတိုင်ခင် အခြေအနေကို ပြန်ရောက်လာတာကြောင့် လည်း ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တက်ကြွနေကြတာပါ။ အမေရိကန်လို ပြည်ပ ပို့ကုန်ဈေးကွက်မှာ စီးပွားရေးအခြေအနေ တိုးတက်လာတာကြောင့်လည်း ဒီနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၅.၆% ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဗီယက်နမ်ရဲ့ အခွန်ဝင်ငွေ ထက်ဝက်ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုကနေ ရနေတာကြောင့်မို့ နောက်ထပ် မတည်မငြိမ် ထပ်ဖြစ်လို့ အလားအလာမရှိလှဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ရေရှည်မှာတော့ ဗီယက်နမ်အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုချက်ထုတ်ပေးတာကို လွယ်ကူ ရိုးရှင်းအောင်လုပ်မယ်၊ ပြည်ပ ရင်းနှီးမြှုပ်နှံ သူတွေအတွက် မြေယာအသုံးပြုခွင့်ကို ချဲ့ထွင်ပေးမယ်၊ ဟိုချီမင်းစီးတီးနဲ့ မြို့ပြင်က စက်မှုဇုံတွေကို ချိတ်ဆက်ပေးမယ့် သယ်ယူ ပို့ဆောင်ရေး စနစ်အသစ်တွေ တည်ဆောက်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG