သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရတပ်နဲ့ ဝအကြား စစ်ရေးတင်းမာမှု ပြေလည်မှုရ


ဝတပ်ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲက သစ်ခိုးထုတ်မှုအပေါ်မှာ အခြေခံပြီး ဝတပ်နဲ့ မြန်မာတပ်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာနေတဲ့ အခြေအနေအပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ညွန်ကြားချက်ထုတ်ပြီး ဝင်ရောက် ဖြေရှင်းပေးလိုက်တဲ့အတွက် နှစ်ဘက် အပြန်အလှန် ဝိုင်းထားတဲ့တပ်တွေ အကုန် ပြန်ရုပ်သွားပြီလို့ ဝတပ်ဘက်က ပြောပါတယ်။

အခုလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထဲ အင်အားအကြီးဆုံးလို့ဆိုနိုင်တဲ့ ဝတပ်နဲ့ မြန်မာစစ်တပ်တို့ကြား အခုလို ထိပ်တိုက် ရင်ဆိုင်မှုဖြစ်တာဟာ တပ်မတော်ဘက်က တိုင်းရင်းဒေသတွေမှာ အင်အားပြ ခြိမ်းခြောက်လိုတဲ့သဘောလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြထားပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSP ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝတောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲက UWSA ဝပြည်တပ်ရဲ့ ခွင့်ပြုချက်နဲ့ သစ်ထုတ်လုပ်ရေး လုပ်နေသူတချို့ကို သစ်ခိုးထုတ်မှုနဲ့ မြန်မာအစိုးရတပ်ဘက်က ဝင်ရောက် စီးနင်း ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အပေါ် ဝတပ်မတော်ဘက်က မကျေနပ်တဲ့အတွက် မြန်မာစစ်တပ်စခန်းကို ဝတပ်က သွားဝိုင်း ပိတ်ဆို့နေရာယူ လိုက်တာဖြစ်ပါတယ်။ ဇွန်လ ၃ ရက်နေ့ကတည်းကစလို့ မြန်မာအစိုးရတပ်ဘက်ရော ဝတပ်ဘက်ကပါ အပြန်အလှန် ဝိုင်းထားပြီး နှစ်ဘက် စစ်ဖြစ်ဖို့ အသင့် စစ်ပြင်ထားတဲ့ အနေအထား ဖြစ်နေခဲ့ပြီးတော့ ဇွန်လ ၈ ရက် တနင်္လာနေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ ညွှန်ကြားချက် ထုတ်ခဲ့တယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

“ဦးသိန်းဇော်ကနေတဆင့်ပဲ နိုင်ငံတော်သမ္မတကြီးဆီကို တိုက်ရိုက် တင်ပြဆွေးနွေးမှုတွေ ဘာတွေရှိတယ်။ ဒါကြောင့်မို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ ညွှန်ကြားချက်ထုတ်တယ်။ သမ္မတကြီးရဲ့ ညွှန်ကြားချက် ၂ ကြိမ်ထုတ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နှစ်ဘက် အောက်ခြေကအဖွဲ့အစည်းတွေလည်း ဒီညွှန်ကြားချက်အတိုင်း ညှိညှိနှိုင်းနှိုင်းနဲ့ ဆွေးနွေးပြီးတော့ ဆက်သွယ်ပြီးတော့ ကျနော်တို့ဘက်ကလည်း နောက်ဆုတ်ပေးတယ်။ တပ်မတော်ဘက်ကလည်း ထွက်ခွာသွားတယ်။”

ဒါကြောင့် ဒီနေ့ ဇွန်လ ၉ ရက်နေ့မှာတော့ စစ်ရေးတင်းမာမှုဖြစ်နေတဲ့ နေရာမှာ နှစ်ဘက်တွေ အကုန် ပြန်ရုပ်သွားပြီဖြစ်လို့ အခြေအနေဟာ အေးဆေးသွားပြီ ဖြစ်တယ်လို့ ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“မိုးမလင်းခင်မှာပဲ အဝိုင်းခံထားရတဲ့တပ်နဲ့ ဝိုင်းထားတဲ့တပ်၊ နှစ်ဦးနှစ်ဘက် ပါပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း နောက်ဆုတ်ပေးပါတယ်။ ၁ နာရီခရီးကို ဆုတ်ပေးတာ။ သူတို့ အင်အားဖြည့်တဲ့ တပ်ရင်း ၅ ရင်းလည်း နောက်ဆုတ်သွားတယ်။ ကျနော်တို့ ကားလမ်းဘေးမှာ နေရာယူထားတဲ့တပ်တွေ နောက်ပြန်ဆုတ်ပြီပေါ့။”

မိုင်းတုံမြို့နယ်ထဲ သစ်ခိုးထုတ်လုပ်မှုကြောင့် စစ်ရေးတင်းမာမှု ဖြစ်ခဲ့ရတဲ့အပေါ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုဖြစ်အောင် နောက်ထပ် တင်းမာမှုမဖြစ်အောင် ဝပြည်သွေးစည်းညီညွတ်ရေး တာဝန်ရှိသူတွေ၊ အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းခဲ့ကြပြီးတော့ အစိုးရဘက်က ဥပဒေပိုင်းအရ ကိုင်တွယ်ဖြေရှင်းမှုတွေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ကြောင်း ဝတပ်ဘက်က ပြောပါတယ်။

“ဒီကိစ္စဟာဆိုရင် ရဲနဲ့သစ်တောနဲ့ ဝင်တယ်ဆိုရင် ကျနော်တို့က ဘာမှဖြစ်မှာမဟုတ်ဘူး။ အခုဟာက တပ်ကတခါတည်း ဒေသတွင်းကို ဝင်ပြီးတော့ ဖမ်းတာ၊ ဆီးတာ လုပ်တဲ့အတွက်ကြောင့် တင်းမာမှုတွေ ဖြစ်ခဲ့ရတယ်။ အဓိကကတော့ ဒီလို ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆောင်ရွက်နေတဲ့အခါမှာ တပ်မတော်ဘက်ကနေပြီးတော့ ဝင်တိုးတဲ့ဟာကို ကျနော်တို့က စိုးရိမ်ပါတယ်။ ငြိမ်းချမ်းရေးတခုလုံး ပျက်သွားမှာလည်း စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စလေးက မဖြစ်သင့်တဲ့ တင်းမာမှုလေး ၅ ရက်လောက်ကို ဖြစ်သွားတာ။”

ကိုးကန့်ဒေသထဲမှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ အခုလိုမျိုး ဝတပ်နဲ့ပါ စစ်ရေးတင်းမာမှု ဖြစ်လာတာကတော့ စစ်တပ်ဘက်က တိုင်းရင်းဒေသတွေမှာ တပ်အင်အားပြတဲ့သဘော ဖြစ်တယ်လို့ တိုင်းရင်းဒေသတွေက စစ်ရေးအခြေအနေကို အကဲခတ် လေ့လာနေတဲ့ ဒေါက်တာလှကျော်ဇော်က သုံးသပ်ပါတယ်။

“စစ်တပ်က တခုပြီးတခု စစ်ရေးမတည်ငြိမ်အောင် ဆက်လုပ်နေတယ်လို့ မြင်ပါတယ်။ သူက ပြည်တွင်းစစ်ကြီး ရပ်သွားရင် သူ့အတွက် နေရာမရှိတော့သလို ဖြစ်တာကိုး။ အဲတော့ ပြည်တွင်းစစ်ကို ရပ်ဖို့ကို သူက မလိုလားနိုင်ဘူး။ ဒါကြောင့် ကိုးကန့်အရေး ပြီးတာနဲ့ ၀ အရေးကို သူလုပ်ချင်လို့ ဒီလိုစတယ်လို့ကို ကျမတို့က ထင်တာ။ ၀ ဘက်ကလည်း တကယ်ပြန်ပြီးတော့ မာန်နဲ့တင်းလာတဲ့အခါကျတော့ ပြန်လျှော့လိုက်တာ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ ဒီပြည်တွင်းစစ်ကို မရပ်ရအောင် နည်းပေါင်းစုံနဲ့ သူတို့ကြံဦးမှာပဲ။”

ဒီနေ့ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ရေးတင်းမာမှု ဖြစ်နေတဲ့ဒေသထဲမှာ အခြေအနေတွေ အေးဆေးတည်ငြိမ်သွားပြီဖြစ်လို့ နှစ်ဘက် လုံခြုံရေးတင်းကျပ်ထားတဲ့ ခရီးသွားလာရေးတွေ ပုံမှန် ပြန်ဖြစ်သွားပြီလို့ သိရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အင်အားအကြီးမားဆုံးလို့ ဆိုနိုင်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA နဲ့ မြန်မာစစ်တပ်ကြား ဝ အဖွဲ့နဲ့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း ၂၀၁၅ အတွင်း ဒါဟာ ပထမဆုံးအကြိမ် စစ်ရေးတင်းမာမှုဖြစ်တာပါ။ မြန်မာဘက်က ဖိအားပေးခဲ့ပေမဲ့ ဝတပ်ဘက်က လက်မခံခဲ့ပါဘူး။ မကြာသေးခင် အချိန်ကမှ ဝပြည်သွေးစည်းညွတ်ညွတ်ရေး အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ရေး ပန်ဆန်းဌာနချုပ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေး ကျင်းပပေးခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG