သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မျှတရေး နှင့် ရလဒ်အလားအလာ


Prof. David Steinberg, Georgetown University
Prof. David Steinberg, Georgetown University

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိတယ်-မရှိဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်တယ် - မဖြစ်နိုင်ဘူးဆိုတာနဲ့ တိုင်းတာခြင်းဟာ မှားယွင်းတယ်လို့ ပါမောက္ခ David Steinberg က ဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဲအများစု ရရှိနိုင်ပေမယ့် သောင်ပြိုကမ်းပြို (Landslide) အနိုင်ရဖို့ တော့ အကန့်အသတ်တွေ ရှိနေတယ်လို့ ပါမောက္ခ Steinberg ထောက်ပြထားပါတယ်။ ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် ပါမောက္ခ Steinberg ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Steinberg ခင်များ … မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ရွေးကောက်ပွဲအပြင် တခြားဘယ်အချက်တွေ အရေးကြီးတယ်လို့ ထင်ပါသလဲ။

Prof. Steinberg ။ ။ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံကြဖို့ အရေးကြီးပါတယ်။ အာဆီယံက လက်ခံတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာတွေကို ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး ငါတို့ဟာ ဒီမိုကရေစီ ဖြစ်စဉ်မှာ ဘယ်လမ်းကြောင်းကို ဦးတည်သွားနေတယ်ဆိုတာကို နားလည်သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။ ကျနော့် ရေးသားချက်တွေမှာတော့ ဒီအသုံးအနှုန်းကို ကျနော် သုံးခဲပါတယ်။ ဒီမိုကရေစီဆိုတာက ခရီးဝေးသေးတော့ ကျနော်တို့ pluralism ဗဟုဝါဒဆိုတာကိုပဲ သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီ ရှေးဦးအဆင့် ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။ ဒီလို ခြေလှမ်းမျိုးကို မှန်မှန်ကန်ကန် လှမ်းနေတယ်ဆိုတာကို နိုင်ငံတကာက တွေ့မြင်လာရတဲ့အခါ အကူအညီ အထောက်အပံ့ ရရှိရေးအတွက် အထောက်အပံ့ဖြစ်စေမယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ဝင်ဆန့်လာမယ်။ ဒါဟာ အရှည်ချီတက်ရမယ့် တိုင်းပြည်ရှေ့ရေးအတွက် အများကြီး အကျိုးရှိပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာဆိုလို့ အမေရိကန်အစိုးရက မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ အရင်တုန်းကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ (Free and Fair Election) ဖြစ်ရမယ်လို့ ပြောခဲ့ရာက အခုနောက်ပိုင်းမှာ Free and Fair စကားကို မသုံးတော့ဘဲနဲ့ All inclusive အားလုံး ပါဝင်ရမယ်။ Creditable စိတ်ချခိုင်လုံမှု ရှိရမယ် စသည်ဖြင့် ပြောင်းပြောလာတာ တွေ့ရပါတယ်။ ဒါဟာ အမေရိကန်ရဲ့ စံသတ်မှတ်ချက်ကို နှိမ့်ချလိုက်တာ ဖြစ်တယ်ဆိုပြီး တချို့က ဝေဖန်ကြပါတယ်။

Prof. Steinberg ။ ။ သူတို့ဟာ ပိုပြီးတော့ သံတမန်ဆန်တဲ့ အသုံးအနှုန်း သုံးလာတယ်လို့ ထင်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အရွေးခံပိုင်ခွင့် မရှိရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ တရားမျှတလိမ့်မယ် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ မှတ်တမ်းမှတ်ရာတွေနဲ့တကွ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အဲဒါမျိုးကိုပြောတာ မရှိပါဘူး။ ခင်များပြောတဲ့ All inclusive အားလုံး ပါဝင်နိုင်ရမယ်လို့ပဲ ပြောပါတယ်။ ဒီအသုံးအနှုန်းကလဲ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတ အရွေးချယ်ပိုင်ခွင့် ရှိရမယ်ဆိုတာနဲ့ အတူတူပဲလို့ ကျနော် ယူဆပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးချယ်ပိုင်ခွင့်ရှိမှ Free and Fair ဖြစ်မယ်လို့ သတ်မှတ်တာဟာ မှားယွင်းတဲ့ စံနှုန်းသတ်မှတ်ချက် ဖြစ်ပါတယ်။ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ လူတွေ မဲရုံကိုသွားပြီးတော့ မဲထည့်တာ၊ မဲဆွယ်တာ စတဲ့ ရွေးကောက်ပွဲဖြစ်စဉ်တွေဟာ ပွင့်လင်းပြီးတော့ တရားမျှတမှု ရှိရမယ်။ တန်းတူညီမျှမှု ရှိရမယ်။ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရမယ်။ မဲရေတွက်မှု ရိုးသားမှန်ကန်ရမယ်။ ဒါဟာ Free and Fair Election ပါပဲ။ အဲဒီနောက် အရေးကြီးတဲ့ ကိစ္စတရပ်ကတော့ အစိုးရသစ် ဖွဲ့စည်းဖို့အတွက် အပေးအယူ လုပ်ညှိနှိုင်းမှု ဖြစ်ပါတယ်။ နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲပြီးရင် ဖေဖေါ်ဝါရီ၊ မတ်လလောက်ကျရင် အစိုးရသစ် ပေါ်လာပါလိမ့်မယ်။ အဲဒီ ကြားကာလဟာ အဓိက သတိထားကြရမယ့်ကာလ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ စစ်တပ်ကို မဝေဖန်ရဘူးလို့ တားမြစ်ထားတာကို သိရပါတယ်။ ဒါကို လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့် ရှိတယ်လို့ ခေါ်နိုင်ပါသလား။

Prof. Steinberg ။ ။ လူတိုင်းဟာ ဘယ်သူကိုမဆို ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ နစ်နာစေမှု၊ အသရေပျက်စေမှု စတာတွေ ရှိခဲ့ရင် အဲဒီအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ သိတဲ့အတိုင်း ထိုင်းနိုင်ငံမှာဆိုရင် ဘုရင်နဲ့ ဘုရင်မိသားစုကို ဝေဖန်ခွင့် မရှိပါဘူး။ ဒါဟာ ဒီမိုကရေစီ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ ဝေဖန်ပိုင်ခွင့်ကို ကန့်သတ်ထိန်းချုပ်ရင် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံလို့ မခေါ်နိုင်ပါဘူး။ ဒီ အမေရိကန်ပြည်ထောင်စုမှာ သိပ်ကောင်းတဲ့အရာတခုကတော့ လူရွှင်တော်တွေဟာ ဘယ်သမ္မတမဆို၊ ဘယ်အကြီးအကဲမဆို လှောင်ပြောင်ကြတာပါ။ ဒါဟာ သိပ်ကောင်းတဲ့ကိစ္စလို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်မှာတော့ လူရွှင်တော်တွေ ထောင်ထဲ မကြာခဏ ရောက်နေကြတယ်။ နောက်ပြီး အခု ရွေးကောက်ပွဲပြီးသွားတဲ့အခါ ဘယ်သူပဲနိုင်နိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သူတို့ တပ်မတော်အနေနဲ့ လက်ခံမယ်လို့ ပြောဆိုပါတယ်။ ဒါပေမဲ့လဲ ဦးသန်းရွှေက နောက်ကွယ်မှာ ရှိနေဆဲလို့ တချို့က သုံးသပ်နေကြတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကတိကို ဘယ်လောက်အထိ စိတ်ချယုံကြည်ရမယ် ထင်ပါလဲ။

Prof. Steinberg ။ ။ ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ဘယ်လောက် ရှိသေးတယ်ဆိုတာ ကျနော် မသိပါဘူး။ ကျနော် ထင်တာကတော့ တကယ့် အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ သြဇာညောင်းနိုင်ပါတယ်။ နိစ္စဓူဝကိစ္စတွေမှာတာ့ မပါဝင်နိုင်တော့ပါဘူး။ ဒါပေမဲ့ အသွင်ကူးပြောင်းရေးကို သူတို့ အမှန်တကယ် လိုချင်ကြတာပါ။ ဘောင်တခုအတွင်းကနေပေါ့။ စစ်တပ်အနေနဲ့လဲ အရေးကြီးတဲ့ကိစ္စရပ်တွေကို အခိုင်အမာ ထိန်းချုပ်ထားပြီးသားပါ။ အမျိုးသားစည်းလုံးညီညွှတ်ရေး၊ အချုပ်အခြာ အာဏာနဲ့ အရပ်သားတွေအပေါ် စစ်တပ်ကြီးစိုးရေး စတာတွေ ဖြစ်ပါတယ်။ စစ်တပ်အရေးအရာတွေကို အရပ်သားလက်အောက်က သီးခြားကင်းလွတ်ရေးဆိုတာဟာ စစ်တပ်က အရပ်သားနိုင်ငံရေးသမားတွေကို အယုံအကြည် မရှိလို့ဘဲ ဖြစ်ပါတယ်။ ဒါတွေဟာ သူတို့ ဖွဲ့စည်းပုံမှာ စိတ်တိုင်းကျ ရေးဆွဲထားတာပါ။ တကယ်တော့ စစ်တပ်ကို အရပ်သား အုပ်စိုးသူအောက်မှာ ထားရှိရေးဆိုတာက တကယ် လိုလားအပ်တဲ့ကိစ္စပါ။ ကျနော်တို့ အနောက်နိုင်ငံတွေမှာ ဒီလိုပါပဲ။ ၁၉၈၉ တုန်းက NLD မဲဆွယ်ရာမှာ ထည့်သွင်းပြောခဲ့ပါတယ်။ အချုပ်ပြောရရင်တော့ စစ်တပ်ဟာ အခြားလွတ်လပ်ခွင့် ပေးကောင်းပေးပါလိမ့်မယ်။ ဒီအချက်ကိုတော့ ပေးမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဦးသန်းရွှေက စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ပြောထားတော့ ဒီရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရသွားတယ်။ ထိန်းမနိုင်သိမ်းမရလောက်အောင် နိုင်သွားတယ်ဆိုပါတော့ အဲဒီ အခြေအနေမျိုး ဖြစ်သွားတယ်ဆိုရင်ကော ဘယ်လို ဖြစ်လာနိုင်မယ် ထင်ပါလဲ။

Prof. Steinberg ။ ။ ပထမဦးဆုံးကြည့်ရအောင် NLD က ထိန်းမနိုင်သိမ်းမရ နိုင်နိုင်သလား။ NLD က မဲအများအပြားနိုင်မယ်ဆိုတာကိုတော့ လူတိုင်းခန့်မှန်းနိုင်ပါတယ်။ တိုင်းရင်းသားပါတီတွေကလဲ အများအပြား ရနိုင်ပါတယ်။ သူတို့ရဲ့ မဲဆန္ဒနယ်မြေတွေ အများကြီးပါ။ (၂၅) ရာခိုင်နှုန်းလောက် ရှိမယ်လို့ လူတွေက ခန့်မှန်းကြပါတယ်။ တခါ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း တချို့ရမယ်။ ဘယ်လောက်ဆိုတာတော့ မပြောနိုင်ပါဘူး။ ဆိုတော့ NLD သည် သူတို့ စိတ်တိုင်းကျ ချယ်လှယ်နိုင်လောက်အထိ အနိုင်ရပါ့မလားဆိုတာ မေးစရာပါ။ သူတို့ဟာ တိုင်းရင်းသားတချို့နဲ့ မဟာမိတ် ဖွဲ့စည်းရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ မဟာမိတ် ဖွဲ့စည်းမှုဟာလဲ သိပ်ခိုင်ခိုင်မာမာကြီးတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်မှာ စစ်တပ်က စိုးရိမ်နေတာတွေဟာ မမှန်ကန်ဘူးလို့ ကျနော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးကိစ္စကိုလည်း သူတို့ စစ်တပ်က ဗီတိုအာဏာနဲ့ ပယ်ချခွင့် ရထားတာပါ။ ဒါဟာ သိပ်လိုလားအပ်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ စစ်တပ်အတွက်တော့ သူတို့အလိုကျ လုပ်နိုင်တဲ့သဘောပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ NLD ဟာ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး သိပ်မခိုင်မာဘူးလို့ဆိုတော့ စစ်တပ်ကို ယှဉ်ပြိုင်တဲ့ နေရာမှာတော့ စစ်တပ်တဘက်၊ NLD နဲ့ တိုင်းရင်းသားတွေတဘက် ထားလိုက်ရင်တော့ သူတို့ တကယ်ပဲ တစိတ်ထဲ တသဘောတည်း ညီညွှတ်ကြမယ့်သဘောတော့ ရှိတယ်ထင်ပါတယ်။

Prof. Steinberg ။ ။ သူတို့ ညီညွှတ်ကြမယ်ဆိုရင် အာဏာအတွက် ညီညွှတ်ကြမှာပါ။ ပြဿနာက NLD မှာ အာဏာအတွက် ကွဲပြဲမှုတွေ ရှိနေတာဟာ အစကတည်းကပါ။ အာဏာရလာရင် အဲဒီ အကွဲအပြဲမှုတွေ NLD အတွင်းမှာ ပြန်ဖြစ်လာနိုင်ပါတယ်။ NLD ထဲမှာ အကျိုးစီးပွားအမျိုးမျိုးနဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေ အများအပြား ရှိနေတာပါ။ တိုင်းရင်းသားတွေနဲ့လဲ ၁၉၈၉ တုန်းကတော့ NLD ဟာ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့မယ်လို့ ပြောခဲ့တာပါ။ စစ်တပ်က လက်မခံခဲ့ပါဘူး။ အခုတော့ ဒီကိစ္စကို NLD က ပြန်မကောက်ပါဘူး။ ပါတီဟာလဲ ဗမာပါတီပဲ ဖြစ်နေဆဲပါ။ ဒါဟာ မှားယွင်းနေတဲ့ ကိစ္စရပ်ပါ။ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ထားတယ်လို့တော့ ကျနော် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာက နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်ဆိုတာ အယူအဆလွဲနေတဲ့ ကိစ္စတွေမှာ လူထုနောက်ကို လိုက်သင့်ပါသလား။ ဒါမှမဟုတ် လူထုကို ဦးဆောင်ပြီးတော့ လမ်းမှန်ကို ရှေ့ရှုသွားသင့်ပါသလား။

Prof. Steinberg ။ ။ ကျနော်အနေနဲ့တော့ ခေါင်းဆောင်တယောက်ကို ဘယ်အဆင့်မှာပဲဖြစ်ဖြစ် မဲပေးမယ်ဆိုရင် အဲဒီခေါင်းဆောင်နောက်ကို လိုက်မယ်ဆိုတဲ့သဘောပါ။ ဒါပေမဲ့ ဒီခေါင်းဆောင်ဟာ မှန်ကန်တဲ့ ခိုင်မာတဲ့ အယူအဆ စွဲကိုင်သူဖြစ်တယ်ဆိုတာ ယုံကြည်မှုရှိဖို့ လိုပါတယ်။ ဒီပုဂ္ဂိုလ်ဟာ မှန်ရာကိုလုပ်မယ်လို့ ယုံကြည်ရပါတယ်။ ဒါမှမဟုတ် အမှန်အတိုင်း လုပ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ယုံကြည်မှု ရှိရပါမယ်။ ဒါကြောင့် ကျနော့်အမြင်မှာ မဲပေးတယ်ဆိုတာ ဘယ်ပါတီမို့ ပေးတာမဟုတ်ဘဲ၊ ဒီလူပုဂ္ဂိုလ်ဟာ လမ်းမှန်တယ်။ မှန်ရာလုပ်တယ်ဆိုတာကို ယုံကြည်တဲ့အတွက် မဲပေးတာ ဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ်တယ်၊ တည်ကြည်တယ်လို့ ယုံကြည်တဲ့အတွက် မဲပေးတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ပါတီတချို့၊ ခေါင်းဆောင်တချို့ ကျနော် တချို့ကို ပြောတာပါ။ သူတို့အပေါ်မှာ လူထုထောက်ခံမှု ဆုံးရှုံးသွားမှာစိုးလို့ မှန်ရာကို မပြောဘဲ လူထုနောက်ကို လိုက်နေကြသလားဆိုတာ သံသယရှိစရာ ဖြစ်နေတယ်လို့ ထင်ပါတယ်။

Prof. Steinberg ။ ။ ဒီမှာလဲ ဒီလိုပါပဲ အသိသာဆုံးကိစ္စက မူစလင်ကိစ္စပါ။ မူစလင်တို့ရဲ့ လူ့အခွင့်အရေးကို ဘယ်ပါတီ၊ ဘယ်သူကမှ မပြောကြပါဘူး။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မူစလင် ဆန့်ကျင်ရေးသမားတွေကို မဝေဖန်ပါဘူး။ သမ္မတဦးသိန်းစိန်ဟာ မူစလင်ဆန့်ကျင်ရေး ဥပဒေကို လက်မှတ်ထိုးတယ်။ ဥပဒေမှာ အတိအကျ မဆန့်ကျင်တောင်မှ အဲဒီလို အကျိုးဆက်ရရှိတဲ့ ဥပဒေ ဖြစ်ပါတယ်။ နှစ်ဖက်စလုံး ဒီလိုပဲ လုပ်နေကြပါတယ်။ တကယ်တော့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု ရနိုင်သလောက် ရအောင် ကြိုးပမ်းနေတဲ့ သဘောပါ။ ဒီမှာလဲ အဲဒီအတိုင်း ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်နိုင်ငံရေးမှာ အခုအခါမှာ ဘုန်းတော်ကြီးတွေရဲ့ သြဇာသက်ရောက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် Secularization လို့ ခေါ်တဲ့ နိုင်ငံရေးဆိုတာ ဘာသာရေးနဲ့ သီးခြားကင်းလွတ်ရမယ်ဆိုတဲ့ အခြေအနေကို ထိခိုက်လာလေမလားဆိုတာကိုလဲ စိုးရိမ်ရတဲ့ကိစ္စတခုလို့ ထင်ပါတယ်။ နိုင်ငံရေးသမားတချို့ကလဲ ဘာသာရေးကို သူတို့ မဲအနိုင်ရဖို့အတွက် အသုံးချချင်တဲ့သဘောကို တွေ့နေရပါတယ်။

Prof. Steinberg ။ ။ ကျနော့်အနေနဲ့ကတော့ ကမ္ဘာမှာ ဘယ်နေရာမှာမဆို နိုင်ငံရေးဟာ ဘာသာရေးအောက်က ကင်းလွတ်စေချင်ပါတယ်။ ဘယ်ဘာသာပဲဖြစ်ဖြစ် ဘာသာရေးပါလာရင် သူများကို ဖယ်ထုတ်တာတွေ ရှိလာမှာပါ။ ဒါ အမေရိကန် ချဉ်းကပ်မှုဆိုတာတော့ ပြောရမှာပါ။ မြန်မာပြည်မှာတော့ နိုင်ငံရေးသမားတချို့က ဘာသာရေးကို ခုတုံးလုပ်ဖို့ ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကောင်းတဲလက္ခဏာ မဟုတ်ပါဘူး။

XS
SM
MD
LG