သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေးခွန်းထုတ်စရာ များတဲ့ ရွေးကောက်ပွဲ


အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်းခန်း။
အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်းခန်း။

ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ ဆွေးနွေးခန်း အစီအစဉ် မှာ မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟာ ဘက်လိုက်မှုမရှိဘဲ တိတိကျကျ ကြားနေဖြစ်နိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ် လို့ နိုင်ငံရေးသုတေသီ ဒေါက်တာ Christina Fink က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်တာကာလအတွင်း လွှတ်တော်ဟာ လူတွေစိုးရိမ်ခဲ့ကြသလို လက်ညိုးထောင်ခေါင်းညိတ် လွှတ်တော်မဖြစ်ခဲ့ဘူးလို့လဲ သူက ချီးကျူးးလိုက်ပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲ အထူးအစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Dr. Christina Fink ခင်များ … မြန်မာနိုင်ငံမှာ မကြာခင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အင်မတန် စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် ကောင်းပါတယ်။ ပထမဦးဆုံး မေးချင်တာက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အဆင်သင့် ဖြစ်ပြီးလို့ ထင်ပါသလား။

နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink
နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink

Prof. Christina ။ ။ ရွေးကောက်ပွဲဖြစ်စဉ် ချောမွေ့ဖို့ ၂၀၁၀ ရွေးကောက်ပွဲထက် တရားမျှတမှုရှိဖို့ အများကြီး လုပ်ထားတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ မေးခွန်း ထုတ်စရာတွေက အများကြီး ရှိနေဆဲပါ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဟာ အရင်စစ်ဗိုလ်ချုပ်တဦးပါ။ ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ် တဦးလည်း ဖြစ်နေပါတယ်။ သူက သူဟာ ဘက်မလိုက် ပါဘူး။ ရွေးကောက်ပွဲဟာလည်း လွတ်လပ်မှု၊ မျှတမှု ရှိစေရမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စစ်တပ်နဲ့ပါတီအပေါ်မှာ သစ္စာစောင့်သိနေမှုကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်မယ့် အလားအလာ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကော။ ဖွဲ့စည်းပုံ အခြေခံဥပဒေကလဲ ဒီမိုကရေစီ မဆန်ဘူးဆိုတော့ ဒီလို ဒီမိုကရေစီ မဆန်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ လက်အောက်မှာ ဒီမိုကရေစီ ရွေးကောာက်ပွဲတရပ် ဖြစ်ထွန်းလာနိုင်ပါ့မလား။

Prof. Christina ။ ။ အခု ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ အပြည့်အဝ မဟုတ်သေးတဲ့ အခြေအနေအောက်မှာ ကျင်းပရမယ်ဆိုတာ နားလည်ထားရပါမယ်။ တိုင်းနဲ့ပြည်နယ်တွေအပါအဝင် လွှတ်တော်အမတ်တွေအားလုံးဟာ ရွေးကောက်တင်မြှောက်ခံပြီးတော့ တက်လာကြမှာ မဟုတ်ပါဘူး။ (၂၅) ရာခိုင်နှုန်းက စစ်တပ်က ခန့်အပ်မှာပါ။ ဒါပေမဲ့ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းအတွက်တော့ ယှဉ်ပြိုင်ကြရမှာပါ။ တက်တက်ကြွကြွနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေကို မြင်ကြရပါမယ်။ ဒီမိုကရေစီ ဘက်တော်သားပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ အများအပြား လွှတ်တော်ထဲ ရောက်လာကြမှာပါ။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသား အင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲရေးလဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ မရနိုင်သေးပါဘူး။ ငြိမ်းချမ်းရေးဆိုတာကလဲ အဝေးကြီး ရှိနေသေးပါတယ်။ ဒါတွေက ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ အလားအလာကို ဘယ်လောက်အထိ ထိခိုက်နိုင်မယ် ထင်ပါသလဲ။

Prof. Christina ။ ။ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် တချို့ဒေသတွေမှာဆိုရင် ရွေးကောက်ပွဲ ကျင်းပနိုင်မယ်။ မကျင်းပနိုင်ဘူးဆိုတာကို အသေအချာ မသိရသေးပါဘူး။ ဒါဟာ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒီဒေသတွေရဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် တိုင်းရင်းသားပါတီတွေ လွှတ်တော်မှာ ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်မှု အပေါ်လဲ အများကြီး ထိခိုက်နိုင်ပါတယ်။ အခုအချိန်အထိ လွှတ်တော်ပထမကာလမှာ တိုင်းရင်းသားပါတီတွေ ဒီငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်ပတ်သက်မှု သိပ်ပြီးတော့ မတွေ့ခဲ့ပါဘူး။ အစိုးရက အပစ်ရပ်ရေးဟာ အစိုးရအနေနဲ့ လုပ်ဆောင်ရမယ့်ကိစ္စလို့ ဆိုပါတယ်။ အပစ်ရပ် သဘောတူညီမှု ရရှိပြီးမှ လွှတ်တော်ရဲ့ အခန်းကဏ္ဍ ရောက်လာမယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီ အပစ်ရပ် သဘောတူညီမှုဟာ ရွေးကောက်ပွဲမတိုင်မီ ရနိုင်မလား။ ရခဲ့ရင် ဒီကိစ္စ ရှေ့ဆက်တိုးနိုင်အောင်လို့ လွှတ်တော်က ဘယ်လောက်အထိ တွန်းနိုင်မလဲဆိုတာ မသိနိုင်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတာ လူအများစုက စိုးရိမ်ကြပါတယ်။ ဆိုတော့ ဒီလူတွေ စိုးရိမ်မှုက ဘယ်လောက်အထိ အခြေအမြစ်ရှိတယ်လို့ ထင်ပါသလဲ။

Prof. Christina ။ ။ စိုးရိမ်စရာ နှစ်ချက်တော့ ရှိပါလိမ့်မယ်။ ပထမတချက်က ရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်သူတွေကို မဲရုံစောင့်ခိုင်းမလဲ။ လုံခြုံရေးတာဝန် ပေးမလဲဆိုတာ ဖြစ်ပါတယ်။ မဲရုံတွေက ထောင်သောင်းချီနေတော့ ဒီလုံခြုံရေးတွေက တချိုု့နေရာတွေမှာ ကြားမနေဘဲနဲ့ မဲပေးနေသူတွေကို အကာအကွယ်မပေးဘဲနဲ့ နိုင်ထက်စီးနှင်း မဲပေးခိုင်းတာ၊ လွတ်လွတ်လပ်လပ် မဲပေးခွင့်မပြုတာ၊ ခြိမ်းခြောက်တာတွေ လုပ်လေမလားဆိုတာ စိုးရိမ်စရာတချက်ပါ။ နောက် စိုးရိမ်စရာတချက်က မီဒီယာတွေနဲ့ ရွေးကောက်ပွဲကို ထိထိရောက်ရောက် စောင့်ကြည့်ခွင့်ရမလားဆိုတဲ့ ကိစ္စပါ။ သတင်းသမားတဦးဟာ တနှစ်မှာ တနေရာကိုပဲ သတင်းယူခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ကော်မရှင်က လုပ်ထားပါတယ်။ နည်းနည်းပိုပြီးတော့ လွတ်လပ်ခွင့်ပေးဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ဆိုတော့ ရွေးကောက်ပွဲတခုလုံးကို လွှမ်းခြုံပြီးတော့ စောင့်ကြည့်သတင်းယူနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာပါ။ မီဒီယာသမားတွေ မရှိတဲ့ နေရာတွေမှာ ပိုပြီးတော့ ပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့လဲ အားတက်စရာတခုကတော့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့အတွက် ပြင်ဆင်အားတင်းထားပါတယ်။ မီဒီယာတွေ မရောက်နိုင်တဲ့ နေရာတွေကို သူတို့ စောင့်ကြည့်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ တခါ ပြည်ပက လာရောက်တဲ့ အကဲခတ်သမားတွေကို ဘယ်လို သုံးသပ်လိုပါလဲ။ သူတို့ကိုဖိတ်တာ အစိုးရက ပွင့်လင်းရိုးသားမှု ရှိတယ်ဆိုတာကို ပြသချင်လို့၊ လူကြားကောင်းအောင် ဖိတ်တာ သက်သက်ပဲလား။ ဒါမှမဟုတ် သူတို့တွေဟာ ဘယ်လောက်အထိ ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်ပါလဲ။

Prof. Christina ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ပြည်ပအကဲခတ်တွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို နိုင်ငံတကာစံနဲ့အညီ ထုတ်ပြန်ထားပါတယ်။ သူတို့ရောက်ရှိနေမှုက အရေးကြီးပါတယ်။ သူတို့ဟာ ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်တွေကို သွားရောက်ခွင့် ရကြမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်လောက်အထိ လက်လှမ်းမီနိုင်မလဲ။ အထူးသဖြင့် အစွန်းအဖြားဒေသတွေကို ရောက်နိုင်ပါ့မလားဆိုတာတော့ မေးစရာပါ။

ဦးကျော်ဇံသာ ။ ။ အခု မေးဆွယ်တရားဟောတဲ့အခါမှာ စစ်တပ်ကို မဝေဖန်ရဘူးဆိုပြီး တားမြစ်ထားတယ်လို့လဲ သိရပါတယ်။ ဒါကိုကြည့်ရင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရှိတယ်လို့ ခေါ်နိုင်ပါ့မလား။

Prof. Christina ။ ။ ဒီမှာလဲ Semi-authoritarian rule လို့ခေါ်တဲ့ တစိတ်တဒေသ အာဏာပြ အုပ်စိုးမှု ရှိနေတယ်ဆိုတာကို မမေ့သင့်ပါဘူး။ စစ်တပ်ဟာ နိုင်ငံရေးမှာ တော်တော်များများ အရေးပါနေဆဲပါ။ သူတို့ရဲ့ နိုင်ငံရေးအာဏာ မှေးမှိန်ဆုံးရှုံးမှာကို စိုးရိမ်နေပါတယ်။ ဒါကြောင့်မို့ ၂၀၁၀ တုန်းကလို နိုင်ငံပိုင် ရေဒီယို နဲ့ ရုပ်မြင်သံကြားမှာ (၁၅) မိနစ်စီ မဲဆွယ်ခွင့် ပေးထားပြီးတော့ စစ်တပ်ကို မဝေဖန်ရလို့ လုပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကောင်းပါပြီ။ ရွေးကောက်ပွဲဟာ ကျင်းပဖြစ်တယ်။ နိုင်ငံတကာက လက်ခံနိုင်တဲ့ အတိုင်းအတာအထိ လွတ်လပ်မှုရှိခဲ့တယ်။ မျှတမှု ရှိခဲ့တယ်လို့ ယူဆကြပါစို့။ ဆိုရင် ရွေးကောက်ပွဲ ပြီးတဲ့အခြေအနေ ဘယ်လို ဖြစ်လာမယ် ထင်ပါလဲ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာရှိတဲ့ လူတွေကတော့ ဘယ်သူနိုင်နိုင် ရွေးကောက်ပွဲရလဒ်ကို လေးစားမယ်လို့ ကတိပြုကြပါတယ်။ တချို့ကတော့ နောက်ကွယ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြိုးကိုင်ထားဆဲ ဖြစ်တယ်ဆိုတော့ သူ့ဆန္ဒအတိုင်း သူ လုပ်လိမ့်မယ်။ တကယ်လို့သာ NLD ဟာ တောင်ပြိုကမ်းပြို အနိုင်ရပြီးတော့ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး ဖြစ်သွားခဲ့တယ်ဆိုရင် လိုလိုချင်ချင် အာဏာလွှဲပြောင်းပေးလိမ့်မယ်လို့ ထင်ပါသလား။

Prof. Christina ။ ။ ဒီကိစ္စကတော့ စစ်တပ် အမှန်တကယ် စိုးရိမ်စရာတရပ် ဖြစ်နေတယ်လို့ ကျမ ထင်နေပါတယ်။ ဦးသန်းရွှေ ဘယ်လောက် အာဏာရှိနေသလဲဆိုတာ မသေချာပါဘူး။ စစ်တပ်အနေနဲ့က NLD အစိုးရကို လုံးဝချုပ်ကိုင် သွားနိုင်မယ့်အရေးကိုတော့ တကယ် စိုးရိမ်မှာပါ။ ဒါကြောင့် NLD ဘယ်လောက် နိုင်မလဲ။ တောင်ပြိုကမ်းပြိုနိုင်ရင်

ဒီအောင်ပွဲကို ဘယ်လို ကိုင်တွယ်မလဲ။ စစ်တပ်နဲ့ ဘယ်လို အဆင်ပြေအောင် ဆောင်ရွက်လာမလဲ။ ပိုပြီးတော့ ထိပ်တိုက်ရင်ဆိုင်လာမလားဆိုတာ မသိရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါနဲ့ ရွေးကောက်ပွဲ အကြိုကာလနဲ့ ပတ်သက်တဲ့ ကိစ္စတခုကို မေးချင်ပါသေးတယ်။ မဲဆန္ဒရှင်တွေရဲ့ နိုင်ငံရေးအသိပညာ အလုံအလောက် ရှိခဲ့ကြတယ်လို့ ထင်ပါသလား။ မှန်ကန်တဲ့ ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မလား။ ပုဂ္ဂိုလ်ရေးကိုပဲကြည့်ပြီး လူကိုကြိုက်သလို ပေးကြမှာလား။ တကယ့်အရေးကြီးတဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ အချက်အလက်တွေကို ချင့်ချိန်စဉ်းစားပြီးမှ မဲပေးနိုင်ကြလိမ့်မယ်လို့ ထင်ပါသလား။

Prof. Christina ။ ။ မြန်မာမဲဆန္ဒရှင်တွေကို အထင်မသေးသင့်ပါဘူး။ သူတို့ရဲ့ ပြဿနာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ပါတီကို ရွေးရမလဲဆိုတာကို ပြည်သူတွေ ကောင်းကောင်းကြီး သဘောပေါက်ကြပါတယ်။ အမြင်ရှင်းကြပါတယ်။ တချိန်တည်းမှာပဲ သူတို့ ပေးချင်တိုင်း မပေးနိုင်ဘဲနဲ့ တခြားပါတီတခုခုကို မဲပေးဖို့ ခြိမ်းခြောက်ခံရမယ့် အလားအလာလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ဆန္ဒအတိုင်း ရွေးဖြစ်ကြမှာပါ။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ ရွေးကောက်ပွဲ အကြိုကာလမှာ အားလုံးအဆင်ပြေပြေနဲ့ ပြီးမြောက်သွားတယ်လို့ ကျနော်က အကောင်းမြင်ပြီး ဆက်ပြောကြအောင်ပါ။ တခုမေးဖို့ ကျန်သေးတာက ကောင်းဆုံးတော့မယ့် သက်တမ်းအတွင်းမှာ လွှတ်တော်၊ အဓိကအားဖြင့် လွှတ်တော်အမတ်တွေ ဘာတွေ သင်ယူခဲ့ကြသလဲ။ ဘယ်လို အတွေ့အကြုံမျိုး၊ ဘယ်လို သင်ခန်းစားမျိုးတွေ ရခဲ့ကြတယ်လို့ ထင်ပါလဲ။

Prof. Christina ။ ။ ပထမ (၅) နှစ်အတွင်း အသွင်ကူးပြောင်းရေးမှာ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေက အားရစရာ ကောင်းပါတယ်။ လူတွေက လက်ညိုးထောင် ခေါင်းညိတ် လွှတ်တော်ပဲ ဖြစ်မယ်လို့ ထင်နေခဲ့ကြတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လက်ညိုးထောင် ခေါင်းညိတ် လွှတ်တော်လို့ မထင်ဘူးပေါ့။

Prof. Christina ။ ။ လုံးဝ မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုရင် ဘာတွေများ လွှတ်တော်ရဲ့ အစွမ်းအစနဲ့ ဆောင်ရွက်နိုင်ခဲ့တာရှိလဲ ပြောပါ။

Prof. Christina ။ ။ ပြည်သူ့လွှတ်တော် နှစ်ရပ်ရဲ့ လုပ်ရပ်ကို ကြည့်ရအောင်ပါ။ ပထမတခုက လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ပါ။ ဒီကော်မရှင်ဟာ အရင် စစ်အစိုးရလက်ထက်က သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို စစ်ဆေးပြီးတော့ နိုင်ငံတဝှမ်းက တိုင်းကြားချက် ရှစ်ရာကျော်ကို လက်ခံခဲ့ပါတယ်။ လွှတ်တော်အမတ်တွေကိုယ်တိုင် ကွင်းဆင်းပြီး စစ်ဆေးပါတယ်။ အစီရင်ခံစာ ထုတ်တယ်။ ပြီးတော့ အစိုးရနဲ့ စစ်တပ်တို့က ဘယ်ဟာတွေက ပြန်လည်ပေးအပ်သင့်တယ်လို့ ဆိုခဲ့ပါတယ်။ အစိုးရ မလိုက်နာတော့ လူသိရှင်ကြား ကြေညာချက်ထုတ်ပြီးတော့ ဘယ်အချိန် အတိုင်းအတာအတွင်း ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ပိုပြီးအရေးကြီးတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စမှာကြတော့ ...

Prof. Christina ။ ။ အဲဒီ ကိစ္စမှာလဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်တော်တော်များများက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံခဲ့ကြတာဟာ အထူးနှစ်ထောင်အားရဖွယ် ကောင်းပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လိုအပ်တဲ့ လွှတ်တော်မဲ ပမာဏကို သူတို့ လျှော့ချချင်ကြပါတယ်။ စစ်တပ်က ဒီကိစ္စကို မဟန့်တားနိုင်စေဖို့ ရည်ရွယ်ကြတာ ဖြစ်ပါတယ်။ အရေအတွက် အတိအကျ မသိရပေမယ့် ဒီကိစ္စကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တွေ ထောက်ခံမဲ ပေးကြတာပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာကတော့ လွှတ်တော် ဒုတိယအကြိမ် ပေါ်ထွန်းလာတဲ့ သက်တမ်းမှာ စစ်တပ်ဟာ နိုင်ငံရေးက တဖြည်းဖြည်း စွန့်ခွါသွားလိမ့်မယ်လို့ မျှော်လင့်ပါသလား။

Prof. Christina ။ ။ ပိုပြီးတော့ အချိန်ယူရလိမ့်အုံးမယ်လို့ ထင်ပါတယ်။ စစ်တပ်အနေနဲ့ သူတို့ရဲ့ လုံခြုံရေး၊ သူတို့ရဲ့ အကျိုးစီးပွားတွေကို နိုင်ငံရေးကဏ္ဍမှာ အတော်လေး ချုပ်ကိုင်ထားနိုင်တော့မှ၊ ကာကွယ်နိုင်မယ်၊ စိတ်ချရမယ်လို့ ယူဆထားဟန် တူပါတယ်။ ရွေးကောက်ပွဲအမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ကြားမှာ အာဏာဝေခြမ်းရေး၊ ချိန်ဆရတာတွေ ကြာပါလိမ့်အုံးမယ်။ လူတချို့က မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလို့ ထင်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ စိတ်ထဲမှာ အဲဒီလိုမျိုး မယူဆပါဘူး။ နိုင်ငံရေး ဖြစ်စဉ်ကို တစုံတရာ အတိုင်းအတာအထိ ချဲ့ထွင်ပေးချင်တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ဘယ်လိုပင်ဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲသွားမှာပါ။ ခေါင်းဆောင်တွေ၊ ပါတီတွေရဲ့ ခွန်အားပေါ်မှာလဲ မူတည်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ကျေးဇူးတင်ပါတယ် Christina ။

XS
SM
MD
LG