သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်ယာစီးပွားရေး နဲ့ သစ်တောထိန်းသိမ်းရေး


တရုတ်-မြန်မာနယ်စပ် သစ်ထုတ်လုပ်ရေး
တရုတ်-မြန်မာနယ်စပ် သစ်ထုတ်လုပ်ရေး

စစ်အစိုးခေတ်မှာ လယ်ယာစီးပွားရေး တိုးချဲ့မှု၊ မြေပြဿနာနဲ့ တောပြုန်းတဲ့ပြဿနာတွေ ဆက်စပ်နေပုံကို လွန်ခဲ့တဲ့ မတ်လထုတ် Commercial Agricultural Expansion in Myanmar ဆိုတဲ့ (၇၈) မျက်နှာ သုတေသနစာတမ်းမှာ တင်ပြထားပါတယ်။ သုတေသီ Kevin Woods ရေးသားပြီး အင်္ဂလန်အခြေစိုက် Forest Trends အဖွဲ့က ထုတ်ဝေပါတယ်။ စစ်အစိုးရခေတ်မှာ လယ်ယာစီးပွားရေးလုပ်ငန်း တိုးချဲ့လာလို့ ပြဿနာဖြစ်တာကို (၂) နှစ် လေ့လာစမ်းစစ်ပြီး ရေးထားတာ ဖြစ်ပါတယ်။ သစ်ခိုးထုတ်လို့ တောပြုန်းတာကို လူသိများပေမယ့် လုပ်ငန်းကိုအကြောင်းပြပြီး တောရှင်းတာကိုတော့ လူသိနည်းနေပုံရပါတယ်။

ဦးသိန်းစိန်အစိုးရဟာ သစ်တောသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးကို ကြွေးကြော်ရင်း လယ်ယာစီးပွားရေးလုပ်ငန်း ကြီးထွားအောင် ထောက်ခံအားပေးနေပါတယ်။ နည်းမျိုးစုံနဲ့ သစ်ထုတ်ယူမှုကြောင့် တောပြုန်းတဲ့ဧရိယာဟာ နှစ်စဉ်ဧက (၁) သန်းကျော် ရှိလာပါတယ်။ တချိန်တည်းမှာပဲ လယ်ယာစီးပွားရေးလုပ်ငန်းကို ချပေးတဲ့ မြေဧရိယာဟာ ဧက (၅) သန်းကျော် ရှိလာပါတယ်။ တချိန်တည်းမှာပဲ လယ်ယာစီးပွားရေးလုပ်ငန်းကို ချပေးတဲ့ မြေဧရိယာဟာ ဧက (၅) သန်းကျော်လာပါတယ်။ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ (၈၀၀) ကျော်ကို စက်မှုလယ်ယာ လုပ်ဖို့အတွက် အစိုးရက မြေရှာပေးပါတယ်။ ဒါပေမဲ့ လယ်ယာစီးပွားရေးလုပ်ငန်းရှင်ထဲမှာ တကယ် စိုက်ပျိုးရေးလုပ်ကိုင်သူက လေးပုံတပုံတောင် မရှိဘူးလို့ ဆိုပါတယ်။

လယ်ယာစီးပွားရေး အများအပြားလုပ်ခွင့်ရတဲ့ တနင်္သာရီတိုင်းမှာ (၂၀) ရာခိုင်နှုန်းလောက်ကသာ စိုက်ပျိုးကြပြီး ကချင်ပြည်နယ်မှာတော့ (၁၂) ရာခိုင်နှုန်းကသာ စိုက်ပျိုးကြပါတယ်။ ဒါကိုကြည့်ရင် လယ်ယာစီးပွားရေး လုပ်ခွင့်ရတဲ့ ခရိုနီတွေထဲမှာ စိုက်ပျိုးရေးမှာ စိတ်ဝင်စားသူတွေကနည်းပြီး ရတဲ့မြေပေါ်မှာ စီးပွားရေးအမြတ်ထုတ်ဖို့သာ အဓိကထားကြတာ ထင်ရှားပါတယ်။ သစ်တောအလုပ်တိုက်နယ်ထဲမှာ လယ်ယာစီးပွားရေးလုပ်ငန်းကြီးတွေကို လုပ်ခွင့်ပြုထားပါတယ်။ ၂၀၀၄ နဲ့ ၂၀၀၅ က ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောမှာ ဧက (၂) သန်းနီးပါး စိုက်ပျိုးရေးလုပ်ခွင့်ပေးတဲ့အတွက် တောနေရာမှာ စစ်စခန်းနဲ့ လယ်ယာလုပ်ငန်းတွေ ရောုက်လာပါတယ်။ ဆီအုန်း၊ ရာဘာနဲ့ ရေအားလျှပ်စစ်အတွက် ၂၀၁၁ မှာ သစ်ကုဗမီတာ (၁) သိန်းကျော် ထုတ်ယူကြောင်း သိရပါတယ်။ ဒီကိစ္စမှာ အစိုးရစာရင်းဇယား အလွန်နည်းနေပါတယ်။

စိုက်ပျိုးရေးလုပ်ခွင့်ရတဲ့ ခရိုနီတွေ ထုတ်ယူတဲ့ သစ်ပမာဏ ဘယ်လောက်ရှိမယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်ပါဘူး။ စစ်အာဏာရှင်အစိုးရခေတ်မှာ အဂတိလိုက်စားပြီး အခွင့်ထူးတွေ သုံးတာကြောင့် စာရင်းအင်း စနစ်တကျရှိတာ အလွန်နည်းပါတယ်။ လယ်ယာစီးပွားရေးလုပ်ကွက်တွေ ခရိုနီကို ချပေးတာဟာ ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်ရတဲ့အကြောင်းရင်းပါပဲ။ မိရိုးဖလာဓလေ့အတိုင်း သားစဉ်မြေဆက် စိုက်ပျိုးရေးလုပ်လာတဲ့ လယ်သမားမှာ လုပ်ပိုင်ခွင့်ကိုပြတဲ့ စာရွက်စာတမ်း မရှိပါဘူး။ ဒါကြောင့် မြေသိမ်းမှုတွေမှာ ဒေသခံတွေနဲ့ အမြဲတမ်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ အမိန့်နဲ့ အုပ်ချုပ်တဲ့ အာဏာရှင်အစိုးရအဖို့တော့ ခရိုနီတွေကို စာရွက်စာတမ်း ထုတ်ပေးလိုက်ရင် ပြီးတာပါပဲ။ လယ်ယာစီးပွားရေးကြောင့် တောပြုန်းရပုံကို လေ့လာစမ်းစစ်တာမျိုး မရှိသေးဘူးလို့ Kevin Woods က ဆိုပါတယ်။

စိုက်ပျိုးရေးစီးမံကိန်းတွေများပြီး လူမှုရေးပဋိပက္ခတွေများတဲ့ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို အဓိက လေ့လာထားပါတယ်။ လယ်ယာစီးပွားရေးအတွက် ချပေးတဲ့ မြေဧက (၅) သန်းခွဲမှာ တနင်္သာရီတိုင်းက ဆီအုန်းက ဧက (၂) သန်း ရှိပါတယ်။ ဆီအုန်းစိုက်ပျိုးရေးအားလုံး တနင်္သာရီက သစ်တောအလုပ်တိုက်နယ်ထဲမှာ ရှိပါတယ်။ ဆီအုန်းစိုက်ခွင့်ရတဲ့ အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင် (၄၀) ကျော်ဟာ တောရှင်းပြီး ပြင်ဆင်ကြပေမယ့် ၂၀၁၃ နှစ်ကုန်တော့ စိုက်ခွင့်ရတဲ့ ဧက (၂) သန်းထဲက (၂၀) ရာခိုင်နှုန်းလောက်သာ ဆီအုန်းစိုက်ပျိုးနိုင်ကြပါတယ်။ ခရိုနီတွေဟာ ရတဲ့မြေကွက်မှာ သစ်ခုတ်ယူပြီး မြေအရောင်းအဝယ်လုပ်ဖို့သာ စိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံကြတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ မိရိုဖလာ စိုက်ပျိုးမြေတွေလည်း ဆီအုန်းစိုက်ခင်း ဖြစ်သွားပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက သစ်တောပြုန်းတီးမှုနဲ့ အတန်းအစား ကျဆင်းမှုကို ဟန့်တားနိုင်ဖို့အတွက် သစ်တောစိုက်ခင်းသစ် တည်ထောင်ပြီး တောနိမ့်တောပျက်တွေကို ပြုစုပျိုးထောင်ဖို့ ကြိုးပမ်းပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကတော့ တောရှင်းပြီး စိုက်ပျိုးမြေ တိုးချဲ့လိုတာကြောင့် အစိုးရဌာနအချင်းချင်း ပဋိပက္ခဖြစ်တဲ့ အခြေအနေ ရှိလာပါတယ်။ တိုင်းပြည်စီးပွားရေး တိုးတက်အောင် လယ်ယာစီးပွားရေးလုပ်ငန်းကြီးတွေကို အားပေးရမယ်ဆိုတဲ့ အစိုးရလမ်းစဉ်ကြောင့် လယ်ယာစိုက်ပျိုးရေးဌာနက အပေါ်စီးရသလို ဖြစ်နေပါတယ်။

လယ်ယာစီးပွားရေးလုပ်ငန်းအတွက် တောရှင်းတဲ့အခါမှာ သစ်ပင်တွေကို ခုတ်လှဲထုတ်ယူရတာမို့ တောပြုန်းပြီး သစ်ခွဲသားတွေ များပြားလာတာကို သတိမထားမိဘဲ တရုတ်တွေ သစ်ခိုးထုတ်တာကိုပဲ အာရုံစိုက်ကြတာ များပါတယ်။ လယ်ယာစီးပွားရေး တိုးချဲ့တာကို အမည်ခံပြီး သစ်ပင်တွေကို ခုတ်လှဲထုတ်ယူပြီးတော့ သစ်ခွဲသားအဖြစ် ယူနန်ဘက်ကို သယ်ယူတာတွေ ရှိပါတယ်။ ဒီနေရာမှာ ကချင်လက်နက်ကိုင်အဖွဲ့၊ ခရိုနီ၊ တရုတ်လုပ်ငန်းရှင်နဲ့ ထိပ်ပိုင်းက စစ်ဗိုလ်ကြီးတွေ အမြတ်ထုတ်ကြပါတယ်။ စိုက်ပျိုးရေး လမ်းဖောက်ရေးစသဖြင့် အကြောင်းအမျိုးမျိုးပြပြီး နည်းမျိုးစုံနဲ့ သစ်ထုတ်နေပုံကို Kevin Woods က အသေးစိတ် တင်ပြထားပါတယ်။

XS
SM
MD
LG