သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အမျိုးသားပါတီ နှစ်ခြမ်းကွဲသွားနိုင်သလား


ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင် နဲ့ ဦးအေးမောင် (Photo from Rakhine CJ FB)
ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင် နဲ့ ဦးအေးမောင် (Photo from Rakhine CJ FB)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်အမျျိုးသားပါတီက အမတ်တဦးကို ပြည်နယ်ဝန်ကြီးချုပ်ရာထူး မပေးရင် သူတို့ပါတီဟာ NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘဲ အတိုက်အခံအဖြစ် ရပ်တည်မယ်ဆိုတဲ့ ကြေညာချက်ဟာ မြန်မာ့နိုင်ငံရေးမှာရော ANP ပါတီတွင်းမှာပါ ဂယက်ရိုက်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်၊ ကြေညာချက်အတွက် သူ့ကိုအသိပေးခြင်း တိုင်ပင်ခြင်း လုံးဝမရှိခဲ့ဘူး၊ ဗဟိုအလုပ်အမှုဆောင် အများစုရဲ့သဘောထားကိုလဲ ရယူခဲ့ခြင်း မရှိခဲ့ဘူးလို့ ANP အကြီးအကဲတဦးလဲဖြစ် ပေါင်းစည်းပါဝင်နေတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်လဲဖြစ်တဲ့ ဦးအေးသာအောင်က ဆိုပါတယ်။ ဒီပြသနာကို ဘယ်လိုဖြေ ရှင်းကြမလဲ၊ ပါတီ နှစ်ခြမ်းကွဲတဲ့အထိ ပြဿနာ ကြီးထွားလာနိုင်သလားဆိုတာ ဦးအေးသာအောင် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအေးသာအောင် ခင်များ .. အခု ANP ရခိုင်အမျိုးသားပါတီအနေနဲ့ သူတို့ပါတီကလူကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မပေးရင် NLD အစိုးရကို သပိတ်မှောက်မယ်။ အတိုက်အခံနဲ့ပဲ ရပ်တည်မယ်ဆိုတဲ့ ကြေညာချက် ထွက်တာနဲ့ ပတ်သက်ပြီးတော့ လူတိုင်းက စိတ်ဝင်စား ပြောနေကြပါတယ်။ တချိန်တည်းမှာပဲ ဦးအေးသာအောင် အမှုပြုတဲ့ ALD ဘက်က ပါဝင်လာတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ဘဝင်မကျဆိုတဲ့ အသံတွေလည်း ကျနော်တို့ သဲ့သဲ့ကြားရပါတယ်။ ဦးအေးသာအောင်ရဲ့ သဘောထားကို ပထမဦးဆုံး ရှင်းပြပါ။

ဦးအေးသာအောင် ။ ။ ဒီကိစ္စက ကျနော်တို့ ပေါ်လစီနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ကြေညာချက်တခုကို ဆုံးဖြတ်ချက်မျိုး ဆုံးဖြတ်မယ်ဆိုရင် CEC အားလုံးကို ဖိတ်သင့်တယ်။ အများရဲ့ ဆန္ဒသဘောကို ယူသင့်တယ်။ အခုတော့ ကျနော် သိရသလောက်ဆိုရင် ကျနော်နဲ့ သိတဲ့လူ တော်တော်များများ ဒီကြေညာချက်ကိုထုတ်ဖို့ အခုလို ဆုံးဖြတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မသိတဲ့လူများပါတယ်။ ဒါက မဖြစ်သင့်ဘူး။ ကျနော် ပြောချင်တာက နှစ်ပါတီ ပေါင်းတဲ့အခါမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ကျနော်သည် ဥက္ကဋ္ဌ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ရခိုင်အမျိုးသားပါတီမှာ ရာထူးမယူထားဆိုပေမယ့် ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုး ချမယ်ဆိုရင် ကျနော်ကို ဖိတ်သင့်တယ်။ ကျနော်ကို အကြောင်းကြားသင့်တယ်။ အသိပေးသင့်တယ်။ အခုတော့ အကြောင်းလဲမကြားဘူး။ အသိတောင် မပေးဘူးဆိုတော့ ကျနော်အနေနဲ့ ဘယ်လို ပြောရမလဲ။

ဦးကျော်ဇံသာ ။ ။ ဦးအေးသာအောင် ခေါင်းဆောင်တဲ့ ALD ဘက်က လူတွေကို အသိမပေးခဲ့ဘူးဆိုတော့ ဒီကိစ္စဟာ ပါတီနှစ်ခြမ်းကွဲသွားနိုင်တဲ့ အခြေအနေ ရှိနိုင်ပါလား။

ဦးအေးသာအောင် ။ ။ တကယ်တော့ ကျနော်တို့ ရခိုင်ပြည်နယ်က အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်ပါတယ်။ ပြည်နယ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ဘက်စုံယိုးယွင်းကျဆင်းနေတာကို ပြန်ပြီးတော့ တိုးတက်လာအောင်လုပ်ဖို့ စွန့်ရဲတဲ့ အမျိုးသားညီညွှတ်ရေးကို တည်ဆောက်ရပါမယ်။ အမျိုးသားညီညွှတ်ရေးအင်အားနဲ့ အခုနပြောတဲ့ လက္ခဏာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းရမယ်။ ဒါကြောင့် နှစ်ပါတီပေါင်းတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ဘက်က လိုလိုလားလား လိုက်လျောပြီးတော့ ပူးပေါင်းခဲ့တယ်။ အခု ဘယ်လိုပဲ ပြဿနာဖြစ်ဖြစ် တကယ့်တကယ် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးသမားဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ခံယူချက်ရှိတယ်။ စိတ်ဓါတ်ရှိတယ်ဆိုရင် အမျိုးသားညီညွှတ်ရေးကို ပျက်ပြားအောင် မလုပ်ရဘူး။ ပျက်ပြားဖို့ ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း အမျိုးသားရေး၊ တမျိုးသားလုံးအကျိုးကို ရည်မျှော်ပြီးတော့ သည်းခံရမယ်၊ စိတ်ရှည်ရမယ်၊ စိတ်အေးအေးနဲ့ ဖြေရှင်းတတ်တဲ့ အလေ့အကျင့်တွေ ရှိဖို့လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ရှေ့ကိုဆက်ပြီးတော့ အဲဒီလို အခြေအနေမျိုး ဖြစ်လာနိုင်ပါသလား။ ဦးအေးသာအောင် ပြောသလို၊ သို့တည်းမဟုတ် ပိုပြီးတော့ တင်းတင်းမာမာ ဖြစ်ပြီးတော့ ကွဲသွားနိုင်ပါလား။

ဦးအေးသာအောင် ။ ။ ကျနော့်သဘောကတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ ကျနော်တို့ ရခိုင်ပြည်နယ် အနာဂတ် ချီတက်ဖို့နေရာမှာ အမျိုးသားညီညွှတ်ရေးကို မဖြစ်မနေ တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ တမျိုးသားလုံးရဲ့အရေးကို ရှေ့ရှုပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ကြေညာချက်မှာပါတဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ရခိုင်အမျိုးသားပါတီအမတ်ကို ပြည်နယ်ဝန်ကြီးချုပ်မပေးရင် NLD နဲ့ ပူးပေါင်းမဆောင်ရွက်ဘူး၊ အတိုက်အခံအဖြစ် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အတိုက်အခံအဖြစ် ဆောင်ရွက်တာလဲ တကယ်တော့ ဒီမိုကရေစီလမ်းကြောင်းနဲ့ သင့်တဲ့ လမ်းတလမ်းပါ။ သို့ပေမဲ့ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ရခိုင်ပြည်နယ်အကျိုး၊ တနိုင်ငံလုံး၊ ပြည်ထောင်စုတခုလုံးရဲ့ အကျိုးကို ဘယ်လို ထိခိုက်နိုင်လဲလို့ ဦးအေးသာအောင်တို့ တွက်ပါသလဲ။

ဦးအေးသာအောင် ။ ။ ကျနော် ပြောချင်တာက ဒီလိုပါ အပြတ်အသတ်နိုင်တဲ့ပါတီ နဲ့ ကျန်တဲ့ပါတီတွေ ရှိမယ်။ မူအရ အတိုက်အခံအနေနဲ့ နေလို့ရပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်မပေးရင် ဆိုတာမျိုးကတော့ မကောင်းဘူးလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်ရတဲ့အကြောင်းသည် ဒီနေ့မှ ဖြစ်လာတဲ့သဘော မဟုတ်ပါဘူး။ ဖဆပလခေတ်က ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်ဥက္ကဋ္ဌတွေကို ပြည်နယ်က ဘယ်လောက်ပဲရွေရွေး၊ ဝန်ကြီးချုပ်ဖြစ်တဲ့ ဖဆပလ ဥက္ကဋ္ဌ ဦးနု က သဘောမတူရင် ပြည်နယ်ဥက္ကဋ္ဌ မဖြစ်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ ဒါကြောင့်လဲ ပြည်နယ်ပြည်မ ပြဿနာတွေ ရှိခဲ့တယ်။ ဘာကြောင့်လဲ ၄၇ ဥပဒေမှာ ဒီလိုပြဌာန်းခဲ့လို့ ဖြစ်ပါတယ်။ အခုလဲ ပြည်နယ်မှာ အပြတ်အသတ်တော့ အနိုင်ရတဲ့ပါတီ နှစ်ခုပဲ။ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခွင့်မရဘူး။ အစိုးရဖွဲ့ခွင့် မရဘူးဆိုတဲ့ အဓိက ပြဿနာသည် ၂၀၀၈ ဖွဲ့စည်းပုံ။ ဒီတော့ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လို ပြင်မလဲ။ ဘယ်လိုပြင်လို့ ရမလဲ။ ပြင်ဖို့အတွက် ဘယ်လို ကြိုးပမ်းမလဲ ဆိုတာမျိုးတွေကို တခွန်းတလေ မပြောဘဲနဲ့ ဝန်ကြီးချုပ်ရမှ ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဓိကအားဖြင့် ဒေါက်တာအေးမောင်အနေနဲ့လဲ အဲဒီအချက်ကိုပဲ ဆန့်ကျင်ကန့်ကွက်လိုတဲ့ သဘောလို ထင်ပါတယ်။ ဗဟိုအစိုးရက ချုပ်ကိုင်ထားပြီးတော့၊ ဗဟိုက ခန့်အပ်ပေးတဲ့ ဝန်ကြီးချုပ်ကသာ ပြည်နယ်ကို အုပ်ချုပ်တယ့်သဘော၊ အရင်တုန်းကလဲ အငြင်းပွားခဲ့တဲ့ကိစ္စ။ အခုလဲ တိုင်းရင်းသားတွေအားလုံး လိုလားနေတဲ့ကိစ္စ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက အဓိက ရပ်တည်တယ်လို့ ထင်ပါတယ်။

ဦးအေးသာအောင် ။ ။ ကျနော် ပြောချင်တာက ကျနော် နိုင်ငံရေးသမား ဖြစ်လာတာက ကျောင်းတဆောင်ဆောက်ဖို့၊ လမ်းတလမ်းဖောက်ဖို့ဆောက်ဖို့၊ ရာထူးတခုရဖို့အတွက် မဟုတ်ပါဘူး။ အဓိက ရခိုင်အမျိုးသားများရဲ့ ဆုံးရှုံးနေတဲ့ အမျိုးသား ရပိုင်ခွင့်ကို ရဖို့အတွက် နိုင်ငံရေးလုပ်တာပါ။ အဓိက ပြောချင်တာက ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရဖို့ ကြိုးပမ်းနေတာပါ။ အဲဒီအတွက်ဆို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရေးသည် အဓိက ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးကိုပဲ အဓိကပြောမယ်။ တိုက်တွန်းသွားမယ်ဆိုတာကို ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တစ်ခု မေးချင်ပါသေးတယ်။ ဦးအေးသာအောင် ကို တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက နေရာ၊ တာဝန်၊ တစုံတရာ ကမ်းလှမ်းလာတယ်ဆိုရင် ဦးအေးသာအောင် ဘယ်လို သဘောထားမလဲ။

ဦးအေးသာအောင် ။ ။ ကျနော် နိုင်ငံရေး လုပ်တာသည် ရာထူးလိုချင်လို့၊ နေရာလိုချင်လို့ လုပ်တာမဟုတ်ပါဘူး။ ပြည်တွေဘက်က ရပ်ပြီးတော့ ပြည်သူတွေအတွက် ပြောဖို့၊ ပြည်သူတွေအတွက် လုပ်ဖို့ ကျနော် နိုင်ငံရေးလုပ်တာပါ။ ကျနော်အနေနဲ့ မည်သည့်ရာထူး၊ မည်သည့်နေရာမှ မျှော်လင့်မမျှော်လင့်ခဲ့ပါဘူး။ အခုလဲပဲ တချို့ ထင်ကြေးပေးကြတယ်။ ခန့်မှန်းပြီးတော့ ပြောကြတယ်။ ဂျာနယ်တွေမှာ ရေးကြတယ်။ မေးလဲမေးတယ်။ ဒါပေမဲ့ ဒါတွေက တိတိကျကျ၊ မသေမချာ ဖြစ်တဲ့အခါကြတော့ ကျနော်ကပြောဖို့ ခက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တာက အခု ဒေါက်တာအေးမောင်တို့ ကြေညာချက် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီးတော့ ပါတီအတွင်းမှာ အတော်လေး ကွဲပြဲသွားနိုင်တယ့် အခြေအနေ ရှိနိုင်တယ်လို့ သုံးသပ်ရပါတယ်။ ဒီကိစ္စ နှစ်ဘက် ပြေလည်သွားနိုင်တဲ့ အလားအလာ ရှိပါလား။ ပြေလည်သွားနိုင်အောင် ဘယ်လိုဆောင်ရွက်နိုင်မယ်လို့ ထင်ပါလဲ။ နောက်ဆုံးအနေနဲ့ ပြောပေးပါ။

ဦးအေးသာအောင် ။ ။ အမှန်ကတော့ နိုင်ငံရေးပါတီတစ်ခုဟာ အမျိုးသားညီညွှတ်ရေးကို တည်ဆောက်ဖို့ လိုပါတယ်။ ညီညွှတ်ရေးကို တည်ဆောက်တဲ့နေရာမှာ အကြောင်းတချက်နဲ့ တည်ဆောက်လို့ မရပါဘူး။ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့က တကယ့် ဒီမိုကရေစီကျင့်စဉ်၊ ပါတီတွင်း လုပ်ထုံးလုပ်နည်း၊ နိုင်ငံရေးပါတီတစ်ခုရဲ့ လုပ်ရမယ့် ကျင့်ထုံးကျင့်စဉ်တွေကို လိုက်နာပြီးတော့ လုပ်မယ်ဆိုရင် ညီညွှတ်ရေးဆိုတာ ဖြစ်ပါတယ်။ စကားက ပြောချင်သလိုပြောလို့ မဖြစ်ပါဘူး။ တကယ့်တကယ် ညီညွတ်ရေးကို ဦးတည်တဲ့ ထိန်းထိန်းသိမ်းသိမ်း၊ ဆင်ဆင်ခြင်ခြင် လုပ်ဖို့လိုပါတယ်။ ပြည်ထောင်စုအတွက်၊ တမျိုးသားလုံးအတွက် ပြောတဲ့အခါမှာ အမျိုးသားရေးကို ရည်မှန်းပြီးတော့၊ အမျိုးသားညီညွှတ်ရေးကို ရည်မှန်းပြီးတော့ ပြောဖို့လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ပြန်လည်ပြီးတော့ ဦးအေးသာအောင်တို့ဘက်က CEC အစည်းအဝေးကို ပြန်ခေါ်ပြီးတော့ ဒါကိုတင်ပြမယ်။ ပြေလည်အောင် ညှိနှိုင်းမယ်ဆိုတဲ့ အဲဒီလိုများ စဉ်းစားထားပါလား။ ဘယ်လို ပြေလည်အောင် ဖြေရှင်းသွားဖို့ စဉ်းစားထားပါလဲ။

ဦးအေးသာအောင် ။ ။ ကျနော်တို့ဘက်ကတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပြည်နယ်က အဆင်းရဲဆုံး ပြည်နယ်ဖြစ်တယ်။ တခြားပြည်နယ်တွေထက်လဲ ပြဿနာတွေ များပါတယ်။ ဒီတော့ ဒီစိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ကျော်လွှာနိုင်ဖို့ ညီညွတ်တဲ့ အမျိုးသား ညီညွှတ်ရေးကို တည်ဆောက်ဖို့ လိုပါတယ်။ အဲဒီတော့ ဘယ်လို ပြဿနာပဲဖြစ်ဖြစ်၊ ဘယ်လိုကိစ္စမျိုးပဲပေါ်ပေါ် ညီညွှတ်ရေးကို ပြန်ပြီးတော့ ရယူသင့်တယ်။ တည်ဆောက်သင့်တယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ CEC အစည်းအဝေး ကျင်းပဖို့ တောင်းဆိုတင်ပြဖို့ အစီအစဉ် ရှိပါလား။

ဦးအေးသာအောင် ။ ။ ကျနော်အနေနဲ့ တင်ပြတာထက် တကယ်တော့ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့တွေမှာ တာဝန်ရှိပါတယ်။ သင့်တော်တဲ့ အချိန်မျိုးမှာ ခေါ်သင့်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ ဦးအေးသာအောင်ရဲ့ အမြင်များ ဖြစ်ပါတယ်။ နောက်တပတ်မှာတော့ ဒေါက်တာအေးမောင် ကို ဆက်သွယ်ပြီး သူတို့ဘက်က သဘောထားအမြင်ကို တင်ပြနိုင်အောင် ကြိုးစားသွားပါမယ်။

XS
SM
MD
LG