သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ နဲ့ ဒီမိုကရေစီစနစ် (အပိုင်း ၂)


မြန်မာနိုင်ငံဆိုင်ရာ အဆင့်မြင့် အမေရိကန်သံတမန်ဟောင်း Priscilla Clapp
မြန်မာနိုင်ငံဆိုင်ရာ အဆင့်မြင့် အမေရိကန်သံတမန်ဟောင်း Priscilla Clapp

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို မလိုလားတဲ့ မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသားပါတီတွေ လွှတ်တော်အတွင်း အင်အားကောင်းလာတာကို စိုးရိမ်လိမ့်မယ် မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အဆင့်မြင့် အမေရိကန်သံတမန်ဟောင်း Priscilla Clapp က သုံးသပ်လိုက်ပါတယ်။ NCA လို့ခေါ်တဲ့ ပြည်လုံးကျွတ် အပစ်ရပ်ရေး သဘောတူညီချက်ကို သဘောတူကြရင် နိုင်ငံရေး ပြေလည်မှုဖြစ်စဉ် အတော်ခရီးပေါက်နေပြီလို့ ယူဆနိုင်တယ်လို့လဲ ဆိုပါတယ်။ မြန်မာ့ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် Ms. Priscilla Clapp နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ Priscilla ။

Ms. Priscilla ။ ။ မင်္ဂလာပါရှင်။ နေကောင်းပါလားရှင်။

ဦးကျော်ဇံသာ ။ ။ နေကောင်းပါတယ်။ Priscilla ကော နေကောင်းလား။

Ms. Priscilla ။ ။ ကောင်းပါတယ်။ဦးကျော်ဇံသာ ။ ။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲအကြိုကာလ မြန်မာနိုင်ငံမှာ အခုကြည့်လိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လူကြိုက်အများဆုံးပါတီ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ တချို့က တိုင်းရင်းသားဒေသတွေမှာ NLD က လူကြိုက် နည်းနည်းကျလာတယ်လို့ သုံးသပ်ကြပါတယ်။ Priscilla ဘယ်လို သဘောရပါလဲ။

Ms. Priscilla ။ ။ ဒါက မျှတတဲ့ သုံးသပ်မှုလို့ ထင်ပါတယ်။ NLD ကတော့ အမတ်ဦးရေ အများအပြား ရမှာပါ။ လာမယ့် လွှတ်တော်မှာ အင်အားအကောင်းဆုံး တခုတည်းသော ပါတီ ဖြစ်လာပါလိမ့်မယ်။ ဘယ်လောက်နိုင်မယ်ဆိုတာတော့ မပြောနိုင်ပါဘူး။ တချိန်တည်းမှာ တိုင်းရင်းသားပါတီတွေ အလားအလာ ပိုကောင်းမယ်ဆိုတာကိုလည်း အငြင်းပွားစရာ မရှိပါဘူး။ အင်အားတွေလည်း ပိုများလာပြီးတော့ ဒီရွေးကောက်ပွဲကိုလည်း သူတို့ အလေးအနက်ထားကြပါတယ်။ ၂၀၁၀ တုန်းကတော့ အာဏာရ ပြည်ခိုင်ဖြိုးပါတီကပဲ ကြီးစိုးနေခဲ့တာပါ။ အခုတော့ သူတို့ပါတီတွေထောင်ကြ သီးခြားရပ်တည်လာကြပါတယ်။ လွှတ်တော်နဲ့ အစိုးရ parliamentary government ဟာ နိုင်ငံအတွက် သူတို့မျှော်မှန်းတဲ့ နိုင်ငံရေးရည်မှန်းချက် ဖော်ဆောင်နိုင်တဲ့လမ်းကြောင်း၊ သူတို့ လိုချင်နေတဲ့ တန်းတူအခွင့်အရေးတွေ ရရှိစေမယ့်နည်းလမ်းလို့ မြင်လာကြပါတယ်။ အထူးသဖြင့်ဆိုရင် ပြည်နယ်အစိုးရဟာ သူတို့အတွက် သိပ်ကို အရေးကြီးပါတယ်။ သူတို့ဒေသတွင်းမှာ ရရှိမယ့်မဲတွေ၊ အမတ်နေရာတွေဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဝေစုထဲက ခွဲထွက်လာကြမှာ ဖြစ်ပါတယ်။ NLD နိုင်မယ့် မဲတွေ၊ အမတ်နေရာတွေလည်း ပြည်ခိုင်ဖြိုးထဲကပဲ ခွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကျုံ့သွားပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ခွန်အားလို့ ပြောနိုင်တဲ့ကိစ္စတခု ကျနော် ပြောပါရစေ။ သူတို့ မဲဆွယ်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲရေးဆိုတာ ငါတို့ပါတီက စလိုက်တာဆိုပြီး လက်မထောင်ပြီး စည်းရုံးနေကြပါတယ်။ ဒါဟာ ဘယ်လောက်အထိ ဆွဲဆောင်မှုကောင်းတဲ့ စည်းရုံးမှုလို့ ထင်ပါလဲ။ ဒီကြွေးကြော်မှုက ဘယ်လောက်အထိ ဆွဲဆောင်မှုရှိမယ်လို့ ထင်ပါလဲ။

Ms. Priscilla ။ ။ ပြည်ခိုင်ဖြိုးပါတီက ဘယ်သူတွေကို ကိုယ်စားပြုသလဲ။ မှန်ပါတယ် ပြုပြင်ပြောင်းလဲရေးအတွက် အများကြီး လုပ်ပါတယ်။ ဒါလဲ မှန်ပါတယ်။ သူတို့ ဖော်ဆောင်နေတဲ့ ပြုပြင်ရေးတွေ ပြောင်းလဲရမယ်ဆိုတဲ့ အသိတရားတွေက NLD ဆီက ရလာတယ်လို့ ကျမ ပြောရပါလိမ့်မယ်။ ဒါတွေဟာ NLD နှစ်ပေါင်း (၂၀) လုံးလုံး တောင်းဆိုလာတဲ့ ကိစ္စပါ။ ဆိုတော့ အမှတ်ပေးရမှာ NLD ပါရှင့်။

ဦးကျော်ဇံသာ ။ ။ နောက် ပြည်ခိုင်ဖြိုးရဲ့ နောက်ထပ် စွမ်းအားတရပ်လို့၊ ခွန်အားတရပ်လို့ ပြောနိုင်တဲ့ ကိစ္စကတော့ အစွန်းရောက် ဘုန်းတော်ကြီးတွေ ဖြစ်ပါတယ်။ သူတို့က NLD ကို ဆန့်ကျင်ပြီးတော့ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးကြဖို့ နည်းအမျိုးမျိုးနဲ့ လှုံဆော်နေပါတယ်။ ဘာသာရေးကို အကြောင်းပြပြီးတော့။ ဒီအင်အားကို Priscilla ဘယ်လို တွက်ပါလဲ။

Ms. Priscilla ။ ။ ဒီရွေးကောက်ပွဲမှာ အစွန်းရောက် ဘုန်းတော်ကြီးတွေရဲ့ အခန်းကဏ္ဍက အင်မတန်မှ အပျက်သဘောဆောင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီလိုပဲ မြင်ပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိဖို့ ကြည့်တဲ့နေရာမှာ ဒါကလဲ လုံးဝမျှတမှု မရှိတဲ့ ကိစ္စပါ။ ပြည်သူလူထုရဲ့ ကိုးကွယ်ယုံကြည်မှုကို နိုင်ငံရေးနဲ့ ဆွဲစိနေကြပါတယ်။ မျှတမှုမရှိရုံမက ဖွဲ့စည်းပုံဥပဒေနဲ့ ဆန့်ကျင်နေပါတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ အသုံးမချရဘူးလို့ ၂၀၀၈ ဖွဲ့စည်းပုံက ပြဌာန်းထားပါတယ်။ ဒါကို ချိုးဖောက်နေကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ NLD နဲ့ ကျန်တဲ့ပါတီတွေက ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားပါတယ်။ ကော်မရှင်က ဘာမှ လုပ်မပေးပါဘူး။ ဒါ လုံးဝမတရားပါဘူး။ တကယ်တော့ ရွေးကောက်ပွဲကော်မရှင်က ဒါမျိုးကို နောက်ဆုံး တရားရုံးမှာ ဖြေရှင်းရမယ်။ ဒါပေမဲ့ ဘာမှ မလုပ်ပါဘူး။ ပြည်ခိုင်ဖြိုးကတော့ ဘုန်းကြီးတွေ လုပ်ရပ်အတွက် သိပ်ပြီးတော့ အားတက်နေကြတာပါ။ ဒီမိုကရေစီပါတီတွေကို ထိုးနှက်နေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ မှန်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ဒါကို မသိကျိုးကျွန် ပြုနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လက်တွေ့မြင်နေရတာက ဒီအစွန်းရောက် ဘုန်းတော်ကြီးတွေရဲ့ နောက်ကွယ်မှာ လူထုတော်တော်များများ ရှိနေတယ်ဆိုတာပါ။

Ms. Priscilla ။ ။ ဒါက ဦးကျော်ဇံသာ ပြောတာလေ။ ဘယ်သူ သိနိုင်မှာလဲ။ အသက်အရွယ်ကြီးတဲ့ လူကြီးပိုင်းက ထောက်ခံကောင်း ထောက်ခံလိမ့်မယ်။ ဒါပေမဲ့ လူငယ်တွေကတော့ လက်ခံမယ် မထင်ပါဘူး။ ဒီကိစ္စကို ပြောင်ပြီးတော့ ရေးထားတဲ့ ကာတွန်းတွေကို ကြည့်လိုက်ပါ။ အမျိုးသမီးတွေကို အပျိုစစ်ရဲ့လားဆိုတာမျိုး ဆေးရုံမှာ ဘုန်းကြီးတွေ စစ်ဆေးနေတဲ့ ကာတွန်းကို တွေ့ရပါတယ်။ အံ့မခန်းပါပဲ။ မျိုးဆက်သစ်လူငယ်တွေ ဒီဘုန်းကြီးတွေကို လှောင်ပြောင်နေကြတာပါ။ ဆိုတော့ ဒီလိုမျိုး ဘာသာရေးကိုသုံးတာ သူတို့ နိုင်ကြမယ်လို့ ထင်ကြမယ်။ တကယ်တော့ သူတို့ အရှုံးတွေပါ။

ဦးကျော်ဇံသာ ။ ။ အခု တိုင်းရင်းသားအရေးကို နည်းနည်းပြောချင်ပါတယ်။ NLD အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြီးတော့ အရွေးခံမယ်ဆိုတဲ့ကိစ္စ။ အဲဒီကိစ္စကို တိုင်းရင်းသားတချို့က သိပ်မကျေနပ်ကြဘူးခင်များ။

Ms. Priscilla ။ ။ ဒါက ဒီမိုကရေစီပါပဲ။ ကျမကတော့ NLD တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်မယ့်ကိစ္စကို နားလည်နိုင်ပါတယ်။ ဒီမိုကရေစီဖြစ်စဉ်မှာ ဒီလိုမျိုး ဆန့်ကျင်တုန့်ပြန်မှုတွေ ရှိစမြဲပါ။ ဒါကို မြန်မာပြည်သူတွေ သိပ်ပြီး နားလည်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ အခုအခါမှာ ပါတီတွေက အများကြီး ရှိပါတယ်။ အင်အားကောင်းဖို့အတွက် ညွှန့်ပေါင်းဖွဲ့ရမယ်ဆိုတာလည်း သူတို့ သိပါတယ်။ NLD နိုင်ရင် NLD က သူတို့အတွက် ရပ်တည်မယ်လို့ လူတွေ မျှော်လင့်နေကြပါတယ်။ နောက်တခုက တိုင်းရင်းသားဒေသတွေမှာ ဝင်ရောက်ပြီး ယှဉ်ပြိုင်ကြမယ့် NLD အမတ်လောင်းတွေကလည်း သက်ဆိုင်ရာ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု တိုင်းရင်းသားပါတီကြီးတချို့က ဒီရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကို ပိုပြီးအလေးထားတာ တွေ့ရပါတယ်။ အဓိကတော့ ပြည်နယ်အစိုးရကို သူတို့ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့စည်းနိုင်ရမယ်။ ပြည်နယ်အစိုးရကို နိုင်ငံတော်သမ္မတက၊ ဗဟိုက ရွေးချယ်တာ၊ ဗဟိုက ခန့်အပ်တာကို မလိုချင်ဘူး။ သူတို့ရွေးပြီး ခန့်မယ်ဆိုတဲ့ သဘောမျိုး ကြိုးစားနေကြပါတယ်။ ဆိုတော့ ပြည်ထောင်စု ပြိုကွဲမှာကို စိုးရိမ်တယ်လို့ စစ်တပ်အနေနဲ့ အမြဲပြောနေတယ်။ ဒီအချက်ကို မစိုးရိမ်ပဲ နေပါ့မလား။

Ms. Priscilla ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်တပ်က စိုးရိမ်လိမ့်မယ်လို့ ကျမ မထင်ဘူး။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အနေအထား ပိုကောင်းလာမှာကို စစ်တပ်က လိုလားမယ်လို့ ကျမ ထင်ပါတယ်။ စစ်တပ်အနေနဲ့က လက်နက်ကိုင်ပဋိပက္ခကို မလိုလားပါဘူး။ လက်နက်ကိုင် အင်အားစုကို ဖယ်ရှားပြစ်ပြီးတော့ တရားဝင်နိုင်ငံရေး အင်အားစုတွေအဖြစ်နဲ့ ပြောင်းလဲပြစ်ချင်တာပါ။ ဒါကြောင့်မို့ တရားဝင် တိုင်းရင်းသားပါတီတွေအနေနဲ့ နိုင်ငံရေးအာဏာ တစုံတရာ ရရှိစေချင်မှာပါ။ ဒီကိစ္စအတွက် စစ်တပ် စိုးရိမ်မယ်လို့ မထင်ပါဘူး။ ကျမ ယူဆချက် မှားရင်မှားပါလိမ့်မယ်။ လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ်တွေကဆိုရင် သူတို့ပြည်နယ် ဝန်ကြီးချုပ်တွေ ရွေးချယ်နိုင်ရေးကိုတောင် ဆော်ကြနေကြတာပါ။ ဦးရွှေမန်းရဲ့ လုပ်ရပ်ကို စစ်တပ်က မကြိုက်လို့ ဒီကိစ္စ ဘေးဖယ်ခံလိုက်ရတာပါ။ ဒါပေမဲ့ ဒီကိစ္စဟာ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမှုကနေ အချိန်မရွေး ပြန်ဖြစ်ထွန်းလာလိမ့်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားအရေးကို ပြောရင်နဲ့ ကျနော် နောက်တခု မေးချင်တာက NCA ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု။ ဒါကို လက်မှတ်ရေးထိုးဖြစ်ဖို့ဆိုတာ အခုအချိန်အထိ မသေချာသေးပါဘူး။ ဆိုတော့ ဒီ NCA က အခုအချိန်မှာ ဘယ်လောက် အရေးပါပါသလဲ။

Ms. Priscilla ။ ။ ဒီကိစ္စက သိပ်ပြီးတော့ အရေးကြီးတဲ့ အဆင့်တရပ် ဖြစ်ပါတယ်။ သူတို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရ တဖွဲ့ချင်း အပစ်ရပ်စဲရေးကို သဘောတူညီမှု ရယူထားပြီသာပါ။ NCA ရဲ့ ထူးခြားချက်ကတော့ အဖွဲ့တိုင်းအတွက် စည်းမျဉ်းတမျိုးတည်းနဲ့ သဘောတူညီမှု ရနိုင်မယ့်ကိစ္စ ဖြစ်ပါတယ်။ ဆိုတော့ တဖွဲ့နဲ့တဖွဲ့ ထိပ်တိုက်တွေ့စရာ၊ ရန်တိုက်နိုင်စရာလည်း မရှိတော့ပါဘူး။ ဒါကြောင့်မို့ နိုင်ငံရေးသဘောတူညီမှု ရရှိရေးအတွက် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ အဲဒီ နိုင်ငံရေးသဘောတူညီမှု ရရှိရေး ဖြစ်စဉ်ကတော့ အဓိကကျတဲ့ကိစ္စ၊ ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ အခု NCA လို့ခေါ်တဲ့ ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကိုကြည့်ရင် အပစ်ရပ်ရတာထက် နိုင်ငံရေး ဖြစ်စဉ်ကို ပိုပြီးအလေးပေးထားတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးဖြစ်စဉ်ကို စတင်နေကြပြီဆိုတဲ့ သဘောပါ။ NCA ကို လက်မှတ်ရေးထိုးပြီးတာနဲ့ နိုင်ငံရေးအရ ခရီးပေါက်သွားပြီလို့ ပြောနိုင်ပါတယ်။ ဒါ ကျမရဲ့ ယူဆချက်ပါ။ ဒီလို ပြောတာကို လူအများက သဘောတူကြလိမ့်မယ် မဟုတ်ဘူးဆိုတာ ကျမ သိပါတယ်။

ဦးကျော်ဇံသာ ။ ။ NCA က ဒီလောက်တောင် အရေးပါတယ်လို့ Priscilla သုံးသပ်တယ်ပေါ့။ NCA ထိုးပြီးတာနဲ့ နိုင်ငံရေး သဘောတူညီချက် ရရှိဖို့အတွက် အတားအဆီးတွေ မရှိတော့ဘူးဆိုတဲ့ သဘောပေါ့။

Ms. Priscilla ။ ။ မရှိတော့ပါဘူး။ အခု အဓိက ပြဿနာက တိုင်းရင်းသားအင်အားစု ခေါင်းဆောင်တွေက လက်နက်စွန့်ရမှာကို တွန့်ဆုတ်နေကြတယ်လို့ ထင်ပါတယ်။ သူတို့ဟာသူတို့ ပြည်သူတွေရဲ့ နိုင်ငံရေးလိုအပ်ချက်ကို စတင်စဉ်းစားနေကြဖို့ လိုအပ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲအကြောင်း ဆက်ပြောရအောင်ပါ။ ရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ မဲအပြတ်အသတ် မနိုင်ရင် အစိုးရ ဖွဲ့နိုင်လောက်တဲ့အထိ မနိုင်ဘူး ဆိုကြပါစို့။ ဟိုမရောက်ဒီမရောက် ပါလီမန်မျိုး ဖြစ်နေတယ်။ လွှတ်တော်မျိုး ဖြစ်နေတယ်ဆိုရင် အခြေအနေ ဘယ်လို ဖြစ်လာနိုင်မယ် ထင်ပါလဲ။ စကားမစပ် Priscilla ရော ဗမာပြည်ကို သွားအုံးမလား အဲဒီကာလအတွင်းမှာ။

Ms. Priscilla ။ ။ မပြောနိုင်ဘူးရှင့် ကျမ သွားတော့သွားချင်တယ်။ အစီအစဉ်တော့ မလုပ်ရသေးပါဘူး။ ဒီအချိန်က သိပ်ပြီးတော့ စိတ်ဝင်စားစရာ ကောင်းမှာပါ။ နောက်ထပ်လာမယ့် အစိုးရ ဘယ်သို့ဘယ်နှယ် ဖြစ်လာမယ်ဆိုတာ လပေါင်းများစွာ စောင့်စားရမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘယ်သူ သမ္မတ ဖြစ်လာမယ်လို့ ထင်လဲ။ တချို့က ဒေါ်အောင်ဆန်းစုကြည်တော့ မဖြစ်နိုင်ဘူးပေါ့။ တချို့က ဦးရွှေမန်းး ဖြစ်မယ်။ တချို့က ဦးသိန်းစိန် ဖြစ်မယ်။ တချို့က ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အမျိုးမျိုး ပြောနေကြတယ်။ Priscilla ခန့်မှန်းချက်ကို ပြောပါအုံး။

Ms. Priscilla ။ ။ မမျှော်လင့်ထားတာတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ကျမ သိတော့မသိပါဘူး။ ဘယ်သူမှလဲ မသိနိုင်ပါဘူး။ ဘယ်သူမှလဲ ခန့်မှန်းနိုင်တဲ့ အနေအထား မရှိပါဘူး။ နိုဝင်ဘာ ရွေးကောက်ပွဲ လုပ်ပြီးတော့ အဲဒီ ရလဒ်ကပဲ ဘယ်သူ သမ္မတ ဖြစ်လာနိုင်မလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ပြည်သူ့လွှတ်တော်က လူအများစု မဲရမယ်။ အဲဒီမှာ အမတ်နေရာ (၃၃၀) ရှိပါတယ်။ တချို့နေရာတွေ လစ်လပ်နေမယ်။ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံ (၁၆၈) ယောက်၊ စစ်တပ်ကိုယ်စားလှယ်က (၁၆၆) ယောက်ဆိုတော့ ဒီ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ပေးနိုင်တဲ့ အင်အားရှိနေပါတယ်။ ဒါကြောင့်မို့ အောက်လွှတ်တော်မှာ အသာရတဲ့လူက သမ္မတရွေးချယ်တဲ့နေရာမှာ အဆုံးအဖြတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျမ အထင်ကတော့ ဘယ်သူ သမ္မတ ဖြစ်မယ်ဆိုတာထက် သူဟာ ညွှန့်ပေါင်းအစိုးရတရပ်ကို ဖော်ဆောင်ထိန်းချုပ်နိုင်မလားဆိုတာ ပိုပြီးအရေးကြီးပါတယ်။ အစိုးရထဲက အဓိက ပါတီတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်လာကြမှာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အာဏာခွဲဝေရေးဆိုတဲ့ ဓလေ့စရိုက် မရှိသေးတော့ အတော်လေးတော့ ခက်ခဲမှုတွေ တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။

Ms. Priscilla ။ ။ ရှေ့မတိုးနိုင် ဖြစ်ရမယ့် အခြေအနေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုကြပါစို့ ရွေးကောက်ပွဲအားလုံး အဆင်ပြေ ပြီးမြောက်သွားတယ်ဆိုရင် မြန်မာနိုင်ငံ ဘာတွေ ရနိုင်လဲ။

Ms. Priscilla ။ ။ ပထမဆုံးတော့ နိုင်ငံတကာရဲ့ ချီးကျူးအသိအမှတ်ပြုခံ ရပါလိမ့်မယ်။ စိတ်နဲ့ရေးရ အသိအမှတ်ပြုတာရော၊ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အသိအမှတ်ပြုမှုတွေ အများအပြား ရပါလိမ့်မယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နံှမှုတွေ ဝင်လာမယ်။ အခုတော့ နိုင်ငံရေး တည်ငြိမ်မှုကို စောင့်ကြည့်ပြီးတော့ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နံှမှုတွေကို ဆိုင်းထားကြတာပါ။ ရွေးကောက်ပွဲပြီးလို့ အားလုံးညှိညှိနှိုင်းနှိုင်းနဲ့ အစိုးရဖွဲ့နိုင်ပြီဆိုရင် ရင်းနှီးမြှုပ်နံှမှု အမြောက်အမြား ဝင်လာကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ နောက်တက်လာမယ့် အစိုးရအနေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတွေလည်း အများကြီး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အောင်မြင်တဲ့ ရွေးကောက်ပွဲတရပ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ် ထင်ပါလား။

Ms. Priscilla ။ ။ နှစ်မျိုးစလုံး ဖြစ်လာနိုင်ပါတယ်။ အသွင်ကူးပြောင်းရေးဆိုတာ နိုင်ငံတိုင်းသမိုင်းမှာ မတည်ငြိမ်မှုတွေနဲ့ အမြဲဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မတည်ငြိမ်မှုတွေ နစ်နဲ့ချီပြီးတော့ ရှိနေအုံးမယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲကြောင့် ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ကျမ ယတိပြတ် မပြောချင်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ လူထုရဲ့ ဆန္ဒပေါ်မှာ မူတည်ပါတယ်။

XS
SM
MD
LG