သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပြဿနာ ပြေလည်ရေး အလားအလာ


အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရေး နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ့ဆုံ
အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရေး နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ့ဆုံ

မြန်မာနိုင်ငံမှာ လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရတက်လာတော့မယ့်အချိန် ဒီမိုကရေစီရေး အလားအလာ ရောင်ခြည်သန်းလာတယ်လို့ ဆိုနိုင်ပေမဲ့ တိုင်းရင်းသားတွေကြားမှာတော့ အချင်းချင်းပဋိပက္ခတွေ၊ ပါတီတွင်း မညီညွတ်မှုတွေ ပိုမိုကြားလာပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး အလားအလာ မှေးမှိန်ဆုတ်ယုတ်သွားနိုင်ပါသလား၊ ပအို့ဝ် PPLO နာယက ခွန်ဥက္ကာ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဒေါ်ဒွဲဘူ တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ပြည်သူအများ ရွေးကောက်တဲ့ပါတီက အစိုးရဖွ့ဲတော့မယ် အခြေအနေ ဖြစ်ပါတယ်။ ဒီမိုကရေစီဘက်က ကြည့်မယ်ဆိုရင် ကန့်သတ်မှုရှိသေးတာ ဖြစ်သေးပေမယ့် တိုးတက်မယ့် အလားအလာတွေ၊ အရိပ်အရောင်တွေ တွေ့ရပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားပြဿနာကြတော့ ဘာမှ တိုးတက်မှု အရိပ်အရောင် မတွေ့ရသေးဘူးလို့ သုံးသပ်မိပါတယ်။ ပိုတောင် ဆုတ်ယုတ်လာတယ်လို့ ထင်ပါတယ်။ ဘယ်လို သဘောရပါလဲ။

ခွန်ဥက္ကာ ။ ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ဆုံးရှုံးမှုနဲ့ တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးမှုက တပြိုင်နက်ထဲ ဖြစ်နေသော်လဲပဲ ဒီကိစ္စ နှစ်ခုက တန်းတူအရေးကြီးသော်လဲ အချိန်တခုမှာ တပြိုင်နက်ထဲ ဖော်ဆောင်ဖို့က ခက်ပါတယ်။ လွန်ခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်လက်ထက် (၅) နှစ်မှာ ဒီမိုကရေစီ ဖော်ဆောင်မှုကို နည်းနည်းလျှော့ပြီးတော့ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုသွားဖို့ အပြောင်းအလဲဖြစ်ဖို့ သူ ဦးစားပေးဆောင်ရွက်တာ တွေ့ပါတယ်။ အခုအခြေအနေမှာကြတော့ လမ်းခုလတ်ကာလ၊ ကြားကာလ အပြောင်းအလဲ ဆက်ကူးမတ်ကူးမှာဆိုတော့ ဒီမိုကရေစီကို လက်ဆုပ်လက်ကိုင် တကယ်ပဲ ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးနိုင်သေးတာ မဟုတ်သေး။ တဘက်ကလဲ မူလက ရှိနေသေးတဲ့ တိုင်းရင်းသားအရေးတွေကို ဆွေးနွေးဖို့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကလဲ အခုက တပိုင်းတစနဲ့ ရပ်နေတယ်ဆိုတော့ ဘယ်အရေးကမှ သိသာထင်ရှားစွာ ဖော်ဆောင်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ သုံးသပ်တာတော့ မှန်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်ဒွဲဘူရဲ့ သဘောထားလဲ သိချင်ပါတယ်။

ဒေါ်ဒွဲဘူ ။ ။ ဟုတ်ကဲ့ပါ။ ကျမ သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့နိုင်ငံမှာ တိုင်းရင်းသားအရေးက အဓိကကျပါတယ်။ တိုင်းရင်းသားဆိုတဲ့ နေရာမှာ လူများစုတိုင်းရင်းသားနဲ့ လူနည်းစု တိုင်းရင်းသားပေါ့။ လူများစုတိုင်းရင်းသားအရေးက ရောက်ခဲ့ပြီး၊ လူနည်းစုတိုင်းရင်းသားတွေမှာ ပဋိပက္ခများနေတယ်။ အဲဒီ ကိစ္စတွေ မဖြေရှင်းနိုင်သရွေ့ကတော့ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီအရွေ့ကလဲ တိုးတက်ဖို့ မလွယ်ပါဘူး။ အဲဒီတော့ ယခင်ကနဲ့ သာရမှာက တော်တော်လေး ဖြေရှင်းတယ်။ ဖြေရှင်းဖြေရှင်းနဲ့ အခုအချိန်မှာတော့ တော်တော်လေး ဆိုးနေတယ်။ ချင်းမှာလဲ အတိုက်အခံတွေ ဖြစ်နေတယ်။ အပစ်အခတ်ရပ်စဲရေးမှာလဲ တချို့က လက်မှတ်ထိုးတယ်။ တချို့က လက်မှတ်မထိုးဘူး။ အဲဒီလိုမျိုးတွေ ဖြစ်နေတဲ့အခါကြတော့ … တယောက်နဲ့တယောက် သဘောတူညီနိုင်တဲ့ အနေအထားတခုမှာ ရောက်အောင်လုပ်မှ ကျမတို့ရဲ့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးကလဲ လျင်လျင်မြန်မြန်နဲ့ တိုးတက်နိုင်မှာဖြစ်တယ်။ အဲဒီတော့ အခု ဒီမိုကရေစီအရေးဘက်မှာ ကောင်းနေတယ်ဆိုပေမယ့် တိုင်းရင်းသားအရေးဘက်မှာ နောက်ဆုတ်နေတယ်ဆိုရင် ညီမျှမှု ရှိမှာမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ခွန်ဥက္ကာ ကျနော်မေးချင်တာက ခွန်ဥက္ကာ က .. ဒီမိုကရေစီရေးကို ဦးစားပေးဆောင်ရွက်ခဲ့တယ် လောလောဆယ်မှာလို့ ပြောခဲ့တယ်။ အခုန ဒေါ်ဒွဲဘူ ပြောသလိုပဲ တခုနဲ့တခု ယှဉ်တွဲပြီးတော့ သွားနေတာ မဟုတ်ဘူးလား။ တဘက်က အားနည်းရင် နောက်တဘက်မှာ အတားအဆီး အခက်အခဲတွေ တွေ့ရမယ်လို့ မသုံးသပ်ဘူးလား။

ခွန်ဥက္ကာ ။ ။ ယေဘုယျအားဖြင့်တော့ အဲဒီလိုပါပဲ။ သို့သော်လဲ သန်ရာသန်ရာ သွားတဲ့အချိန်မှာ ဦးစားပေးရတာ နည်းနည်းတော့ရှိတာပေါ့။ ဥပမာ သမ္မတကြီးဦးသိန်းစိန် (၅) နှစ် သက်တမ်းမှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ နောက်ဆုံးတော့ တနိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးတွေကို ဦးစားပေးဆောင်ရွက်ပြီးတော့ ဒီမိုကရေစီဖြစ်ထွန်းမှုအတွက်လဲ အတော်အတန်ပေါ့ .. လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့တာ။ တိုင်းရင်းသားတွေရဲ့ တောင်းဆိုနေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကနေ နိုင်ငံရေးပြဿနာကို ရှင်းမယ်ဆိုတဲ့ ကိစ္စကိုလဲ Foundation ချပေးတာကို ကျနော်တို့ တွေ့ရတယ်။ အခုတက်မယ့် အစိုးရသစ်ကတော့ ဒီမိုကရေစီ အကူးအပြောင်းကို ပိုပြီးတော့၊ ဇောင်းပေးပြီးတော့ ဒီမိုကရေစီ တောင့်တင်းခိုင်မာတဲ့အပေါ်မှာ တိုင်းရင်းသားတွေရဲ့ အရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကျနော်တို့ မှန်းဆလို့ရတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခု ခွန်ဥက္ကာကို တဆက်တည်း မေးချင်တာက အဲဒီတိုင်းရင်းသားတွေကြားမှာ အချင်းချင်း မညီမညွတ် ဖြစ်လာတဲ့ကိစ္စတွေကို ဘယ်လို သုံးသပ်လိုပါလဲ။

ခွန်ဥက္ကာ ။ ။ အဲဒီဟာကတော့ ကျနော် တွက်တာကတော့ ဘက်စုံပြဿနာ။ တဖက်ထဲ ရှုထောင့်တခုကနေ ကြည့်လို့တော့ မရဘူး။ အထူးသဖြင့်တော့ ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ အင်အားကို အားကိုးတဲ့၊ အင်အားကို ကိုးကွယ်တဲ့စနစ်က ရှိခဲ့တယ်။ ဒါကြောင့် အင်အားကြီးတဲ့လူက အင်အားအလယ်အလတ်ကို နိုင်တယ်။ အင်အားအလယ်အလတ်ရှိတဲ့လူက အင်အားငယ်တဲ့လူကို နည်းနည်းလေး ဖိနှိပ်ချင်တယ်။ အဲဒီ အစဉ်အလာကြီး ရှိလာတဲ့အခါကြတော့ အဲဒါက တော်တော်နဲ့ ပျောက်မှာမဟုတ်ဘူး။ နောက်ပြီးတော့ သမိုင်းကြောင်းနောက်ခံနဲ့ ဖြစ်လာတဲ့ကိစ္စတွေ။ နောက်တခါ အဖွဲ့အစည်းအသီးသီး၊ လူမျိုးအသီးသီးရဲ့ ကိုယ်ပိုင်ရပ်တည်ချက်။ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်စိတ်နေစိတ်ထားတွေကလဲ ရိုက်ခတ်တယ်။ အဲဒီအပေါ်ကို ကျနော်တို့ ပြန်ကြည့်လို့ရှိရင် အခုရှိနေတဲ့ ပဋိပက္ခတွေက အကြောင်းတရားတခုကြောင့်၊ အကျိုးတရား မဟုတ်ဘဲနဲ့ အကြောင်းတရားပေါင်းများစွာ ဆုံမိတာကို တွေ့ရပါတယ်။ တချို့က လွယ်လွယ်နဲ့ ပြောကြတယ် NCA ထိုးပြီးမှ ပေါ်တယ်လို့ပြောတယ်။ တကယ်တော့ NCA မထိုးခင်တုန်းကလဲ ဒီအတိုင်းပဲ ပြဿနာတွေ တိုင်းရင်းသားနယ်မြေထဲမှာ ရှိခဲ့ပါတယ်။ ဝ နဲ့ ရှမ်းက အကြာကြီး တိုက်ဖူးပါတယ်။ ကချင် နဲ့ ရှမ်းလည်း အကြာကြီး တိုက်ဖူးပါတယ်။ ကျနော်တို့ ပအို့ဝ် နဲ့ ရှမ်းလည်း (၁၀) နှစ် (၁) ခါလောက် ပဋိပက္ခ ဖြစ်ဖူးတဲ့ အစဉ်အလာတွေ ရှိပါတယ်။ ဆိုလိုတာက တိုင်းရင်းသားအသီးသီးက ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် ဖယ်ဒရယ်ပြည်ထောင်စုရဲ့ အနှစ်သာရဖြစ်တဲ့ အမျိုးသားတန်းတူရေးကို လူမျိုးကြီးတွေ၊ အင်အားကြီးတဲ့လူနဲ့ တန်းတူယူချင်သလိုပဲ၊ ကိုယ်နဲ့အတူတူနေတဲ့ လူမျိုးစုငယ်တွေ အရေအတွက်နည်းတဲ့ လူမျိုးစုတွေကိုလည်း တန်းတူရေး ပြန်ပေးရမယ်ဆိုတဲ့ ဖယ်ဒရယ်ရဲ့ အခြေခံ အယူအဆကို ကိုင်စွဲထားဖို့လိုတယ်။ ခေါင်းဆောင်တွေ မကိုင်စွဲနိုင်ရင်တော့ အခက်အခဲရှိမယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကြုံလို့ မေးချင်တာက အဲဒီတော့ တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ ကိစ္စမှာ အစိုးရတပ်တွေက NCA ထိုးထားတဲ့ လူတွေဖက်က ပင်ပြီးတော့ လိုက်တိုက်တယ်ဆိုတဲ့ကိစ္စကို ဘာပြောမလဲ။

ခွန်ဥက္ကာ ။ ။ ကျနော်တော့ အထောက်အထားတော့ မတွေ့ဘူးပေါ့။ ရှိချင်းလဲရှိနိုင်တာပေါ့။ သို့သော်လဲပဲ NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေကလဲ NCA စာချုပ်ပါ ပြဌာန်းချက်တွေကို လိုက်နာဖို့လိုတယ်။ မလိုက်နာဘူးဆိုရင်တော့ NCA ရဲ့ လုပ်နည်းလုပ်ထုံးအတိုင်း JMC ပူးတွဲစောင့်ကြည့်ရေးကော်မတီက လိုအပ်သလို အရေးယူသွားဖို့ လိုလာလိမ့်မယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်ဒွဲဘူရဲ့ သဘောထားကိုလဲ သိချင်ပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်လို့ ထင်ပါလဲ။

ဒေါ်ဒွဲဘူ ။ ။ တိုင်းရင်းသားတွေအချင်းချင်းကြားမှာတော့ ရပ်တန့်ဖို့ရှိဖို့ လိုပါတယ်။ အခု ဥပမာ NCA စာချုပ်ထိုးတဲ့လူတော့တမျိုး။ လက်မှတ်မထိုးတဲ့လူကိုတော့ တမျိုးဆိုရင်တော့ မျှတမှု မရှိပါဘူး။ အဓိကတော့ တရားမျှတမှုကို တောင်းဆိုနေတာဖြစ်တယ်။ အဲဒီတော့ တိုင်းရင်းသားတွေက တန်းတူညီလို့ပြောတာ။ တန်းတူညီ ဆိုလို့ရှိရင် အင်အားကြီးတဲ့လူနဲ့ အင်အားနည်းတဲ့လူနဲ့ တန်းတူမညီသေးရင် မျှတမှုမရှိပါဘူး။ အဲဒီတော့ အင်အားနည်းတဲ့လူကို ပိုပြီးအားပေးအားမြှောက်ပြုပြီး၊ လက်တွဲခေါ်ဆောင်ရမှာ ဖြစ်ပါတယ်။ တချိန်တော့ မျှတမှုရှိတဲ့ တန်းတူညီ အခွင့်အရေးပေါ်မှ တယောက်နဲ့တယောက် အမြင်ချင်းတွေ တူလာမယ်။ လက်ခံနိုင်တဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်လို့ ကျမကတော့ ဒီလိုပဲ မြင်ပါတယ်။ အဲဒီတော့ အဓိကတော့ ချစ်ချင်းမေတ္တာထားပြီး ငယ်တဲ့သူကို ပိုပြီးတော့ လက်တွဲခေါ်ဖို့ပါပဲ။ ငယ်တဲ့လူကလဲ ကြီးတဲ့လူကို လေးလေးစားစားနဲ့ သွားမယ်ဆိုရင်တော့ ကျမတို့က အကုန်လုံး မတူညီနိုင်တောင်မှ ကျမတို့နိုင်ငံကို ကောင်းအောင် တည်ဆောက်နိုင်မယ့် အခြေအနေကို ရောက်မယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော်တို့ ရှေ့ကိုမျှော်ပြီးတော့ ကြည့်ရအောင်ပါ။ အာဏာလွှဲပြောင်းပေးပြီးတဲ့နောက်မှာ NLD ပါတီ ဦးဆောင်တဲ့အစိုးရ တက်လာတဲ့အခါ တိုင်းရင်းသားအရေး ပြေလည်မယ့် အလားအလာ ပိုရှိလာမယ်လို့ သုံးသပ်နိုင်ပါလား။

ခွန်ဥက္ကာ ။ ။ တက်လာမယ့် NLD အစိုးရရဲ့ တိုင်းရင်းသားပေါ်လစီပေါ် မူတည်ပါတယ်။ သို့သော်လဲပဲ … ဦးစားပေးစေတနာထားပြီး ဆောင်ရွက်မယ် ထားပါအုံး NLD အစိုးရအနေနဲ့လဲ အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးအာဏာကို ပီပီပြင်ပြင် ထမ်းဆောင်နိုင်ဖို့ဆိုတာကို အချိန်တော့ ယူရလိမ့်မယ်လို့ ကျနော်တွက်တယ်။ နေ့ချင်းညချင်းတော့ တိုင်းရင်းသားအရေးကတော့ ပြေလည်သွားမှာတော့ မဟုတ်ဘူး။ အစိုးရသစ်ရဲ့ သက်တမ်းထက်ဝက်လောက်မှာတော့ တိုင်းရင်းသားအရေးက ဦးစားပေးအဆင့် ပြန်ရောက်လာလိမ့်လို့တော့ ကျနော် မျှော်လင့်တယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အရပ်သားစကားနဲ့ ပြောကြပါစို့။ ဒီတိုင်းရင်းသားအရေးမှာ အဓိက ထော်လော်ကန့်လန့် လုပ်နေတာကတော့ တပ် ဆိုပြီး သုံးသပ်ကြပါတယ်။ အဲဒါကြတော့ကော။

ခွန်ဥက္ကာ ။ ။ ကျနော့်သဘောထား ပေးရရင်တော့ အပစ်အခတ်ရပ်စဲရေးအဆင့်ကတော့ တပ်ကပဲ တာဝန်ရှိတဲ့အပေါ်မှာ ဦးဆောင်ဦးရွက်ပြုနေတယ်လို့ ပြောလို့ရတာပေါ့။ သို့သော် နိုင်ငံရေးဆွေးနွေးပွဲကနေ ပြေလည်ရာပြေလည်ကြောင်း ရှာမယ်ဆိုရင်တော့ နိုင်ငံရေးပါတီနဲ့ အနိုင်ရပါတီ နဲ့ အစိုးရကတော့ တာဝန်ရှိတာပေါ့။ ဒါကြောင့် အဆင့်နှစ်ဆင့်ကို ခွဲပြီးတော့ ကြည့်ဖို့လိုမယ်လို့ထင်တယ်။ ပထမ အပစ်အခတ်ရပ်စဲရေးအဆင့်ကနေ တည်ငြိမ်အေးချမ်းမှုအဆင့်။ အဲဒီမှာ ဘယ်သူတာဝန် အရှိဆုံးလဲ။ နိုင်ငံရေးဆွေးနွေးမှုကို ပြည်ထောင်စုအရေး ဆွေးနွေးတော့မယ်ဆိုရင်တော့ ဒါကတော့ နိုင်ငံရေးပါတီတွေနဲ့ အစိုးရတွေရဲ့ တာဝန်အရှိဆုံး ဖြစ်လာလိမ့်မယ်။ အဲဒီအခါကြတော့ အဲဒီအချိန်ကြတော့ တာဝန်အရှိဆုံး အစိုးရက နိုင်ငံရေးဆွေးနွေးပွဲကနေ ပြေလည်ဖို့ နိုင်ငံရေးဆုံးဖြတ်ချက်တွေရအောင် လုပ်နိုင်မယ်ဆိုရင်တော့ ဒီအပစ်အခတ်ရပ်စဲရေးအဆင့် ပထမအပိုင်းကတော့ ဖြစ်သွားမယ်လို့တော့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်ဒွဲဘူရဲ့ သဘောထားလဲ သိချင်ပါတယ်။ NLD ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့အခါမှာ တိုင်းရင်းသားအရေး ပြေလည်လာနိုင်မယ့် အလားအလာကို ဘယ်လို သုံးသပ်လိုပါလဲ။

ဒေါ်ဒွဲဘူ ။ ။ ကျမကတော့ NLD ဦးဆောင်တဲ့ အစိုးရတက်ရင် တိုင်းရင်းသားအရေးကိုတော့ အဓိက ဖြေရှင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အခုန ဦးခွန်ဥက္ကာ ပြောသလိုပဲ ချက်ချင်းလက်ငင်းတော့ အကုန်လုံး ပြေလည်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညှိနှိုင်းမှုရဲ့ ရလဒ်နဲ့ တိုင်းရင်းသားတွေပေါ် ထားတဲ့ သဘောထားပေါ် မူတည်ပြီးမှ အခြေအနေတွေက အနှေးနဲ့အမြန် တိုးတက်လာဖို့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုကော သူတို့က ဒေါ်ဒွဲဘူ မျှော်လင့်သလို အမြင်မျိုး ရှိလာနိုင်တယ် ထင်ပါလား။

ခွန်ဥက္ကာ ။ ။ ဒီနေ့မှာတော့ တပ်မတော်က လက်တွဲလက်ခံလာပြီ။ ကျင့်သုံးလာပြီ။ နောက် နိုင်ငံတကာကလဲ တပ်မတော်ကို ဆက်ဆံတာတွေ ပြောင်းလဲလာသလို သူတို့တပ်မတော်က နိုင်ငံတကာနဲ့ အမြင်တူလာပြီ။ နောက် တပ်တွေလဲ ပေါင်းစည်းတာတို့ မဟာမိတ်လုပ်လာတာတွ ရှိလာပြီဆိုတော့ ကျနော်တို့နိုင်ငံရဲ့ တပ်မတော်ဟာ ဘယ်လိုသွားရမလဲဆိုတဲ့ အနေအထားပေါ်မူတည်ပြီး ဒီနေ့ လက်နက်ကိုင်တိုင်းရင်းသားတွေအပေါ် နဲ့ လက်နက်မကိုင်တဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံရေးက ပြောင်းလဲလာလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။

XS
SM
MD
LG