သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခ တင်းမာမှုတွေနဲ့ ရခိုင်ပြည်နယ်


VOA Burmese Team's Rakhine Trip
VOA Burmese Team's Rakhine Trip

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၂ တုန်းက ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အချိန်က တင်းမာမှုတွေ ကျန်ရှိနေတာ အခုအချိန်အထိ အပြည့်အဝ ပုံမှန်ပြန်မဖြစ်သေးပါဘူး။ နိုင်ငံတကာ အကဲခတ်သမားတချို့ကဆိုရင် ဒုက္ခသည်စခန်းမှာ နေနေရဆဲ ဒုက္ခသည်တချို့ရဲ့ အခြေအနေဟာ နာဇီလက်အောက်က Ghetto တွေမှာ နေခဲ့ရတဲ့ ဂျူးလူမျိုးတွေလို ဖြစ်နေတယ်လို့ ဆိုနေကြပါတယ်။ ရခိုင်ဒေသက အဲဒီနေရာတွေကို ဗွီအိုအေမြန်မာ ဌာနမှုး ဦးသန်းလွင်ထွန်း မကြာခင်က သွားရောက်ခဲ့ပါတယ်။ အခုတပတ် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်မှာ အဲဒီစခန်းတွေရဲ့ အခြေအနေကို ဦးသန်းလွင်ထွန်း က အခုလို နှိုင်းယှဉ်ပြောပြခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တကယ့် မျက်မြင်အနေအထားအရ ကြည့်ရမယ်၊ ပြောရမယ်ဆိုရင်တော့ ရာသီဥတုက ပူ၊ နောက်ပြီးတော့ ခလေးတွေ၊ အလုပ်အကိုင်မရှိတဲ့သူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့သူတွေ၊ နောက်ပြီးတော့ အနေအထားအားဖြင့် ပြောရမယ်ဆိုရင် စုတ်ပြတ်သတ်နေတဲ့ ယာယီစခန်းတွေမှာ နေရတဲ့လူတွေရဲ့ အခြေအနေက ဘယ်အဆင့်အတန်းနဲ့ကြည့်ကြည့် အတော်လေးကို အခြေအနေဆိုးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အဓိကထား ပြောချင်တာကတော့ ဒုက္ခသည်စခန်းတွေဆိုတဲ့နေရာမှာ ယာယီထားတယ်ဆိုတဲ့ကိစ္စတွေမှာ ရိုဟင်ဂျာ၊ ဘင်္ဂလီတွေ မကဘဲနဲ့ တဖက်မှာလည်း မိမိတို့ကျေးရွာတွေကို ထွက်ပြေးကြရတဲ့ ရခိုင်ဒုက္ခသည်တွေအတွက်ထားတဲ့ စခန်းတွေလည်း ရှိပါတယ်။ အဲဒီတော့ အထူးသဖြင့် နိုင်ငံခြားသားတွေ အရောက်အပေါက်များတဲ့ စစ်တွေမြို့အနီးက စခန်းတွေမှာတော့ ဒီလို ရိုဟင်ဂျာ ဘင်္ဂလီ ဒုက္ခသည်စခန်းတွေ နဲ့ ရခိုင်စခန်းတွေ သွားပြီးနှိုင်းယှဉ်ကြည့်လိုက်လို့ရှိရင် ရခိုင်စခန်းတွေဘက်က သာသလိုလိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်တွေက ပြောရမယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတည်းက နေလာတယ်။ အဆောက်အဦးတွေ ဒီအတိုင်းပဲ အတူတူဆောက်ပေးတယ်ဆိုပေမယ့် ရခိုင်လူမျိုးဆိုတော့ စစ်တွေအနားတဝိုက်က ရခိုင်လူမျိုးတွေ၊ အမျိုးသားတွေက ပေါင်းစည်းမှုတခုခု ရသွားတယ်သဘောနဲ့ သူတို့အနေနဲ့ လုပ်ငန်းကိုင်ငန်းတွေ လုပ်ကိုင်ပြီးတော့ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ တဖက် ရိုဟင်ဂျာ ဘင်္ဂလီစခန်းတွေမှာတော့ သူတို့အနေနဲ့ နဂိုနေခဲ့တဲ့ စစ်တွေမြို့ထဲကို ပြန်ဝင်လို့ မရဘူး။ ရဲက ပိတ်စို့ထားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ စိုးရိမ်မှုနဲ့ ပြန်မဝင်ကြဘူး။ အဲဒါအပြင် ဒေသခံတွေနဲ့ ပေါင်းစည်းနိုင်မှု မရှိဘူး။ ဒီကြားထဲ လူဦးရေ တိုးပွားလာမှုနှုန်းတွေလည်း ရှိလာကြတယ်ဆိုတော့ အထောက်အပံ့တွေကလည်း ရသင့်သလောက် မရကြဘူးဆိုတော့ အခြေအနေက အတော်ဆိုးတာတော့ အမှန်ပါပဲ။ အဲဒီတော့ နောက်တခုပြန်ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်အစွန်းအဖျား ဘူးသီးတောင်၊ မောင်းတော်ဘက်ကို ပြန်ကြည့်မယ်ဆိုရင် အဲဒီဘက်မှာတော့ မူစလင်တွေ အများစုပါ။ ဘင်္ဂလီရွာတွေ အများစုပါ။ အဲဒီ အများစုရွာတွေကြားထဲမှာ ရှိနေတဲ့ ရခိုင်ရွာလေးတရွာ ကျနော်တို့ ရောက်ခဲ့ပါတယ်။ အဲဒီမှာ နေနေကြတဲ့ ခိုလှုံနေကြတဲ့ ပြောင်းရွှေ့နေထိုင်သူ ရခိုင်တွေဟာ စားစရာမရှိ၊ အလုပ်လုပ်ကိုင်စရာ မရှိတော့ တဖက်မှာ လယ်ယာတွေ၊ မြေတွေ၊ မွေးမြူးရေးကန်တွေဆိုရင် မူစလင်ရွာတွေ ပိုင်တဲ့ကန်တွေ ဖြစ်နေတော့ သူတို့ ပုဇွန်လုံး သွားမျှားတာတောင် တဘက်က ဝိုင်းပြီးတော့ လိုက်ကြလို့ အဲဒီမှာ ဒုက္ခဆင်းရဲနဲ့ နေစရာစားစရာမရှိ ဖြစ်နေလို့ ပဋိပက္ခလေးတချို့ ရှိနေတယ်လို့ ပြောတယ်။ ကျနော်တို့ ရောက်သွားတဲ့အချိန်တုန်းက ရဲစခန်းတွေက လာပြီးစောင့်ရှောက်နေရတဲ့ အနေအထားရှိတယ်။ ကျနော် မြင်ရတဲ့ အနေအထားကတော့ နှစ်ဘက်စလုံး တကယ့်ကို ဆင်းဆင်းရဲရဲနဲ့ သံသယကြီးကြီးရှိနေတဲ့ ပြဿနာတွေကို မြင်နေရတဲ့ အခြေအနေကိုပဲ တွေ့ခဲ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခုက ဒုက္ခသည်စခန်းတွေအကြောင်း။ မြို့ပေါ်ကို ကြည့်မယ်ဆိုရင် အရင်တုန်းက စစ်တွေမှာဆို ဈေးထဲကိုသွားတယ်ဆိုရင် မူစလင်တွေ ဈေးရောင်းဈေးဝယ် လုပ်နေကြတာ၊ အလုပ်လုပ်ကိုင်ကြတာ။ ရပ်ကွက်ထဲမှာလည်း မူစလင်အလုပ်သမားတွေ၊ ခြံစည်းရိုးလုပ်တဲ့ အလုပ်သမားတွေ။ ကျနော်တို့ ငယ်ငယ်တုန်းကဆို သူတို့အမြဲတမ်း လာနေကြတာ။ အခု စစ်တွေမြို့ထဲမှာ မူစလင်တွေ ဝင်လာလှုပ်ရှားနေတဲ့ ပုံစံကို တွေ့ရပါသလား။

ဦးသန်းလွင်ထွန်း ။ ။ ထူးခြားတာကတော့ စစ်တွေမြို့မှာ မူစလင်တွေ၊ ရိုဟင်ဂျာတွေ၊ ဘင်္ဂလီတွေ သွားလာလှုပ်ရှားတာ မတွေ့ရသလောက် ဖြစ်သွားပါပြီ။ သူတို့အနေနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရုံးရဲ့ နောက်ဘက်လေးလောက်မှာရှိတဲ့၊ မြို့ထဲမှာရှိတဲ့ အောင်မင်္ဂလာရပ်ကွက် လမ်းလေး သုံးလေးလမ်းပဲရှိတဲ့ ရပ်ကွက်ထဲမှာပဲ တချို့ကျန်နေကြတယ်။ အဲဒီလူတွေကလဲ ပဋိပက္ခဖြစ်တဲ့ ၂၀၁၂ ခုနှစ်တုန်းက ထွက်မပြေးဘဲ ကျန်နေခဲ့တဲ့လူတွေ။ ဒါပေမဲ့လဲ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းမှာ သူတို့က ကျန်နေခဲ့ပြီးတော့ ဒီရပ်ကွက်ကလေးရဲ့ ပြင်ပကိုလဲ သူတို့နည်း သူတို့ဟန်နဲ့ မထွက်ရဲကြဘူး။ အလားတူပဲ ထွက်လဲမထွက်ကြပါဘူး။ တဖက်ကလဲ ရခိုင်တွေက အဲဒီရပ်ကွက်ထဲကို မဝင်ကြဘူးဆိုတော့၊ ပြဿနာ တစုံတရာ မဖြစ်အောင်လဲ ရဲလုံခြုံရေးတွေက စောင့်ရှောက်ပေးထားတယ်။ ဒီအထဲမှာရှိတဲ့ မူစလင်တွေ ဈေးဝယ်ချင်ရင်တောင် နှစ်ရက် တစ်ခါလောက် ရဲ အစောင့်အရှောက်နဲ့ ရွှေ့ပြောင်း ရိုဟင်ဂျာ၊ ဘင်္ဂလီတွေနေတဲ့ စခန်းတွေမှာ သွားဝယ်ခွင့်ပေးတယ်။ အစောပိုင်းက George Soro တို့ ပြောခဲ့သလို ဒီရပ်ကွက်ကလေးကို ရဲအစောင့်အရှောက်တွေနဲ့ ပိတ်လှောင်ထားပြီးတော့ ဘယ်မှမသွားရဘူးဆိုတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ကျနော်လည်း မေးကြည့်ခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါက စစ်တွေ ပတ်ဝန်းကျင်။ ဘူးသီးတောင်၊ မောင်းတောမြို့ပေါ် အခြေအနေလေး ပြောပါအုံး။ အဲဒီမှာ ရခိုင်တွေကော ရောရောနောနော နေထိုင်ကြပါသလား။

ဦးသန်းလွင်ထွန်း ။ ။ ဘူးသီးတောင်၊ မောင်းတော အခြေအနေကတော့ လူဦးရေးအခြေအေနေအရတော့ ၉၀ ရာခိုင်နှုန်းကျော်ကျောင်က မူစလင်တွေ၊ ဘင်္ဂလီတွေ သူတို့ကိုယ်သူတို ရိုဟင်ဂျာလို့ခေါ်တဲ့လူတွေ များပါပြီ။ ရခိုင်ကတော့ အနည်းစု ဖြစ်သွားပါတယ်။ မြို့ရွာအုပ်ချုပ်ရေးနဲ့ ရဲလုံခြုံရေးတွေ၊ အစိုးရဝန်ထမ်းတွေ အသိုင်းအဝိုင်းမှာတော့ ဗမာဖြစ်စေ၊ ရခိုင်ဖြစ်စေက များနေသေးတာကြောင့် မြို့ရွာပတ်လည်မှာ မြင်ရသလောက်တော့ ရခိုင်တွေ အထူးသဖြင့် ဘူးသီးတောင်၊ မောင်းတောမြို့ထဲမှာ မသွားရဲ မလာရဲ ဖြစ်နေတဲ့အနေအထားတော့ မရှိဘူး။ ဒါပေမဲ့ လမ်းတလျှောက် မြင်နေရတဲ့ မူစလင်ရွာကြီးတွေ အနေအထားကတော့ တော်တော်များများက တကယ့်ကို ခြံစည်းရိုးတွေနဲ့ အလုံအခြုံခတ်ထားပြီးတော့ အိမ်ကြီးအိမ်ကောင်းတွေ များသောအားဖြင့်တော့။ အထူးသဖြင့် အိမ်တွေမှာဆို ဆိုလာဆဲလ် နေရောင်သုံးလျှပ်စစ်ပစ္စည်းတွေ။ တချို့ဂြိုဟ်တုအသံဖမ်းစက်တွေ အဲဒါမျိုးတွေကို တွေ့ရတယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင်ပတ်လည်မှာလဲ လယ်ယာမြေ၊ လုပ်ငန်းကိုင်ငန်းတွေ၊ မွေးမြူးရေးလုပ်ငန်းတွေနဲ့ တော်တော်ကြီးကြီးမားမား တွေ့ရတယ်။ အဲဒီလိုနေရာမျိုးတွေမှာတော့ ကျနော်ထင်တယ် ရခိုင်လူမျိုးတွေ ဝင်ရောက်သွားဖို့ဆိုတဲ့ အနေအထားမျိုးတော့ မဖြစ်လောက်ဘူးလို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ သူတို့တွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ လူမျိုးနံမည်ခံပြီးတော့ ရိုဟင်ဂျာဟာ သီးခြားလူမျိုးတိုင်းရင်းသား ဖြစ်တယ်ဆိုတဲ့ကိစ္စ။ အဲဒီကိစ္စကို ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ရှိပါလဲ။ လူမှုရေးပြဿနာကို ပြေလည်အောင် လောလောဆယ် ဖြေရှင်းနိုင်ဖို့ မစဉ်းစားကြဘဲနဲ့၊ အဲဒီကိစ္စကို အဓိကထား စဉ်းစားနေကြတယ်ဆိုတဲ့ သဘောမျိုးလည်း ကြားရပါတယ်။ အဲဒါကို ဘယ်လို ထင်ပါလဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စက တကယ်တမ်းကြတော့ သိပ်ပြီးတော့ နိုင်ငံရေးအရ အစွန်းရောက်နေတော့ ဒီလို ပြောဆိုဆွေးနွေးရတာတောင်မှ အတော်လေး အန္တရာယ်များပါတယ်။ ဒါပေမဲ့လဲ ဝမ်းနည်းဖို့ကောင်းတဲ့ ကိစ္စက နံမည်တခုကိစ္စ။ အသုံးအနှုန်းကိစ္စတခုနဲ့ လူတော်တော်များများ ရသင့်ရထိုက်တဲ့ အခွင့်၊ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အခြေအနေကို ကျနော် မြင်ခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စမှာ မေးခဲ့သမျှ အခြေအနေတွေမှာတော့ ရိုဟင်ဂျာစခန်းထဲမှာ သွားမေးလိုက်တဲ့အခါ လူတော်တော်များများ အထူးသဖြင့် ရုတ်တရက်တွေ့ပြီးတော့ မေးတဲ့အနေအထားမျိုးဆိုရင် ၂၀၁၂ ခုနှစ် မဖြစ်ခင်တုန်းက ခင်များတို့နဲ့ ရခိုင်တွေကြားမှာ ဘယ်လိုရှိလဲဆိုတာကို သူတို့ဖြေတာက “ကျနော်တို့ ကုလားရွာ၊ ဗမာရွာ၊ ကုလားတွေ၊ ဗမာတွေ နေကြတာပဲဆိုတဲ့ အသုံးပဲရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းက အားလုံးက ဒါက နိုင်ငံရေး issue တခုအနေနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို တညီတညွှတ်တည်း သုံးလာကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော် သတိထားမိတဲ့ ကိစ္စတခုက ဘာလဲဆိုတော့ လက်ရှိ မြန်မာအစိုးရအနေနဲ့ သူတို့ကို နိုင်ငံသား အခွင့်အရေးမပေးဘူး။ နိုင်ငံသား လုပ်ခွင့်မပေးဘူးလို့ ပြောထားတာတော့ မဟုတ်ဘူးခင်များ။ အဓိကတော့ သူတို့ကို တိုင်းရင်းသားအဖြစ် (၁၃၅) မျိုး သတ်မှတ်ထားတဲ့အထဲမှာ ရိုဟင်ဂျာကို ထည့်မပေးထားဘူးဆိုတဲ့ ဥပဒေ ဖြစ်တယ်။ ဒါပေမဲ့လဲ မူစလင်တွေအနေနဲ့ ဒီဒေသမှာ နေခဲ့တဲ့ လူတွေအနေနဲ့ သူတို့ရဲ့ မူရင်းဇာတိ၊ ဘယ်နှစ်ခုနှစ်က လွန်ခဲ့တဲ့ (၁၀၀) က ဝင်လာတယ်ဖြစ်စေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) က ဝင်လာသည်ဖြစ်စေ ဝင်လာတာက ဘင်္ဂလားဒေ့ရှ်က ဖြစ်တာကြောင့် ဘင်္ဂလီဆိုတဲ့ အသုံးအနှုန်းကိုသုံး ဘယ်တုန်းက ဝင်လာခဲ့လဲ။ ဘယ်မှာမွေးလဲ။ မိဘဆွေမျိုးတွေက ဗမာပြည်မှာမွေးသလား။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ မွေးသလားဆိုတဲ့ လိုအပ်တဲ့ အချက်အလက်တွေကို နိုင်ငံသားမှတ်ပုံတင် စီစစ်ရေး form မှာ ဖြည့်ပြီးလို့ရှိရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခွင့် ရကောင်းရနိုင်တယ်။ ဒါမှမဟုတ် ဧည်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခွင့် ရနိုင်တယ်။ ပြုနိုင်ငံသားအဖြစ် အသိအမှတ်ပြု ရနိုင်တယ်ဆိုတဲ့ အချက်တွေပါပါတယ်။ ဒါပေမဲ့ တဘက်ကကြတော့ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားအဖြစ် ရပိုင်ခွင့်ဆိုတာကို အတင်းအကြပ် တောင်းဆိုနေတဲ့ အနေအထားကြတော့ ဒီကိစ္စကို မြန်မာအစိုးရဘက် နဲ့ ရခိုင်လူမျိုးတွေဘက်က ကြည့်မယ်ဆိုရင် နယ်မြေသတ်မှတ်ပိုင်ခွင့်၊ တခြား တိုင်းရင်းသားအခွင့် ရပိုင်ခွင့် ဆိုတဲ့ဟာမျိုးလေးတွေ နည်းနည်းရှုပ်ထွေးမှုတွေ ဖြစ်လာတယ်။ ဒီနေရာမှာ ကျနော်အနေနဲ့ ကျနော်ကိုယ်တိုင်က သမိုင်းပညာရှင် မဟုတ်ဘူး။ လူမှုဗေဒပညာရှင်လည်း မဟုတ်ဘူးဆိုတော့ ဒီကိစ္စတွေမှာ ဝင်ပြီးငြင်းခုန် မနေချင်ပါဘူး။ ဒါပေမဲ့ ကျနော် မြင်ခဲ့ရတဲ့အကြောင်းကတော့ တိုင်းရင်းသားအခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးဆိုတဲ့ အကြားမှာ နံမည်တခုနဲ့ နည်းနည်းလေး ပြောရမယ်ဆိုရင်တော့ လူအများစုက … ဖြစ်ပြီးတော့ အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အခြေအနေကို မြင်ခဲ့ရတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီအဖြစ်မှန်ကို နှစ်ဘက်စလုံး နားလည်သဘောပေါက်ပြီးတော့ အဲဒါကို ဘေးဖယ်ထား၊ ငါတို့ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်။ နှစ်ဘက်စလုံး ဒုက္ခတွေ ရောက်နေကြတယ်။ အဲဒီဟာကို ပြေလည်အောင် လုပ်ကြမယ်ဆိုပြီးတော့ လက်တွေ့ကျကျ စဉ်းစားကြမယ် အလားအလာကို တွေ့မိပါလား။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလိုတော့ မတွေ့ရသေးဘူး။ ကျနော်တို့ မြင်ခဲ့ရတာကတော့ ဒါ ကွန်မြူနီတီ နှစ်ခုစလုံးထဲမှာ တကယ် ဒုက္ခခံစားနေရတဲ့လူတွေ၊ တကယ် ဆင်းရဲနေသူတွေလည်း ရှိတော့ ဒီဒေသ ဖွံ့ဖြိုးရေးအတွက်ကတော့ အင်မတန် အလေးထားပြီး လုပ်ကြရမယ့်ကိစ္စပါ။ ဒီနေရာမှာ ရိုဟင်ဂျာ တိုင်းရင်းသားကိစ္စ။ ရိုဟင်ဂျာအမည်ကိစ္စဆိုတာကတော့ အစိုးရအနေနဲ့ ဘက်တွေအားလုံးအနေနဲ့ ရခိုင်ဘက်က၊ ရိုဟင်ဂျာဆိုသူတွေဘက်ကရော သဘောထားကြီးကြီး ထားပြီးတော့ မျှမျှတတ ဆွေးနွေးမှုလေးတွေ၊ ဖြည်းဖြည်းချင်း လုပ်ယူလာနိုင်ရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ အစိုးရအနေနဲ့ မပြေးသော်လဲ ကံရာရှိ လွန်ခဲ့တဲ့ ၁၉၆၀ နှစ်တွေဆီက အကြောင်းအမျိုးမျိုးကြောင့် ရိုဟင်ဂျာ တိုင်းရင်းသားဆိုတာကို အသိအမှတ်ပြုခဲ့တာလဲ ရှိနေတယ်။ ဒီကိစ္စဟာ ဒါကိုပဲ လက်ညှိုးထိုး ပြောနေကြမလား။ ဒါမှမဟုတ် တကယ့်သမိုင်းမှန်နဲ့ တိုင်းရင်းသားအဖြစ် ရပ်တည်ခွင့်။ ဒါမှမဟုတ် တခြားလူမျိုးအမည်ခံ တခုခုနဲ့ ရပ်တည်ခွင့် ဘယ်လို လုပ်ကြမလဲဆိုတာကို တကယ့် အခြေမြစ်ကျကျ၊ တကယ့်ကို ယဉ်ကျေးမှုအပြည့်နဲ့ နှစ်ဘက်ဆွေးနွေးကြရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက အနာဂတ်အတွက် ဘယ်အချိန်လောက်မှာ ဒီလို ဖြစ်လာနိုင်မလဲ။ ဒီ Generation မှာ ဖြစ်နိုင်ပါ့မလား။ နောက် Generation မှာ ပိုပြီး အလှမ်းကွာဝေးသွားမလား။ ပြန်လည်သင့်မြတ်ရေးအတွက်။

ဦးသန်းလွင်ထွန်း ။ ။ အဓိကတော့ အခုလောလောဆယ် ပြဿနာက တအုံနွေးနွေး ဖြစ်နေတော့ ထပ်ပြီးမပေါက်ကွဲဖို့ပါပဲ။ ထပ်ပြီးမပေါက်ကွဲခဲ့ဘူးဆိုရင်တော့ နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေလဲ စနေပါပြီ။ ရခိုင်ဝန်ကြီးချုပ် ပြောပြတဲ့ ပုံစံအရ တချို့ ဘင်္ဂလီတချို့က ဘင်္ဂလီဆိုတဲ့ အမည်ကိုယူပြီးတော့ နိုင်ငံသားစီစစ်ရေး မတ်ပုံတင်ယူပြီး တချို့လဲ နိုင်ငံသားအဖြစ် အခွင့်အရေး ရလာသူတွေ ရှိပါတယ်။ ဒီလို သာဓကလေးတွေ ရှိရှိလာလို့ရှိရင် တဖြည်းဖြည်းနဲ့ အကျိုးအပြစ်ကို ပိုမြင်လာတဲ့အခါကြရင် အမည်ကိစ္စ လူမျိုးအမည်၊ တိုင်းရင်းသားအမည်ကိစ္စကို တကယ့် ကျေကျေလည်လည် ဆွေးနွေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ ကျနော် မသိနိုင်သေးပါဘူး။

XS
SM
MD
LG