သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်အပြောင်းမှာ အကြောင်းမလှတဲ့ ရခိုင်ပြည်နယ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပီပြင်တော့မယ်လို့ ပြည်သူအများ မျှော်လင့်နေကြပြီဖြစ်ပေမယ့် ရခိုင်ဒေသ ပြည်သူတွေအဖို့ကတော့ တိုးတက်ဖြစ်ထွန်းမှု တစုံတရာ မရှိသေးတဲ့အပြင် နိုင်ငံရေး မပြေလည်မှု၊ စစ်ဘေးအန္ဒရာယ်၊ လူမှုရေးပြဿနာတွေ နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ တက်လာပြီးဆိုတော့ တိုင်းပြည်အတွက် အစစအရာရာ ကောင်းပါတယ်လို့ လူတိုင်းကြိုတင်မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်ရဲ့ သတင်းတွေကို ကြားလိုက်ရတိုင်း အားတက်စရာ တခုမှ မတွေ့ရသေးဘူးလို့ ကျနော် ထင်ပါတယ်။ ကျနော်ပြောတာ သိပ်အဆိုးမြင်တယ်လို့များ အကြမ်းမျဉ်း သုံးသပ်လိုပါသလား။ ပထမဦးဆုံး ခပ်တိုတို ပြောပါ။

ဦးဘရှင် ။ ။ နိုင်ငံရေးသမားတွေကတော့ အကောင်းအဆိုးကို နိုင်ငံရေးရှုထောင့်က ကြည့်ကြတာပေါ့။ ဗမာပြည်မှာ NLD ကို တခဲနက် ထောက်ခံအားပေးလို့ NLD အပြတ်အသတ် အနိုင်ရသလို။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း ရခိုင်တမျိုးသားလုံးက ANP ပါတီကို ဝိုင်းဝန်းထောက်ခံလို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ANP ပါတီက အများဆုံး အများစုကို ရထားတယ်။ အနိုင်ရထားတယ်။ ရခိုင်ပြည်နိုင်ငံရေးကတော့ ဗမာပြည်နိုင်ငံရေးနဲ့ ဒွန်တွဲပြီးတော့ သွားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးလောကမှာလဲ မညီညွှတ်မှုတွေကို ကြားနေရပါတယ်။ နောက်တခါ တိုက်ပွဲတွေ ပိုဖြစ်လာတယ်။ စစ်ပြေးဒုက္ခသည်တွေ၊ ပြည်သူတွေ နစ်နာကြရတယ်။ နောက် မပြောမဖြစ် ကိစ္စတခုက Communal Violence အုပ်စုအသိုင်းအဝိုင်းချင်း ဖြစ်ကြတဲ့ ပဋိပက္ခတွေကလဲ စိတ်ချရတဲ့ အခြေအနေမျိုး မဟုတ်သေးဘူးလို့ ကြားရပါတယ်။ ဟုတ်ပါသလား။

ဦးဘရှင် ။ ။ ကိစ္စကတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ထားတဲ့ ရခိုင်အင်အားစု နဲ့ ဗမာတပ်မတော်တို့ တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေသလို။ ၂၀၁၂ ခုနှစ်က စတင်ပြီးတော့ ကျယ်ကျယ်အကြီးအကျယ် ဖြစ်နေတဲ့ ဘင်္ဂလီတွေ နဲ့ ကျနော်တို့ ရခိုင်အဖွဲ့အစည်းတွေကြားမှာ အငြင်းပွားမှု၊ ပဋိပက္ခဖြစ်မှု၊ မတည်ငြိမ်မှုတွေကလည်း တကယ်ရှိနေပါတယ်။ ကျနော်တို့ ရခိုင်အမျိုးသားပါတီထဲမှာကို ညီညွတ်မှုတွေ အများကြီး လိုအပ်နေတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ ဒီအတွက် ဗမာပြည်ရဲ့ နေ့စဉ်ထုတ် သတင်းစာတွေထဲမှာ ရခိုင်အကြောင်း မပါရင် မပြီးတဲ့သဘောလဲ ကျနော်တို့ တွေ့မြင်နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီအထဲမှာမှ လောလောဆယ် ဒုက္ခအရောက်ဆုံးကတော့ စစ်ပြေးဒုက္ခသည် ဖြစ်နေကြတဲ့ ပြည်သူတွေအကြောင်းပါ။ အဲဒါက တိုက်ပွဲတွေနဲ့ ဆက်စပ်နေပါတယ်။ ဆိုတော့ ဒီတိုက်ပွဲ၊ ပြည်တွင်းစစ်ဟာ အခုမှ ရခိုင်မှာ ပိုပြီးပြင်းထန်လာတယ်။ ဒီဟာကို စေ့စပ်ဆွေးနွေးပြီး အဖြေရှာဖို့ဆိုပြီးတော့ လွှတ်တော်မှာ ပြည်သူကိုယ်စားလှယ်တွေက အဆိုတင်သွင်း ဆွေးနွေးတယ်ဆိုတာလဲ ကြားရပါတယ်။ အဲဒီလို ဆွေးနွေးအဖြေရှာဖို့ ဘယ်လောက် ဖြစ်နိုင်မယ် ထင်ပါလဲ။

ဦးဘရှင် ။ ။ ရခိုင်မှာ စစ်ဘက်ဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ပေါ်ပေါက်လာတယ်။ အဲဒီ စစ်ဘေးအန္တရာယ်ကို အကြောင်းပြုပြီးတော့ ကျနော်တို့ ပြည်ထောင်စုမှာ၊ အမျိုးသားလွှတ်တော်မှာ ဒီနေ့ပဲ ဆွေးနွေးကြတယ်။ အဆိုနဲ့ ပတ်သက်တာကတော့ မနက်ဖြန် တချက် ဆွေးနွေးမယ်တူပါတယ်။ ဒီကိစ္စ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ ရပ်ဆဲဖို့ရယ်။ နောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ AA ကို ဖိတ်ခေါ်ဖို့ရယ်၊ ဒီလောက်ပဲ ပါပါတယ်။ တကယ် ခံစားနေရတာတော့ ပြည်သူတွေပါ။ ပြည်သူတွေက အိုးအိမ်စွန့်ခွါပြီးတော့ ထွက်ပြေးလာကြရလို့ သူတို့မှာ သက်မွေးလမ်းကြောင်း လုပ်ငန်းတွေ၊ အခြားဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ အများကြီးပေါ့။ အဲဒီ ဆုံးရှုံးမှု၊ နစ်နာမှု အများကြီးထဲမှာ အခု ခိုကိုးလို့ရတဲ့နေရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆွေမျိုးတွေဆီမှာ လာပြီးတော့ ခိုကပ်နေပေမယ့်လဲ သူတို့ရဲ့ ရေရှည်ဘဝ ရပ်တည်ရေးအတွက် သူတို့မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ အဲဒီ ဝန်ထုပ်ဝန်ပိုးကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ တာဝန်ရှိအဖွဲ့အစည်းတွေက ဘယ်လို ကူညီကြမလဲ။ ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာလဲ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းဆွေးနွေးဖို့ လိုပါသေးတယ်။ အဲဒီကိစ္စကိုတော့ အခင်းဖြစ်တဲ့ မြို့နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ ကိုယ်တိုင်ထိတွေ့ပြီးတော့ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီးတော့ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းဖို့ လုပ်နေတာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဒုက္ခသည်တွေ ဒုက္ခရောက်နေတယ်ဆိုတာကို ကူညီဖို့အတွက်ကိုမှ လွှတ်တော်မှာ ခွင့်ပြုချက်ရဖို့ ဆွေးနွေးမယ်။ ပြီးတော့မှ အကောင်အထည်ဖော်မယ် ဆိုရင်တော့ ဒုက္ခသည်တွေအတွက် သိပ်ကြန့်ကြာနေရောပေါ့။ အဲဒီမှာ ကယ်ဆယ်ရေးဌာနတွေ ရှိသားပဲ။ အဲဒီဌာနတွေက လတ်တလော အကူအညီပေးတာမျိုး မလုပ်နိုင်ဘူးလား။

ဦးဘရှင် ။ ။ ကျနော်တို့ သိရသလောက်တော့ ပြည်နယ်အစိုးရက ဒုက္ခသည်တွေကို ငွေကြေးအထောက်အပံ့တချို့ ရှိတယ်လို့တော့ သိရတယ်။ ဘယ်လောက်အထိ ထောက်ပံ့တယ်။ ဘယ်ပုံဘယ်နည်း ထောက်ပံ့တယ်ဆိုတာတော့ အသေးစိတ် ကျနော်တို့ မသိရပါဘူး။ တစုံတရာ ထောက်ပံ့တယ်ဆိုတာလဲ တစ်ရက်စာ၊ နှစ်ရက်စာ လတ်တလောကိစ္စလောက်ပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ရေရှည် ဘယ်လို စီမံချက်တွေနဲ့ ဒီထောက်ပံ့မှုတွေကို လုပ်မလဲ။ ပြည်ထောင်စုအစိုးရက လုပ်မလား။ ပြည်နယ်အစိုးရက လုပ်မလား။ ပြည်နယ်အစိုးရမှာ ဘာပိုက်ဆံနဲ့ လုပ်မလဲ။ ပြည်ထောင်စုအစိုးရ မပါရင်တော့ ဘာမှ မဖြစ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီဒုက္ခသည်တွေရဲ့ ကိစ္စ ရေရှည်ပြေလည်ဖို့ဆိုတာကတော့ အပစ်အခတ်တွေ ရပ်ဆဲပြီး ငြိမ်းချမ်းရေး ရမှာသာ ဖြစ်မှာပါ။ အဲဒီကိစ္စကတော့ ပိုပြီးတော့ ပဓာနကျတဲ့ အခြေခံအကြောင်းတရာပေါ့။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က သဘောတူလိုက်ပြီ၊ ဆွေးနွေးမယ်။ သူတို့ကို နိုင်ငံရေးဝိုင်းထဲကို ခေါ်မယ်ဆိုရင် ဘယ်အပေါ်မှာ အခြေခံရမယ်။ ဘယ်အချက်တွေကို လိုက်လျောသင့်တယ်အထိ လွှတ်တော်က မူ ချပေးနိုင်ပါသလား။ အဲဒီလို ချပေးတဲ့မူကို စစ်တပ်အနေနဲ့ လိုက်နာနိုင်မယ်လို့ ထင်ပါသလား။

ဦးဘရှင် ။ ။ စစ်တပ်ကို အပစ်အခတ် ရပ်ဆဲလိုက်ပါလို့ လွှတ်တော်မှာ တိုက်တွန်းလို့ အဆင်ပြေမယ် မထင်ပါဘူး။ ပြည်ထောင်စုအစိုးရကိုပဲ ကျနော်တို့က တိုက်တွန်းရမှာပါ။ စစ်တပ်ကတော့ သူ့အကြောင်းအချက်အရာနဲ့ သူ့ရဲ့ အခြေအနေအရ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်တဲ့အရာကို ဆင်ခြေဆင်လက်တွေ၊ ပြောစရာဆိုစရာတွေ ရှိမှာပေါ့။ ကျနော်တို့ကတော့ စစ်တပ်က သူ့အကြောင်းအရာနဲ့သူ ရှိနေတဲ့ ကိစ္စကတပိုင်း။ ပြည်သူတွေ ထိခိုက်နစ်နာနေတဲ့ အပိုင်းကို ကျနော်တို့က ပြည်သူကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ စီမံအုပ်ချုပ်နေတဲ့ အစိုးရကို တိုင်းပြည်မှာ ဒီလိုတော့ ဖြစ်နေပြီ၊ ဒါတွေလုပ်ဖို့လိုတယ်ဆိုတာကို ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ မပြောပေမယ့်လဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ အစိုးရမှာ ပြည်သူတွေရဲ့ ဘဝကို စာနာထောက်ထားပြီးတော့ ကူညီပေးဖို့ဆိုတာ သူတို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့ ပြောမှဆိုမှ လုပ်မယ်ဆိုတာကလဲ ဒါက သိပ်တော့ သဘာဝမကျလှပါဘူး။ ကျနော်တို့ အစိုးရရဲ့ လုပ်တာကိုင်တာ၊ ကူညီတာ နောက်ကျနေတဲ့အတွက်ကြောင့် ဒီကိစ္စတွေကို လွှတ်တော်ကတဆင့် ပြောရမှာ ဖြစ်ပါတယ်။ တကယ်တော့ အစိုးရ လုပ်ရမယ့် အလုပ်တွေပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြည်ထောင်စုအစိုးရ နဲ့ ရခိုင်ဒေသ ဆက်ဆံရေးလဲ ကျနော် နည်းနည်းမေးစရာ ရှိတယ်လို့ ထင်ပါတယ်။ ANP ရခိုင်အမျိုးသားပါတီက အနိုင်ရတော့ ပြည်နယ်အစိုးရကို ဝန်ကြီးချုပ်ကို သူတို့ ANP က ပုဂ္ဂိုလ်ကို ဖြစ်စေချင်တယ်။ NLD ကတော့ သူတို့ပါတီက ကိုယ်စားလှယ်ကို ခန့်အပ်လိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်ကြတယ်။ သပိတ်မှောက် ထွက်ခွါကြတယ်ဆိုတာလည်း ကြားခဲ့ရပါတယ်။ အခု ပြည်နယ်အစိုးရကော အလုပ်ဖြစ်ပါ့မလား။ လွှတ်တော်ထဲမှာတော့ အတိုက်အခံ အများစုနဲ့ ရင်ဆိုင်ရမယ်လို့ ထင်ပါတယ်။ ပြည်နယ်အစိုးရ လုပ်သမျှဟာ ANP က ပယ်ချနေမလား။ ဒီကိစ္စ အလုပ်ဖြစ်ပါ့မလား။

ဦးဘရှင် ။ ။ အခုကိစ္စကတော့ ရခိုင်ဒေသ၊ ရခိုင်ပြည်နယ်က ရခိုင်သားတွေရဲ့ နစ်နာချက်တွေကို ဦးစားပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ရခိုင်အမျိုးသားပါတီကလည်း NLD အစိုးရ ကူညီတဲ့ဟာကို ငါတို့က မလိုလားဘူးဆိုတဲ့ သဘောမျိုးတော့ ကျနော်တို့ မတွေ့ရပါဘူး။ ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ရခိုင်အမျိုးသားပါတီက ကူညီဖြေရှင်းပေးရမှာ ဖြစ်သလို၊ ရခိုင်ပြည်နယ်ကို အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့် ရထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ အစိုးရအဖွဲ့က သူမှာ လုပ်ပေးခွင့် ရှိပါတယ်။ ရခိုင်အမျိုးသားပါတီ အသိုင်းအဝိုင်းကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာပဲ။

ဦးကျော်ဇံသာ ။ ။ AA နဲ့ အစိုးရတပ်မတော်ကြား ပြေလည်မှု ရရှိရေး။ အဲဒီကိစ္စ ဆွေးနွေးတဲ့နေရာမှာ ဘယ်လောက် ပြေလည်နိုင်မယ်လို့ ထင်ပါလဲ။ တပ်မတော်က ဘယ်လောက်အထိ လိုက်လျောနိုင်မယ် ထင်ပါလဲ။ အခု NCA မှာ လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်း စစ်တပ်နဲ့ သဘောမတူညီမှုတွေကြောင့် လက်မှတ်မထိုးနိုင် အခြေအနေ ရှိတယ်လို့ သိရပါတယ်။

ဦးဘရှင် ။ ။ အဲဒီကိစ္စကတော့ အရင်အစိုးရလက်ထက်က ကိစ္စတွေ ဖြစ်ပါတယ်။ အခု NLD အစိုးရလက်ထက်မှာ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်မယ် ဆိုလိုရှိရင် NLD အစိုးရ မူဝါဒတွေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ NLD အစိုးရ မူဝါဒ အပြည့်အစုံကိုတော့ ကျနော်တို့ တိတိကျကျ မသိရပါဘူး။ ဒါပေမဲ့ NLD အစိုးရအပေါ်မှာ ကျနော်တို့ ဗမာပြည်က ပြည်သူလူထု အများစုက တကယ်လွန်လွန်ကျူးကျူးကို အားကိုးနေကြတယ်ဆိုတာ ဦးကျော်ဇံသာလည်း သိမှာပဲ။ အားကိုးမူအပေါ်မှာ NLD အစိုးရက ဘယ်လောက်အထိ ဂရုတစိုက် လုပ်နိုင်မလဲဆိုတာကတော့ NLD အစိုးရရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ အဓိက တာဝန်ရှိတာပေါ့။ အဓိက မူတည်ပါတယ်။ လွယ်လင့်တကူ မှတ်ချက်ပေးဖို့ မသင့်လျော်ဘူး ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးချင်တာကတော့ လူ့အဖွဲ့အစည်းချင်း ပဋိပက္ခ ဖြစ်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စမှာ အဆင်ပြေလာမယ့် အခြေအနေ ဘယ်လို ရှိပါသလဲ။

ဦးဘရှင် ။ ။ ပြဿနာ ဖြစ်တာက ရခိုင် နဲ့ ဘင်္ဂလီ။ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စ။ ရခိုင်တွေကိုယ်တိုင် ပါဝင်ပြီးတော့ ဖြေရှင်းခွင့် မရရင် ဒီကိစ္စက ပြေလည်မှာ မဟုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဖြေရှင်းတဲ့အထဲမှာ ရခိုင်တွေ မပါဘူးလား။ ဖြေရှင်းရေး အဖွဲ့ထဲမှာ။

ဦးဘရှင် ။ ။ ရခိုင်ကိုယ်စားလှယ်တွေ ပါဝင်တယ်ဆိုတာက ဦးဆောင်ဖြေရှင်းပိုင်ခွင့် မရှိဘဲနဲ့ သူတို့ရဲ့ စေခိုင်းလို့ ပါလာရတဲ့လူတွေ အဆင့်လောက်ပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု NLD အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်လာလိမ့်မယ်လို့ ထင်ပါသလဲ။ ဦးဘရှင်တို့ ဘယ်လို ဖြေရှင်းစေချင်လဲ။ ဘယ်လို ဖြစ်စေချင်လဲ။ NLD အစိုးရကို ဘယ်လို အကြံပေးချင်လဲ။ ဒီကိစ္စအတွက်။

ဦးဘရှင် ။ ။ ဒီကိစ္စကို ဖြေရှင်းစရာရှိတယ်။ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတာကို NLD အစိုးရက တိုင်ပင်ဖော်တိုင်ပင်ဖက် လုပ်ပြီးတော့ တိုင်ပင်တာ ဘာတခုမှ ရှိတယ်လို့ မသိရပါဘူး။ ရခိုင်တွေ ဘယ်လို သဘောထားလဲဆိုတာကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကပဲ တောက်လျှောက် ကျနော်တို့ ရခိုင်တွေက မိမိရဲ့ သဘောထားတွေကို ပြောနေဆိုနေကြတာပဲ။ ဒီပြောနေဆိုနေကြတဲ့အပေါ်မှာ NLD က ဘယ်လို အချက်တွေကို ကောက်ယူပြီးတော့ ဘာလုပ်မလဲဆိုတာ သူ သဘောပေါက်ပြီ ဖြစ်ပါလိမ့်မယ်။ အစိုးရ ပြောင်းသွားပြီ။ အသစ်တက်လာတဲ့ အစိုးရက ဘယ်လို မူဝါဒနဲ့ ဒါတွေကို ဖြေရှင်းမလဲ။ အဲဒီ ဖြေရှင်းမယ့် မူဝါဒကို ရခိုင်တမျိုးသားလုံးက ဘယ်လို နားလည်ပြီးတော့၊ ဘယ်လို လက်ခံကြမလဲ။ ဘယ်လို ကူညီကြမလဲ။ အဲဒါတွေက အရေးကြီးပါတယ်။ အဲဒီ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ အစိုးရက စပြီးတော့ ပြောပြဖို့ လိုတယ်လေ။

XS
SM
MD
LG