သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအကြို မြန်မာ့ စီးပွားရေး နှေးကွေးမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း


မကြာခင်လပိုင်းတွေတွင်း ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီရွေးကောက်ပွဲနဲ့အတူ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုအပေါ် စိုးရိမ်ချက်တွေကြောင့် ရှေ့နှစ်ထဲ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံမှု လျော့နည်းသွားနိုင်တဲ့ အခြေအနေနဲ့ ဒီနှစ်ထဲ မိုးများပြီးရေကြီးရေလျှံမှုတွေကြောင့် လာမယ့် ၂၀၁၆ ခုနှစ်တွင်း စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ အနည်းငယ် ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်း မြန်မာနိုင်ငံရေး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၈.၅ % ရှိရာကနေ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကျရင်တော့ ၆.၅ % လောက်ပဲ ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

စီးပွားရေးကျဆင်းရတဲ့ အကြောင်းတွေထဲမှာ ရွေးကောက်ပွဲတွေကျင်းပဖို့ရှိနေတာက တခုအပါအဝင်ဖြစ်တယ်လို့ သုံးသပ်ထားပေမဲ့ ရွေးကောက်ပွဲလွန် ကာလမှာတော့ ကုန်ထုတ်လုပ်မှုတွေနဲ့ စက်မှုလုပ်ငန်းတွေ အားကောင်းလာဖို့ မျှော်လင့်ရတဲ့အကြောင်းလည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကနေ သြဂုတ်လအထိ မြန်မာနိုင်ငံ နေရာအတော်များများမှာ မိုးများပြီး ရေကြီးရေလျှံမှုတွေ ကြောင့် လူရာနဲ့ချီ သေဆုံးခဲ့ပြီးတော့ သန်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ကြရသလို သီးနှံစိုက်ခင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ရတာပါ။

ရေကြီးဒဏ်ခံရတဲ့ တချို့နေရာတွေမှာ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်သလို ခုချိန်ထိ အကူအညီတွေ လိုအပ်နေဆဲလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးအရ လုပ်ပိုင်ခွင့်တွေနဲ့ လူမှုရေးနဲ့ နိုင်ငံရေးအရ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ စားသုံးသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာတော့ ယုံကြည်မှု ပိုမို ရရှိလာနေပြီး မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ရှေ့နှစ်အတွင်းမှာလည်း အလယ်အလတ်နှုန်းနဲ့ ဆက်ပြီး ရှိနေလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေး တိုးတက်မှုရဲ့ ငါးပုံနှစ်ပုံနီးပါးရှိတဲ့ အရှေ့အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း အနေနဲ့ ကတော့ ၂၀၁၅ ခုနှစ်တွင်း ၆.၅ % ရှိလိမ့်မယ်လို့ ခန့်မှန်ထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်က ၆.၈ % ရှိခဲ့ရာကနေ မဆိုသလောက်လေး ကျဆင်းသွားတာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အရှေ့အာရှပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနောက်ဆုံးအခြေအနေ အစီရင်ခံစာမှာ တနိုင်ငံချင်းစီရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအခြေအနေတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG