သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲ နှိပ်ကွပ်မှု အရေးယူဖို့ ငြိမ်း-ပွင့် တောင်းဆို


ဆန္ဒပြကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းခြင်းကိစ္စ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သတင်းစာရှင်းလင်း- သတင်းဓာတ်ပုံ- ၈၈မျိုးဆက် ငြိမ်းပွင့်
ဆန္ဒပြကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းခြင်းကိစ္စ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သတင်းစာရှင်းလင်း- သတင်းဓာတ်ပုံ- ၈၈မျိုးဆက် ငြိမ်းပွင့်

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေဘက်က အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုမှာ အဓိက တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးဖို့ - ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း - ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားနေပါတယ် ဆိုတဲ့ မြန်မာအစိုးရရဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ် အဖြစ် ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ပြထားပါတယ်။။

အမျိုးသားပညာရေးဥပဒေ ပြင်ဆက်ချက်မူကြမ်းကို အတည်ပြုဖို့ လွှတ်တော်မှာ စတင်ကြားနာခဲ့တဲ့ မနေ့ ကြာသပတေးနေ့မှာပဲ ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်ကို ချီတက်လာရင်း လက်ပံတန်းမှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို အာဏာပိုင်တွေဘက် အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ဖို့ တောင်းဆိုတဲ့အနေနဲ့ တက္ကသိုလ်အသီးသီး ရာပေါင်းများစွာသော ကျောင်းသားတွေဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စုဝေး တောင်းဆိုခဲ့ကြတာပါ။ ဒီတောင်းဆိုမှုကို ရဲနဲ့ လက်ပတ်အနီဝတ် အရပ်သားတွေက ဒုတ်တွေနဲ့ ရိုက်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့သလို၊ အနည်းဆုံး ၈ ဦးလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်ကြုံတွေ့ခဲ့သူတဦးက ဗွီအိုအေ ကို ပြောပြပါတယ်။

"ကြံံံ့ဖွံ့နဲ့ ရဲ တွေပေါ့။ အဲ့ကြားတွေ၊ ကြားတွေထဲမှာရော ရှေ့မှာရော စွမ်းအားရှင်၊ လက်ပတ်အနီ နဲ့ပေါ့ လူ ရာနဲ့ချီပြီးတော့ ရောက်လာတယ်။ အရက်နံ့တွေ လည်း ထွက်နေတယ်။ ရောက်လာပြီးတော့ ကျောင်းသားတွေကို အတင်းဝင်ပြီးတော့ ဆွဲ၊ အတင်းဝင်ပြီးတော့ တုတ်တွေနဲ့ ရိုက်တာလေ။ ရိုက်နှက်ပြီးဆွဲတင်သွားတာ။ ဝါးလုံးတွေ ဘာတွေ ပါလာတယ်။ တချို့ရဲမှူးတွေကလည်း ချကွာတဲ့။ ချပြီးမှ ရှင်းမယ်တဲ့။ အဲ့တာတွေလည်း ကျနော်မြင်နေရတယ်လေ။ နောက်ပြီးတော့ လူငယ်တွေလည်း များတယ်။ တချို့ဆိုရင် ဆယ့်ငါးနှစ်အောက်တွေ တွေ့ရတယ်။"

ဒီဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်း၊ မနုနုအောင် နဲ့ ကိုမျိုးသန့် တို့အပါအဝင် အနည်းဆုံး ၈ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အခုလို ရဲနဲ့ လက်ပတ်အနီဝတ် အရပ်သားတွေက - အကြမ်းဖက် ရိုက်နှက် လူစုခွဲခဲ့တဲ့ကိစ္စကို - ၈၈ မျိုးဆက် ကျောင်းသားတွေက သတင်းစာ ရှင်းလင်းပွဲလုပ် ကန့်ကွက်ခဲ့သလို၊ ဒီဖြစ်ရပ်မှာ အဓိက တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

"ဆန္ဒဖော်ထုတ်တဲ့သူတွေထဲမှာ အကြမ်းဖက်တာ ၊ လက်နက်ဆွဲကိုင်တာ မရှိပါဘူး။ ဒါပေမဲ့ ဖြေရှင်းတဲ့ပုံစံမှာ အရင်က စွမ်းအားရှင်တွေနဲ့ ဖြေရှင်းတဲ့ပုံစံမျိုး၊ တာဝန်ရှိသူမဟုတ်ပဲနဲ့ တာဝန်လက်ပတ်တွေ ပတ်ပြီးတော့ မိန်းကလေးတွေကို ကာယိန္ဒြေမဲ့အောင် အခုလိုမျိုး နှိမ်နှင်းတာမျိုး ဖြစ်လာတာကိုတော့ ကျနော်တို့ ၈၈မျိုးဆက်အနေနဲ့ လုံးဝ သည်းညည်းမခံပါဘူး။ ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဒါကြောင့်မို့လို့ အဲ့သလို လက်ပတ်ပတ်ပြီးတော့ အကြမ်းဖက်ခွင့်ကို အရင်စစ်အစိုးရ လက်ထက်က စွမ်းအားရှင်တွေ လုပ်တဲ့ ဆောင်ရွက်ချက်မျိုးကို ဘယ်သူက ဦးဆောင်ပြီးတော့ တာဝန်ပေးသလဲ။ အရင်စွမ်းအားရှင်လုပ်ရပ်မျိုး လုပ်လာတာမျိုးကိုတော့ နောက်နောင် မကျူးလွန်အောင်လည်း ကျနော်တို့ ဟန့်တားရပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အခုဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ် အရေးယူပါ။ တာဝန်ခံဖို့လိုပါတယ်။ ပြီးတော့ အခုဖမ်းဆီး ထားတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အတွက် ကျနော်တို့ ၈၈မျိုးဆက်အနေနဲ့ အလေးအနက် ကျနော်တို့ တောင်းဆို ပါတယ်။ ဒါဟာ ၈၈မျိုးဆက်ရဲ့ သဘောထားဖြစ်ပါတယ်။"

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီး ပြောသွားခဲ့တာပါ။

တခါ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေး ကလည်း -

" ကျနော် ဒီကနေ့ ကျနော်တို့ဆီက ညီမနှစ်ယောက်၊ ကျနော့် ညီတစ်ယောက် ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အခြေအနေ ၊ အရိုက်အနှက်ခံရတဲ့ အခြေအနေ ဖြစ်သွား ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ နိုင်ငံရေး mainstream ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်ဖြစ်ပါတယ်။ သို့သော်လည်း တခြား အခြားသော Issues အရေးတွေကို ကျနော်တို့ လက်လွတ်ထားတာ မရှိသလို ကြားဝင်စေ့စပ်သင့်သလောက်မှာလည်း ကျနော်တို့စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးအချိန်အထိလည်း လက်ရှိ ကျောင်းသားများနဲ့ ကျနော်တို့ ထိတွေ့ ဆက်ဆံမှု၊ ကျောင်းသားများရဲ့ သဘောထားကို အစိုးရကို တိုက်တွန်းမှု စဉ်ဆက်မပြတ်ရှိနေပါတယ်။"

အလားတူ - ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကလည်း - ဒါဟာ ဥပဒေနဲ့မညီတဲ့လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ပါတယ်။

"ကျနော် ပထမဆုံး မှတ်ချက်ပေးချင်တာက ဒီဥစ္စာဟာ ဥပဒေမဲ့လုပ်ရပ်။ ဥပဒေနဲ့ မညီသောလုပ်ရပ်ပဲ။ ဖြိုခွဲတာပဲဖြစ်ဖြစ် ဘာလုပ်တာပဲဖြစ်ဖြစ် အကုန်လုံးက ဥပဒေနဲ့အညီ လုပ်ရမယ်။ ဥပဒေနဲ့အညီ လုပ်လို့ရှိရင် ယူနီဖောင်းဝတ် ရဲ သော်လည်းကောင်း တခြားလက်နက်ကိုင်သော် လည်းကောင်း ဖြစ်ရမယ်။ အဲဒီတော့ အဲဒါမျိုးမဟုတ်သော ပုဂ္ဂိလ်များပါတယ်ဆိုရင် အဲဒါဟာ ဥပဒေမဲ့လုပ်ရပ်လို့ ကျနော်တို့ အဲလိုသုံးသပ်တယ်။ ပညာရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုဟာ စတင် လှုပ်ရှားတဲ့အချိန်က စတင်ပြီး ညှိနှိုင်းပြောဆိုကြရင် ဒီလို အဖြစ် မရောက်ဘူး။ ချက်ချင်း မဆောင်ရွက်ဘဲ အချိန်ကြန့်ကြာမှုက ဒါတွေကိုဖြစ်စေတယ်လို့ ကျနော် အဲလိုပဲနားလည်တယ်။"

ဒီလို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက လူစုခွဲ အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်နေချိန်မှာပဲ - လက်ပံတန်းမြို့မှာလည်း ကျောင်းသားသပိတ်စစ်ကြောင်းကို တားဆီးထားတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ ပြည်သူတချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

အခုလို လက်ပံတန်းရောက် ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ရန်ကုန် ဆက်လက် ချီတက်ခွင့်မပြုတဲ့အတွက် ထိုင်သပိတ် ဆင်နွှဲနေကြတဲ့ ကျောင်းသားတွေ နဲ့ အတူ အစာငတ်ခံ ဆန္ဒပြနေကြတဲ့ သံဃာတော်တွေကို သပိတ်မှောက် ကျောင်းသားတွေ နဲ့ ဆက်ပြီး မပူးပေါင်းဖို့၊ ကျောင်းသားတွေကို လည်း နေရပ်ပြန်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး ဂိုဏ်းပေါင်းစုံ သံဃာ့ နာယကအဖွဲ့တွေ၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ဂိုဏ်းပေါင်းစုံ သံဃာ့ နာယကအဖွဲ့တို့က မေတ္တာရပ်ခံခဲ့ကြပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးဖို့ အတွက် ပြင်ဆင်နေပြီဖြစ် တာကြောင့် ပေါ်ထွက်လာမယ့် ရလာဒ်တွေကို စောင့်ကြည့်ကြဖို့ မေတ္တာရပ်ခံချက်ကို လက်ပံတန်းမြို့ သံဃာ့ မဟာနာယကအဖွဲ့ ဆရာတော်တပါးက ဖတ်ပြခဲ့ပါတယ်။

"ပြည်သူအများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လော ဟူသော စိတ်သောကများ မရှိစေရေး တို့အတွက် ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုမပြုပဲ မိမိတို့ရဲ့ မိဘရင်ခွင် သို့ ပြန်လည် ဝင်ရောက် ခိုလှုံပြီး ပေါ်ထွန်းလာမည့် ရလာဒ်ကောင်းများ အား စောင့်ကြည့်ကြသင့်ပါကြောင်း လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။"

လက်ပံတန်းရောက် ကျောင်းသားတွေရဲ့ ထိုင်သပိတ် ဆင်နွှဲတဲ့ဆီကို လာရောက် အားပေးခဲ့ကြသူ ၁၁ ဦးကိုလည်း စီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၈ နဲ့ မနေ့ ကြာသပတေးနေ့ ကပဲ အာဏာပိုင်တွေက အမှုဖွင့်ခဲ့ပါတယ်။ ဒါ့အပြင် ကြာသပတေးနေ့က စတင်ခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက် မူကြမ်း အတည်ပြုရေး လွှတ်တော်ကြားနာပွဲကို ပင်မသပိတ် စစ်ကြောင်း က ကျောင်းသားခေါင်းဆောင် ၆ ဦး မတက်ရောက်နိုင်တဲ့အတွက် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေ အားလုံးကလည်း ကြားနာပွဲကို မတက်ရောက်ဘဲ ထွက်ခွာခဲ့ကြပါတယ်။

XS
SM
MD
LG