သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ခလစာတိုးမြှင့်ရေး ရန်ကုန်အလုပ်သမားတွေ ဆန္ဒပြ


၂၀၁၃ ခုနှစ်က။
၂၀၁၃ ခုနှစ်က။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ အလုပ်သမား အထည်ချုပ်စက်ရုံက အလုပ်သမား တထောင်ကျော်ဟာ အလုပ်သမားတွေရဲ့ အခြေခံလုပ်အားလစာတွေ တိုးမြင့် ရရှိဖို့အတွက် ဒီကနေ့ အင်းစိန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ အထည်ချုပ်စက်ရုံ လေးခုက အလုပ်သမားတွေ ပထမဆုံးအကြိမ် ပူးပေါင်းပြီး စုဝေး ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အလုပ်သမားတွေရဲ့ အခြေခံ လုပ်အားလစာ တိုးမြင့်ပေးဖို့ ရွှေပြည်သာ စက်မှုဇုန်နယ်မြေတွင်းက အထည်ချုပ် စက်ရုံ လေးခုက အလုပ်သမားတွေဟာ အစောပိုင်း သူတို့စက်ရုံတွေ အသီးသီးရှေ့မှာ ထိုင်သပိတ် ဆင်နွှဲနေရာကနေ ဒီကနေ့မှာတော့ အထည်ချုပ် စက်ရုံ လေးခုက အလုပ်သမားတွေ စုပေါင်း ပြီး အင်းစိန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ဒီကနေ့ အစိုးရ တာဝန်ရှိသူတွေဘက်က လာရောက် ကူညီ ဖြေရှင်းပေးတာတွေရှိပေမဲ့ ခုချိန်ထိကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောတာ မရှိသေးဘူးလို့ ရွှေပြည်သာမြို့နယ် အထည်ချုပ် အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုမျိုးမင်းမင်းက ပြောပါတယ်။

“ညှိနှိုင်းတိုင်ပင်တဲ့ အဆင့်ဆင့်တွေ ကျော်လာပြီးပြီပေါ့။ ညွှန်ချုပ် အဆင့်လာတယ်။ အဆင်မပြေဘူး။ အခု ဒီနေ့ ဝန်ကြီးလာတယ်။ ဒီကနေ့ ကျနော်တို့ စုဝေးရခြင်း အကြောင်းရင်းက ကျနော်တို့ကို လစ်လျူမရှုထားဘဲ ညှိနှိုင်းပေးဖို့အတွက်ကို ကျနော်တို့က တောင်းဆိုတဲ့သဘောနဲ့ ချီတက်တာပါ။ ရန်ကုန်တိုင်း ဝန်ကြီး လာတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးလာတယ်။ တိုင်းဦးစီးမှူးတွေလည်း လာပါတယ်။ ညှိနှိုင်းမှုအဖြေကို စောင့်မှာပါ။ ညှိနှိုင်းမှုတွေ အဆင်မပြေဘူးဆိုရင် ဒီထက်ပြင်းထန်တဲ့ ချီတက်တောင်းဆိုမှုတွေ လုပ်သွားမှာပါ။”

သူတို့ရဲ့ တောင်းဆိုချက်တွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ကူညီ ဖြေရှင်းပေးဖို့ အခုလို အစိုးရရုံးရှေ့မှာ လာရောက် တောင်းဆိုတာ ဖြစ်တဲ့အကြောင်းနဲ့ ရန်ကုန်တိုင်း အစိုးရဝန်ကြီးတွေ ကိုယ်တိုင် ဒီကနေ့ လာရောက် ညှိနှိုင်းပေးနေတဲ့အကြောင်းနဲ့ လောလောဆယ်မှာတော့ ညှိနှိုင်းလို့ရမယ့် အဖြေကို စောင့်နေရဆဲ ဖြစ်ပြီး ဘာမှ ထူးခြားမှု မရှိသေးတဲ့အကြောင်း ကိုမျိုးမင်းမင်းက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေ မရမချင်း ဆက်လက် ဆန္ဒပြသွားမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒီကနေ့ လာရောက် စုဝေး ဆန္ဒပြကြတဲ့ အလုပ်သမား အင်အား ၁၀၀၀ ကျော်ရှိပြီး ဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က လိုက်လံစောင့်ကြပ် မေးမြန်းတာတချို့ရှိပေမဲ့ ကြီးကြီးမားမား တားဆီး ပိတ်ပင်တာ မရှိခဲ့ဘူးလို့လည်း ကိုမျိုးမင်းမင်းက ပြောပါတယ်။

လုပ်အားလစာ တိုးမြင့်ပေးရေး အပါအဝင် ခုလို အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြမှုတွေ အရင်တုန်းကလည်း နေရာ အတော်များများမှာ ရှိခဲ့ပေမဲ့ ခုတကြိမ်ကတော့ အထည်ချုပ်စက်ရုံ လေးခုက အလုပ်သမားတွေ ပထမဆုံးအကြိမ် စုပေါင်း ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ဒီကနေ့ စုပေါင်း ဆန္ဒပြကြတာကတော့ E-Land Myanmar အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ Coste International နှင့် Red Stone အထည်ချုပ် စက်ရုံက အလုပ်သမားတွေပဲ ဖြစ်ပါတယ်။

XS
SM
MD
LG