သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်တဲ့အတွက် အင်းစိန်ထောင်တွင်း ဆူပူမှုဖြစ် 


ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီ
ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီ


[[Zawgyi/Unicode]]

သေဒဏ်ချမှတ်ခံထားရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် လေးယောက် ကို 'ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီး' ဆိုတဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ကြောင့် အင်းစိန်ထောင်ထဲမှာ ဆူပူမှုဖြစ်ခဲ့တယ်လို့ ရှေ့နေတချို့က ပြောပါတယ်။ ဒါကြောင့် ထောင်ဝင်းထဲကို စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေ ဒီနေ့ နေ့လည်ပိုင်းမှာ အများအပြားရောက်လာပြီး လုပ်လက်စ ထောင်တွင်းက အထူးတရားရုံးထုတ်တွေကိုလည်း ခပ်စောစော ရပ်နားလိုက်ရတယ်လို့ အမှုလိုက်ရှေ့နေတချို့က ဗွီအိုအေ ကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

သေဒဏ်ကျခံရမယ့် အကျဉ်းသားလေးဦးဖြစ်တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို “ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ် စီရင် ဆောင်ရွက်ပြီးစီး” ဆိုတဲ့ စစ်ကောင်စီရဲ့ ဒီနေ့ ဇူလိုင်၂၅ ရက် ထုတ်ပြန်ချက်ကြောင့် အင်းစိန် အကျဉ်းထောင်ထဲမှာ ဆူပူ ဆန္ဒပြမှုတချို့ ဖြစ်ခဲ့တယ်လို့ ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။

အဲဒီနောက် ဒီနေ့နေ့လည်ပိုင်းမှာ ပြင်ပကနေ ရဲနဲ့စစ်သားအများအပြား ရောက်လာပြီး အင်းစိန်ထောင်ထဲက အထူးတရားရုံးဆိုင်ရာ အမှုကိစ္စတွေကိုလည်း ရပ်နားခိုင်းလိုက်တယ်လို့ ဒီတရားရုံးတွေမှာ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

"အခုလောလောဆယ် ကျမတို့ရဲ့အထဲကလူတွေကို ဆက်သွယ်ကြည့်တော့လည်း ဖုန်းတွေက လုံးဝမကိုင်ဘူး။ ဆိုတော့ ဖုန်းကိုင်ခွင့်ပါ ရပ်ထားလိုက်တာလားတော့ မသိဘူး။ ဒါပေမယ့် ဒီနေ့နေ့လည် တနာရီ၊ တနာရီခွဲပေါ့နော် အဲဒီအချိန်မှာ တပ်ရင်း ကလူတွေ၊ စစ်သားတွေရော အကုန်ရောက်လာတယ်ပေါ့နော်။ ရဲကဆို သုံးပွင့်ကလူတွေပါ ရောက်လာတယ်။ ဆိုတော့ ရောက်လာပြီးတော့ နေရာစွဲလိုက်တဲ့သဘောပေါ့။”

ဆူပူဆန္ဒပြတာက ဘယ်အဆောင်မှာစပြီးဖြစ်တယ် ဆိုတဲ့ နောက်ဆက်တွဲ သတင်းအတိအကျကိုတော့ မနက်ဖြန်လောက်မှာ သိရနိုင်တယ်လို့ ရှေ့နေတချို့ကပြောပါတယ်။ အကျဉ်းသားတဦးရဲ့ မိခင်ကတော့ မနက်ဖြန် ဇူလိုင်လ၂၆ ရက်မှာ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသား အားလုံး ဆူပူဆန္ဒပြမယ်ဆိုတဲ့သတင်းကြောင့် အခုလိုလုံခြုံရေးကို ကြိုပြီး ချထားတာဖြစ်နိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။


"ထောင်ဆူပူမှုဖြစ်နေပြီဆိုတော့ အဲဒါ အန်တီ အသည်းအသန်ပြေးတာ၊ အဲဒီမှာ ရှေ့နေနဲ့ တန်းတွေ့တာပဲ။ အမ-တဲ့၊ ဒီနေ့တပ်တွေ၊ တပ်တွေ အကုန်ရောက်နေပြီတဲ့။ နေရာယူထားတယ်တဲ့။ မနက်ဖြန်ကျမှ ထောင်ဆူပူမှုလုပ်မှာတဲ့။ အဲလိုလေး ပြန်ပြောလိုက်တယ်။"

အင်းစိန်အကျဉ်းထောင် ဝင်စာ၊ ထွက်စာ လက်ခံရေးဌာနက တာဝန်ရှိသူတော့ ဒီနေကနေ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဆူပူမှု ဖြစ်တယ်ဆိုတာ မဟုတ်ကြောင်း ဗွီအိုအေကိုပြောပါတယ်။

ဒီထောင်တွင်းဆူပူ၊ ဆန္ဒပြမှုက စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုအပေါ် တုံ့ပြန်မှုဖြစ်နိုင်တယ်လို့ ရှေ့နေတချို့ကပြောပါတယ်။ ပြည်တွင်း၊ ပြည်ပသတင်းတွေကတော့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်ပြီဆိုတဲ့ သတင်းကို ဖော်ပြနေကြပေမယ့် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးဘက်ကတော့ 'ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီး' ဆိုတဲ့ သတင်းစာပါ ထုတ်ပြန်ချက်အတိုင်းပဲ အတည်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

================


[[Unicode]]











XS
SM
MD
LG