သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေညာင္ဦးၿမိဳ႕နယ္ထဲမွာ သတ္ျဖတ္ခံရမႈေတြျဖစ္ေန 


အသတ္ခံရသူ၊ NLD ေညာင္ဦးခ႐ိုင္ ဒု ဥကၠ႒ ဦးေက်ာ္၀င္း (ဓါတ္ပုံ Courtesy: CJ)

[[Zawgyi/Unicode]]

မႏၲေလးတိုင္း ေညာင္ဦးၿမိဳ႕နယ္မွာ ေအာက္တိုဘာပထမပတ္အတြင္း ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္တဲ့သူေတြကို အမည္မသိ လက္နက္ကိုင္ေတြက ဝင္ေရာက္ဖမ္းဆီး သတ္ျဖတ္တဲ့ လူသတ္မႈ ၇ မႈ ျဖစ္ခဲ့ပါတယ္။ အသတ္ခံရသူအမ်ားစုဟာ NLD ကို ေထာက္ခံသူေတြနဲ႔ NLD ပါတီဝင္ေတြနဲ႔ဆက္စပ္တဲ့ မိသားစုဝင္ေတြ ျဖစ္တယ္ လို႔ မိသားစုေတြနဲ႔ နီးစပ္သူ တေယာက္က VOA ကို ေျပာပါတယ္။ အသတ္ခံရ သူေတြထဲမွာ ၾကံ႕ခိုင္ဖြ႕ံၿဖိဳးေရးပါတီ ကိုယ္စားလွယ္ေလာင္းတဦးလည္း ပါပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို ကိုသားၫြန္႔ဦးက တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁ ရက္ေန႔က ေညာင္ဦးၿမိဳ႕နယ္ စဥ့္ကိုင္ေက်းရြာေန ၾကံ႕ခိုင္ဖြံ႔ၿဖိဳးေရးပါတီ ကိုယ္စားလွယ္ေလာင္း ဦးေအာင္မင္းထိုက္ဟာ လက္နက္ကိုင္ အဖြဲ႔တခုရဲ႕လက္ခ်က္နဲ႔ ေသဆုံးခဲ့ပါတယ္။ ဒီ သတ္ျဖတ္မႈေနာက္ပိုင္းမွာ ေနာက္ထပ္ တျခားလက္နက္ကိုင္အဖြဲ႕တခုကလည္း NLD ကို ေထာက္ခံသူေတြကို လိုက္လံဖမ္းဆီး သတ္ျဖတ္ခဲ့တာေၾကာင့္ လူ ၆ ဦး ထပ္မံေသဆုံးခဲ့တယ္လို႔ မိသားစုဝင္ေတြနဲ႔ နီးစပ္သူေတြက အတည္ျပဳပါတယ္။

ေအာက္တိုဘာ ၂ ရက္ေန႔ ည ၁ နာရီခြဲခန္႔က ေညာင္ဦးနယ္၊ ငါးသေရာက္ၿမိဳ႕ နယ္ခြဲ၊ ဆယ္ရြာေန ေညာင္ဦးခ႐ိုင္ NLD ဒုကၠ႒ ဦးေက်ာ္ဝင္းကို ေပ်ာက္က်ားအက်ႌေတြဝတ္ထားတဲ့ လက္နက္ကိုင္လူတခ်ဳိ႕က ကား ႏွစ္စီးနဲ႔လာေခၚသြားခဲ့ပါတယ္။ မနက္ပိုင္းမွာ အေလာင္းကို ရြာျပင္မွာ ေတြ႕ခဲ့ရတယ္လို႔ မိသားစုနဲ႔ နီးစပ္တဲ့သူက ေျပာပါတယ္။

ေအာက္တိုဘာလ ၂ ရက္ေန႔မွာပဲ ေညာင္ဦးၿမိဳ႕နယ္ စဥ့္ကူရြာက NLD အဖြဲ႔ဝင္ ၅ ဦးကို လက္နက္ကိုင္အဖြဲ႔တခုက ဖမ္းဆီးခဲ့ၿပီး အဖမ္းခံရသူေတြထဲက အမ်ဳိးသား ၂ ဦးနဲ႔ အမ်ဳိးသမီးတေယာက္ရဲ႕ အေလာင္းေတြကို စဥ့္ကူတိုက္နယ္ ေဆး႐ုံေရွ႕မွာ ေတြ႕ခဲ့ရပါတယ္။ တျခား အဖမ္းခံရသူ ၂ ဦး လြတ္ေျမာက္ၿပီ၊ မလြတ္ေျမာက္ဘူးဆိုတာကိုေတာ့ အခုအထိ မသိရေသးပါဘူး။

ေအာက္တိုဘာလ ၃ ရက္ေန႔ညကလည္း NLD တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္စိန္ရဲ႕ညီကို လက္နက္ကိုင္အဖြဲ႔တဖြဲ႔က ေနအိမ္မွာ မိသားစုေရွ႕ ႐ိုက္ႏွက္ဖမ္းဆီးခဲ့တယ္လို႔ မိသားစုနဲ႔ နီးစပ္သူ တဦးက VOA ကို ေျပာပါတယ္။

“၃ ရက္ေန႔ညကက်ေတာ့ ေညာင္ဦးက လႊတ္ေတာ္ကုိယ္စားလွယ္၊ တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္စိန္ဆိုတာ သူက လက္ရွိ ေရွာင္တိမ္းေနတယ္။ ဦးျမင့္စိန္ရဲ႕အကိုအရင္းႏွစ္ေယာက္ကလည္း ေညာင္ဦးေထာင္ထဲမွာ။ အခု အသတ္ခံရတဲ့ သူ႔ညီအငယ္ဆံုးတေယာက္က ေရွာင္လည္းေရွာင္တယ္။ မၾကာမၾကာလည္း သူ႔အိမ္ျပန္လာတယ္ေပါ့ေနာ္၊ သူက ဘာႏိုင္ငံေရးမွမလုပ္ဘူး။ သူ႔ကိုက်ေတာ့ ၃ ရက္ေန႔ည ၈ နာရီခြဲေလာက္က ဆုိင္ကယ္ႏွစ္စီး၊ လူေလးေယာက္နဲ႔ သူတို႔ ဇီးကြက္ပုန္းရည္ႀကီးေရာင္းတဲ့တိုက္ထဲကိုဝင္လာတယ္။ အဲဒီမွာ သူရယ္၊ သူ႔မိန္းမရယ္၊ သူ႔သမီးေလးရယ္ ရွိတယ္ေပါ့ေနာ္။ သူ႔ကို အိမ္ထဲမွာတင္ ႐ိုက္ႏွက္တယ္ေပါ့ေနာ္။ သူ႔မိန္းမက ေအာ္အခါမွာ ေဘးအိမ္ေတြကလာေတာ့ တေယာက္ကထြက္ၿပီးေတာ့ ေသနတ္ျပတယ္၊ ဓါးျပတယ္။ ဘယ္သူမွ မလႈပ္နဲ႔ဆိုၿပီးေတာ့- ေနာက္ျပန္ႀကိဳးတုပ္ၿပီးေတာ့ .ဆုိင္ကယ္ၾကားထဲကေနၿပီးေတာ့...ေခၚသြားတယ္။ အိမ္အေနာက္ဘက္ကိုစီးသြားတယ္။ ရပ္ကြက္အစပ္မွာ တမိုင္ေလာက္ရွိတယ္။ ....အဲဒီမွာ ဆုိင္ကယ္ေပၚကေန ေမာ္ေတာ္ကားေပၚအေျပာင္းမွာ သူက ထြက္ေျပးတယ္။ မႏၱေလးအဆို တျပေလာက္၊ ရဲစခန္းနဲ႔ သူေျပးတဲ့ေနရာနဲ႔တျပေလာက္ပဲေဝးမွာေပါ့ေနာ္။ အဲဒီေရွ႕မွာ သူ႔ကိုမိတယ္ေပါ့ေနာ္။ ထမင္းသုပ္ဆုိင္ေရွ႕မွာ မိေတာ့ ႐ိုက္ႏွက္ၿပီးေတာ့ ေမာ္ေတာ္ကားနဲ႔ ေခၚသြားတယ္။ မနက္ ၇ နာရီေလာက္က်ေတာ့ ....လမ္းမွာ ထိုးသြင္းဒဏ္ရာနဲ႔ လည္ပင္းျပတ္ရွဒဏ္ရာေတြနဲ႔ ၿမိဳ႕ေရွာင္လမ္းမွာ အေလာင္းျပန္ေတြ႔တယ္ေပါ့ေနာ္။”

အခုလို သတ္ျဖတ္မႈေတြနဲ႔ပတ္သက္လို႔ ဘယ္အဖြဲ႔အစည္းေတြက က်ဴးလြန္တယ္ ဆိုတာကို တိတိက်က် မသိေသးပါဘူး။ စစ္ေကာင္စီဘက္က တရားဝင္ သတင္းထုတ္ျပန္ခ်က္ ထြက္မလာေသးသလို ေညာင္ဦးၿမိဳ႕နယ္ရဲစခန္းကလည္း ဖုံးလက္ခံ ေျဖၾကားျခင္း မရွိပါဘူး။ မၾကာေသးခင္လပိုင္းေတြအတြင္းကလည္း ေညာင္ဦးၿမိဳ႕နယ္မွာ ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္တဲ့ ဖမ္းဆီးသတ္ျဖတ္မႈ အနည္းဆုံး ၅ ႀကိမ္ ရွိခဲ့တယ္ဆိုတာကို ေဒသခံကေျပာဆိုပါတယ္။

ဒီအေတာအတြင္း ျမင္းျခံခ႐ိုင္ ႏြားထိုးႀကီးၿမိဳ႕နယ္ထဲမွာလည္း ေအာက္တိုဘာလ ၃ ရက္ေန႔က အမ်ဳိးသား ၅ ေယာက္ အသတ္ခံရၿပီး ကားလမ္းေဘးမွာ ပစ္ထားတာကို ေတြ႕ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီ သတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ VOA ကေတာ့ သီးျခားအတည္ မျပဳႏိုင္ေသးပါဘူး။

ျမန္မာႏိ္ုင္ငံအလယ္ပိုင္းမွာ ရာဇဝတ္မႈေတြနဲ႔ လုယက္သတ္ျဖတ္မႈေတြေၾကာင့္ လူေတြ ေသဆုံးတဲ့သတင္းေတြ ေန႔စဥ္ထြက္ေပၚေနခ်ိန္မွာပဲ ႏိုင္ငံေရးအရ ရည္ရြယ္ ခ်က္ရွိရွိ ဖမ္းဆီးသတ္ျဖတ္တယ္လို႔ ယူဆရတဲ့ သတ္ျဖတ္မႈေတြလည္း တိုးလာေနပါတယ္။ ဒီေဒသေတြမွာ ျမန္မာစစ္တပ္ကို ဆန္႔က်င္တဲ့ PDF လက္ႏိုင္ကိုင္အဖြဲ႔ ေတြအျပင္ စစ္တပ္ကိုေထာက္ခံတဲ့ ေသြးေသာက္၊ ျပဴေစာထီး စတဲ့ အရပ္သားလက္နက္ကိုင္အဖြဲ႕ေတြလည္း ရွိေနပါတယ္။

=============

[[Unicode]]

ညောင်ဦးမြို့နယ်ထဲမှာ သတ်ဖြတ်ခံရမှုတွေဖြစ်နေ

မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ အောက်တိုဘာပထမပတ်အတွင်း နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့သူတွေကို အမည်မသိ လက်နက်ကိုင်တွေက ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်တဲ့ လူသတ်မှု ၇ မှု ဖြစ်ခဲ့ပါတယ်။ အသတ်ခံရသူအများစုဟာ NLD ကို ထောက်ခံသူတွေနဲ့ NLD ပါတီဝင်တွေနဲ့ဆက်စပ်တဲ့ မိသားစုဝင်တွေ ဖြစ်တယ် လို့ မိသားစုတွေနဲ့ နီးစပ်သူ တယောက်က VOA ကို ပြောပါတယ်။ အသတ်ခံရ သူတွေထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတဦးလည်း ပါပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ညောင်ဦးမြို့နယ် စဉ့်ကိုင်ကျေးရွာနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်မင်းထိုက်ဟာ လက်နက်ကိုင် အဖွဲ့တခုရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ ဒီ သတ်ဖြတ်မှုနောက်ပိုင်းမှာ နောက်ထပ် တခြားလက်နက်ကိုင်အဖွဲ့တခုကလည်း NLD ကို ထောက်ခံသူတွေကို လိုက်လံဖမ်းဆီး သတ်ဖြတ်ခဲ့တာကြောင့် လူ ၆ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ ည ၁ နာရီခွဲခန့်က ညောင်ဦးနယ်၊ ငါးသရောက်မြို့ နယ်ခွဲ၊ ဆယ်ရွာနေ ညောင်ဦးခရိုင် NLD ဒုက္ကဋ္ဌ ဦးကျော်ဝင်းကို ပျောက်ကျားအင်္ကျီတွေဝတ်ထားတဲ့ လက်နက်ကိုင်လူတချို့က ကား နှစ်စီးနဲ့လာခေါ်သွားခဲ့ပါတယ်။ မနက်ပိုင်းမှာ အလောင်းကို ရွာပြင်မှာ တွေ့ခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူက ပြောပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့မှာပဲ ညောင်ဦးမြို့နယ် စဉ့်ကူရွာက NLD အဖွဲ့ဝင် ၅ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့ပြီး အဖမ်းခံရသူတွေထဲက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတယောက်ရဲ့ အလောင်းတွေကို စဉ့်ကူတိုက်နယ် ဆေးရုံရှေ့မှာ တွေ့ခဲ့ရပါတယ်။ တခြား အဖမ်းခံရသူ ၂ ဦး လွတ်မြောက်ပြီ၊ မလွတ်မြောက်ဘူးဆိုတာကိုတော့ အခုအထိ မသိရသေးပါဘူး။

အောက်တိုဘာလ ၃ ရက်နေ့ညကလည်း NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်ရဲ့ညီကို လက်နက်ကိုင်အဖွဲ့တဖွဲ့က နေအိမ်မှာ မိသားစုရှေ့ ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူ တဦးက VOA ကို ပြောပါတယ်။

“၃ ရက်နေ့ညကကျတော့ ညောင်ဦးက လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်ဆိုတာ သူက လက်ရှိ ရှောင်တိမ်းနေတယ်။ ဦးမြင့်စိန်ရဲ့အကိုအရင်းနှစ်ယောက်ကလည်း ညောင်ဦးထောင်ထဲမှာ။ အခု အသတ်ခံရတဲ့ သူ့ညီအငယ်ဆုံးတယောက်က ရှောင်လည်းရှောင်တယ်။ မကြာမကြာလည်း သူ့အိမ်ပြန်လာတယ်ပေါ့နော်၊ သူက ဘာနိုင်ငံရေးမှမလုပ်ဘူး။ သူ့ကိုကျတော့ ၃ ရက်နေ့ည ၈ နာရီခွဲလောက်က ဆိုင်ကယ်နှစ်စီး၊ လူလေးယောက်နဲ့ သူတို့ ဇီးကွက်ပုန်းရည်ကြီးရောင်းတဲ့တိုက်ထဲကိုဝင်လာတယ်။ အဲဒီမှာ သူရယ်၊ သူ့မိန်းမရယ်၊ သူ့သမီးလေးရယ် ရှိတယ်ပေါ့နော်။ သူ့ကို အိမ်ထဲမှာတင် ရိုက်နှက်တယ်ပေါ့နော်။ သူ့မိန်းမက အော်အခါမှာ ဘေးအိမ်တွေကလာတော့ တယောက်ကထွက်ပြီးတော့ သေနတ်ပြတယ်၊ ဓါးပြတယ်။ ဘယ်သူမှ မလှုပ်နဲ့ဆိုပြီးတော့- နောက်ပြန်ကြိုးတုပ်ပြီးတော့ .ဆိုင်ကယ်ကြားထဲကနေပြီးတော့...ခေါ်သွားတယ်။ အိမ်အနောက်ဘက်ကိုစီးသွားတယ်။ ရပ်ကွက်အစပ်မှာ တမိုင်လောက်ရှိတယ်။ ....အဲဒီမှာ ဆိုင်ကယ်ပေါ်ကနေ မော်တော်ကားပေါ်အပြောင်းမှာ သူက ထွက်ပြေးတယ်။ မန္တလေးအဆို တပြလောက်၊ ရဲစခန်းနဲ့ သူပြေးတဲ့နေရာနဲ့တပြလောက်ပဲဝေးမှာပေါ့နော်။ အဲဒီရှေ့မှာ သူ့ကိုမိတယ်ပေါ့နော်။ ထမင်းသုပ်ဆိုင်ရှေ့မှာ မိတော့ ရိုက်နှက်ပြီးတော့ မော်တော်ကားနဲ့ ခေါ်သွားတယ်။ မနက် ၇ နာရီလောက်ကျတော့ ....လမ်းမှာ ထိုးသွင်းဒဏ်ရာနဲ့ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ မြို့ရှောင်လမ်းမှာ အလောင်းပြန်တွေ့တယ်ပေါ့နော်။”

အခုလို သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းတွေက ကျူးလွန်တယ် ဆိုတာကို တိတိကျကျ မသိသေးပါဘူး။ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်ချက် ထွက်မလာသေးသလို ညောင်ဦးမြို့နယ်ရဲစခန်းကလည်း ဖုံးလက်ခံ ဖြေကြားခြင်း မရှိပါဘူး။ မကြာသေးခင်လပိုင်းတွေအတွင်းကလည်း ညောင်ဦးမြို့နယ်မှာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဖမ်းဆီးသတ်ဖြတ်မှု အနည်းဆုံး ၅ ကြိမ် ရှိခဲ့တယ်ဆိုတာကို ဒေသခံကပြောဆိုပါတယ်။

ဒီအတောအတွင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲမှာလည်း အောက်တိုဘာလ ၃ ရက်နေ့က အမျိုးသား ၅ ယောက် အသတ်ခံရပြီး ကားလမ်းဘေးမှာ ပစ်ထားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ VOA ကတော့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရာဇဝတ်မှုတွေနဲ့ လုယက်သတ်ဖြတ်မှုတွေကြောင့် လူတွေ သေဆုံးတဲ့သတင်းတွေ နေ့စဉ်ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံရေးအရ ရည်ရွယ် ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်တယ်လို့ ယူဆရတဲ့ သတ်ဖြတ်မှုတွေလည်း တိုးလာနေပါတယ်။ ဒီဒေသတွေမှာ မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့ PDF လက်နိုင်ကိုင်အဖွဲ့ တွေအပြင် စစ်တပ်ကိုထောက်ခံတဲ့ သွေးသောက်၊ ပြူစောထီး စတဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေပါတယ်။

XS
SM
MD
LG