သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရဲ့စစ်ရေးစွမ်းရည် ကန့်သတ်နိုင်ဖို့ သမ္မတ Biden စီစဉ်


{{Zawgyi/Unicode}}

တရုတ်ရဲ့စစ်ရေးစွမ်းပကားတက်စေမယ့်နည်းပညာတွေ ရရှိနိုင်မှုကို ကန့်သတ်ဖို့ကြိုးစားတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီတွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် တင်းကျပ်တဲ့စည်းမျဉ်းတွေချမှတ်ဖို့ သမ္မတဘိုင်ဒန်အစိုးရက လုပ်ဆောင်နေပြီး မကြာခင်မှာ သမ္မတအာဏာအသုံးပြု အမိန့်ထုတ်ပြန်ဖို့ရှိပါတယ်။ အထူးသဖြင့် နောက်မျိုးဆက် စစ်ရေးစွမ်းရည် တိုးတက်စေမယ့်နည်းပညာတွေကိုကန့်သတ်မှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ဒါဟာ နှစ်နိုင်ငံကြားဆက်ဆံရေး ပိုလို့တင်းမာလာနေချိန်မှာ တရုတ်ရဲ့စစ်ရေးနဲ့ နည်းပညာကဏ္ဍကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ နောက်ဆုံးအားထုတ်မှုဖြစ်ပါတယ်။ ဉာဏ်ရည်တုနဲ့ ကွန်ပျူတာတွေမှာသုံးတဲ့ ခေတ်ရှေ့ပြေးချစ်ပ်အပြားတွေ တရုတ်ကိုတင်ပို့တာလည်း ဘိုင်ဒန်အစိုးရက အောက်တိုဘာလာကစပြီး ချုပ်ထိန်းလာခဲ့ပါတယ်။ ဒီ ချစ်ပ်ပြားတွေကို လက်နက်တွေထုတ်လုပ်ရာမှာအသုံးပြုနိုင်ပြီး လူ့အခွင့်အရေးကို ချိုးဖောက်၊ စစ်ရေးဆိုင်ရာ ထောက်ပို့လုပ်ငန်းတွေ ပိုမို မြန်ဆန်တိကျလာအောင် လုပ်ပေးနိုင်တယ်လို့ အဲဒီတုန်းက သမ္မတဘိုင်ဒန်အစိုးရက ပြောခဲ့တာပါ။

မကြာသေးခင်က တရုတ်သူလျိုပူဖောင်းကြီးကိစ္စနဲ့ ရုရှားကို လက်နက်တင်ပို့နိုင်တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးသတင်းအခြေခံ ပြောဆိုချက်တွေကြောင့် အမေရိကန်နဲ့တရုတ်ကြားဆက်ဆံရေး ပိုမို တင်းမာလာခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ကလည်း တရုတ်အရေးဆိုင်ရာ ကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး တရုတ်အ‌ပေါ် အမြင်တွေကို စတင်ကြားနာနေပါတယ်။ ကော်တီအဖွဲ့ဝင်တွေအနေနဲ့ အယူအဆအစွဲအလန်းတွေနဲ့ စစ်အေးတိုက်ပွဲခေတ်စိတ်ဓာတ်တွေကို စွန့်လွှတ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============






XS
SM
MD
LG