သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ်အဂတိမှု ၂ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၃ နှစ်ထပ်ချ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (ယခင်မှတ်တမ်းဓာတ်ပုံ)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရဆဲ အမှုတွေထဲက စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ငွေရယူခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့ အဂတိမှု ၂ မှုအတွက် ထောင်ဒဏ် ၃ နှစ် နေပြည်တော် အထူးတရားရုံးက ဒီနေ့ အောက်တိုဘာ ၁၂ ရက်မှာ ချမှတ်လိုက်ပါတယ်။ ဒီအမှုကို အနီးကပ်စောင့်ကြည့်သူတွေကတော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ကြားနာဆုံးဖြတ်တာမဟုတ်ဘူးဆိုပြီး ဝေဖန် ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာကတင်ပြပေးထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ၂ ကြိမ် ခွဲ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အဂတိမှု ၂ မှုအတွက် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တပေါင်းတစည်းတည်း ၃ နှစ်ထောင်ဒဏ်ကျခံဖို့ နေပြည်တော် အထူးတရားရုံးက ဒီနေ့ အမိန့်ချခဲ့ပါတယ်။ ဒီအမှုအတွက် အထက်တရားရုံးဆီကို အဆင့်ဆင့် အယူခံတက်သွားဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ဗွီအိုအေကိုပြောပြပါတယ်။

“တမှုကို ၃ နှစ်နဲ့ ၂ မှုကို ၆ နှစ်၊ အဲဒါကိုတပေါင်းတည်း ၃ နှစ်ဖြစ်သွားတယ်။ ၆ နှစ်ဆိုပေမယ့် ၃ နှစ်ပဲကျတာပေါ့။ သူတို့ကအမြန်လုပ် အမြန်စစ်သွားတာပေါ့။ နောက် သက်သေလည်းနည်းတာကို။ မောင်ဝိတ် ကိုယ်တိုင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတာ။ ဒီအတွက် ဘယ်သူ့ကိုမှ တိုင်တန်းတာ၊ တရားစွဲဆိုတာမရှိဘူးလို့ ထွက်ထားခဲ့တယ်။”

ဒီအမှုအတွက် ပြီးခဲ့တဲ့ရုံးချိန်းတွေတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှုနဲ့ပတ်သက်ပြီး ထွက်ဆိုချက်ပေးခဲ့ကြောင်းနဲ့ စွပ်စွဲမှုအားလုံးကို ငြင်းဆိုခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတွေက ပြောပြပါတယ်။ ဒီအမှု ၂ ခုအတွက် အပြီးသတ်လျှောက်လဲချက်ပေးချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က ဦးမောင်ဝိတ်အနေနဲ့ သူ့သဘောဆန္ဒအရ လှူဒါန်းခဲ့တာဖြစ်တာကြောင့် ပြစ်မှုကင်းရှင်းကြောင်း လျှောက်ထားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုနဲ့ ပြစ်ဒဏ်ချခဲ့တာနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ တရားဥပဒေနဲ့အညီလုပ်တာ မဟုတ်ဘူးဆိုတာ ပိုပြီး ထင်ရှားနေတယ်လို့ ပြောပါတယ်။

“တရားစွဲတဲ့အထိက အဂတိလိုက်စားမှု စုံစမ်းရေးကော်မရှင်ပေမယ့် သူက စသုံးလုံးကို စစ်ခိုင်းတာ။ စသုံးလုံးဆိုတာ စစ်တပ်ကအသွင်ပြောင်း ဗိုလ်ကြီးတွေကနေ တရားလိုလုပ်စွဲတာ။ စွဲတဲ့အခါ တရားလိုက သက်သေပြတာ။ တရားလိုက သူစွဲတာမှန်ကြောင်း သက်သေပြရတာကိုတော့ မောင်ဝိတ်ကမထွက်ဘူးပေါ့။ သို့သော်လည်း အပြစ်ပေးတယ်။ ပြောစကားတွေနဲ့ပဲဆိုရင် အပုပ်ချသလိုဖြစ်တယ်။ ကိုယ်ပြောတဲ့စကားနောက်မှာ သက်သေပြဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အမိန့်ချလိုက်တာက မြန်မာပြည်မှာ တရားဥပဒေမရှိဘူးဆိုတာ ပိုထင်ရှားတယ်။ သက်သေသာဓက တခုဖြစ်တယ်လို့ ဒီလို ပြောချင်တယ်။”

ဒီနေ့ရုံးချိန်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၂၀ နီးပါးနဲ့တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၃ မှုနဲ့ စုစုပေါင်း ထောင်ဒဏ်ချမှတ်ထားပါတယ်။ ဒီကနေ့အမိန့်ချမှတ်ခဲ့တဲ့ အမှု ၂ မှုအတွက်အပါအဝင် စုစုပေါင်း ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၂၆ နှစ်ချခံထားရပါတယ်။ နောက်ထပ် တရားရင်ဆိုင်နေရတဲ့ အမှု ၅ မှုကျန်နေသေးပြီး အဲဒီအမှုတွေအတွက် ဒီနှစ်ကုန်ပိုင်းလောက်မှာ အပြီးသတ်အမိန့်တွေချနိုင်တယ်လို့ တရားရေးနဲ့နီးစပ်သူတွေဘက်က ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]










XS
SM
MD
LG