သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ဒေသမှာ ကာကွယ်ရေး တိုးမြှင့်ဆောင်ရွက်ဖို့ သြစတြေးလျ ခြေလှမ်းပြင် 


ပါပူဝါနယူးဂီနီကိုရောက်နေတဲ့ သြစတြေးလျားဝန်ကြီးချုပ် Anthony Albanese (ဝဲ) နဲ့ ပါပူဝါနယူးဂီတီဝန်ကြီးချုပ်James Marape (ယာ) (ဇန်နဝါရီ ၁၂၊၂၀၂၃)
ပါပူဝါနယူးဂီနီကိုရောက်နေတဲ့ သြစတြေးလျားဝန်ကြီးချုပ် Anthony Albanese (ဝဲ) နဲ့ ပါပူဝါနယူးဂီတီဝန်ကြီးချုပ်James Marape (ယာ) (ဇန်နဝါရီ ၁၂၊၂၀၂၃)

[[Zawgyi/Unicode]]

ပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကြီးမားလာတာကိုတုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျားက အိမ်နီးချင်း ပါပူဝါနယူးဂီနီ နဲ့လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်ကိုလက်မှတ်ရေးထိုးဖို့ရှိနေပြီး သြစတြေးလျားဝန်ကြီးချုပ် Antony Albanese ဟာ ပါပူဝါမြို့တော် Port Moresby ကို ကြာသပတေးနေ့ကရောက်ရှိသွားပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ဖို့ သြစတြေးလျားဘက်က ရည်ရွယ်ချက်ရှိနေပါတယ်။ ဆစ်ဒနီမြို့တော်ကနေ Phil Mercer သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

သြစတြေးလျားဝန်ကြီးချုပ် Antony Albanese နဲ့ ပါပူဝါနယူးဂီနီဝန်ကြီးချုပ် James Marape တို့ တွေ့ဆုံပွဲမှာ ဒေသဆိုင်ရာ လုံခြုံရေးကိစ္စတွေကလွှမ်းမိုးနေမယ်လို့ ခန့်မှန်းနေကြပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်အတွက် ဆွေးနွေးဖို့ရှိနေပြီး ဒီသဘောတူညီချက်ကို လာမယ့် ဇွန်လမှာအတည်ပြုလက်မှတ်ထိုးမယ်လို့ ခန့်မှန်းရပါတယ်။ သဘောတူညီချက်ပါ အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။

နှစ်နိုင်ငံကြား မိုင်အနည်းငယ်ပဲရှိတဲ့ပင်လယ်ပြင်ပဲ ခြားပါတယ်။ ၂၀၁၈ ခုနှစ်နောက်ပိုင်း သြစတြေးလျားဝန်ကြီးချုပ်တဦးအနေနဲ့ ပထမဆုံးအကြိမ်သွားရောက်တာဖြစ်ပြီး ဝန်ကြီးချုပ် Albanese ဟာ ပါပူဝါနယူးဂီနီလွှတ်တော်မှာ ပထမဆုံးစကားပြောကြားမယ့် ပြည်ပခေါင်းဆောင်တဦးဖြစ်ပါတယ်။

အကဲခတ်တွေကတော့ သူ့ရဲ့ခရီးစဉ်ဟာ ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့သံတမန်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်လာမှုကို တုံ့ပြန်ဖို့အတွက် သြစတြေးလျားအစိုးရရဲ့ကြိုးပမ်းမှုတခုလို့မြင်ကြပါတယ်။

သြစတြေးလျားအနေနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စတွေအတွက် တာဝန်ရှိသူတွေပြောဆိုသုံးနှုန်းနေတဲ့ “မိသားစု ဦးစားပေးချဉ်းကပ်မှု” “Family- first approach” ဗျူဟာနဲ့လုပ်ဆောင်နေပါတယ်။ ဒီဗျူဟာအရ ဒေသတွင်းနိုင်ငံတွေကို အခိုင်အမာစုစည်းပြီး တရုတ်ကိုဘေးဖယ်ချန်လှပ်ထားဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲတုန်းကတော့ ပါပူဝါနယူးဂီနီရဲ့ အိမ်နီးချင်း ဆော်လမွန်ကျွန်းနိုင်ငံနဲ့ တရုတ်တို့လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆော်လမွန်နိုင်ငံဟာ လူဦးရေ ၇ သိန်းကျော်ရှိပြီး သြစတြေးလျားကနေမိုင် ၁,၂၀၀ ကျော်လောက်ဝေးပါတယ်။ တရုတ်နဲ့ လုံခြုံရေးဆိုင်ရာသဘောတူညီချက်အရ ပြည်တွင်း၊ ပြည်ပ ခြိမ်းခြောက်မှုရန်ကြုံခဲ့ရင် တရုတ်ကအကာကွယ်ပေးဖို့ဖြစ်ပြီး သြစတြေးလျားနဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်နဲ့ ကွာခြားမှုမရှိဘူးလို့ ဆော်လမွန်နိုင်ငံရဲ့ခေါင်းဆောင် Manasseh Sogavare က အဲဒိအချိန်တုန်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေပါ ပူးပေါင်းပါဝင်လာတဲ့ဒေသဆိုင်ရာလုံခြုံရေး သဘောတူညီချက်တ ရပ်ဖြစ်လာအောင်တော့ တရုတ်က လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဝန်ကြီးချုပ် Albanese ရဲ့ ကြာသပတေးနေ့ ပါပူဝါနယူးဂီနီခရီးစဉ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအတွက်ဖြစ်တယ်လို့ ပစိဖိတ်ဒေသနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာနဝန်ကြီး Pat Controy က သြစတြေးလျားသတင်းဌာန ABC ကိုပြောဆိုခဲ့ပါတယ်။

“ရာသီဥတုပြောင်းလဲလာမှုကို ပူးပေါင်းတုံ့ပြန်ဆောင်ရွက်ဖို့နဲ့ ပစိဖိတ်ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စတွေကို “ပစိဖိတ်မိသားစုဦးစားပေးချဉ်းကပ်မှုပုံစံနဲ့” တိုးမြှင့်လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။ ဒါဟာ သြစတြေးလျားနဲ့ ပါပူဝါနယူးဂီနီတို့ရဲ့ ဆက်ဆံရေးကိုတိုးမြှင့်လုပ်ဆောင်တာဖြစ်ပြီး ကျနော်တို့ဟာ လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ရမယ့်သူတွေဖြစ်တယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။”

သြစတြေးလျား နိုင်ငံခြားရေးဝန်ကြီး Penny Wong ကတော့ ပြီးခဲ့တဲ့မေလ Albanese ဦးဆောင်တဲ့ လေဘာပါတီအနိုင်ရပြီးကတည်းက ပစိဖိတ်ဒေသနိုင်ငံတွေကို လှည့်လည်သွားလာနေခဲ့ပါတယ်။ ပြီးခဲ့တဲ့လထဲတုန်းကတော့ နိုင်ငံခြားရေးဝန် ကြီး Wong ဟာ Vanuatu နိုင်ငံနဲ့လုံခြုံရေးဆိုင်ရာသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒေသတွင်းတရုတ်ရဲ့သြဇာလွှမ်းမိုးလာမှုကိုတုံ့ပြန်ဆောင်ရွက်နေတဲ့တချိန်တည်းမှာပဲ သြစတြေးလျားရဲ့ အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နဲ့ဆက်ဆံရေးကိုလည်း ပြေလည်အောင်လုပ်ဆောင်ပါတယ်။

ပထဝီနိုင်ငံရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ပျက်ပြားခဲ့ပြီး နှစ်နိုင်ငံပြောဆိုဆက်ဆံမှုတွေမရှိသလောက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပျော့ပြောင်းလာပါတယ်။

ပြီးခဲ့တဲ့နှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာပြုလုပ်တဲ့ G20 စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ အစည်းဝေးပြင်ပမှာ သြစတြေးလျားဝန်ကြီးချုပ် Albanese ဟာ တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့တွေ့ဆုံခဲ့ပါတယ်။

သြစတြေးလျားနဲ့တရုတ်ကြား မရှောင်လွှဲနိုင်တဲ့ သဘောထားကွဲလွဲမှုတွေရှိပေမယ့်လည်း သံတမန်ရေးအရ ရန်လိုတင်းမာမှုတွေကိုအဆုံးသတ်ပြီး၊ တည်ငြိမ်မှုရှိတဲ့၊ ရိုးသားတဲ့ ဆွေးနွေးဖြေရှင်းမှုကိုလိုလားကြောင်းနှစ်ဘက်စလုံးက ပြသကြပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]















XS
SM
MD
LG