သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်၊ မင်းတပ်မှာ စစ်ကောင်စီလက်နက်ကြီးထိလို့ အရပ်သားသေဆုံးမှုတွေရှိ


ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ
ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ

[[Zawgyi/Unicode]]

စစ်ရေးပြင်းထန်နေတဲ့ ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မင်းတပ်ကာကွယ်ရေးCDFအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးနေသလို တိုက်ပွဲဖြစ်ပွါးအပြီး ပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်ကြောင့် အရပ်သားတွေ သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ CDF တာဝန်ရှိသူတွေက ပြောပါတယ်။ ချင်းပြည်နယ်တဝှမ်း တိုက်ပွဲစဉ်အတွင်း အရပ်သား (၂၃၀)ကျော် သေဆုံးမှုရှိတယ်လို့လဲ ချင်းလူ့အခွင့်အရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီနေ့ဇွန်လ(၁၆)ရက်နေ့မနက်ပိုင်း ချင်းပြည်နယ်မင်းတပ်မြို့အနီး မီတွီရွာဘက်ကို လက်နက်ကြီးကျရောက်ခဲ့လို့ ရွာသား (၃)ဦး သေဆုံးသွားတယ်လို့ မင်းတပ်ဒေသခံတဦးက ပြောပါတယ်။

“မင်းတပ်ဘက်မှာ ဒီမနက်မှာ (၂၇၄) တပ်ရင်းကနေလက်နက်ကြီးတွေထုလို့ ပြည်သူ (၃)ယောက်သေသွား တယ် လေ။ ဒီမနက် ဘာမှတိုက်ပွဲဖြစ်ပွါးမှုမရှိဘဲနဲ့ (၂၇၄)တပ်ရင်းကနေ အမြောက်နဲ့ထု လာတယ်ကျေးရွာဘက်ကို။ တောင်ယာလုပ်နေတဲ့ (၃)ယောက် သေသွားတာ။ သူက မင်းတပ်မြို့ရဲ့မျက်နှာချင်း ဆိုင်ရွာပေါ့။ ’’

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်အတွင်း ဇွန်လ (၁၄) ရက်က ဒေသခံ မင်းတပ်ကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မင်းတပ်CDFပြောခွင့်ရ ဆလိုင်းယောမာန်ကပြောပါတယ်။

“ (၁၄)ရက်နေ့က မင်းတပ်မြို့ပေါ်မှာ နေရာ (၃)နေရာ (၄)နေရာလောက်မှာ မနက်(၈)နာရီခွဲကနေစပြီးမှ နေ့လယ် (၁၁) နာရီကျော်ကျော်အထိ တိုက်ပွဲပေါ့နော်။ လက်နက်ကြီးလက်နက်ငယ်နဲ့ နာရီ(၃)ချက်လောက်တိုက်ပွဲဖြစ်တယ်။ စကစ အနည်းဆုံးလေးဦး ငါးဦးလောက် သေဆုံးပြီးမှ ဒဏ်ရာရရှိသူအများအပြားရှိတယ်လို့သိရတယ်။’’

တိုက်ပွဲဖြစ်ပွါးအပြီး မနေ့ကနဲ့ဒီနေ့ဇွန်လ (၁၆)ရက်နေ့မှာ အနီးနားဝန်းကျင်ရွာတွေအပေါ် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာမျိုး လုပ်ဆောင်နေတာပါ။ ဒီလိုပစ်ခတ်မှုကြောင့် ဒီကနေ့မှာ မင်းတပ်မြို့နဲ့မဝေးလှတဲ့ မီတွီကျေးရွာအတွင်း လက်နက်ကြီးပေါက်ကွဲခဲ့လို့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦးသေဆုံးခဲ့တဲ့အပြင် တဦးဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တချို့ပျက်စီးမှုရှိခဲ့တယ်လို့ ဆလိုင်း ယောမာန်က ဆက်ပြောပါတယ်။

“အဲဒီနောက်ပိုင်း မနေ့က အဲဒီအနီးနားဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ပတ်ပတ်လည်ထုတယ်။ မနေ့ကတော့ အထိခိုက်ရှိတယ် မကျဘူး။ ဒီနေ့ကျတော့ သူတို့ပြန်ထုတဲ့အချိန်မှာ မင်းတပ်မြို့မြောက်ဘက်မှာရှိတဲ့ မီတွီရွာမှာကျတယ်။ အဲဒီတောင်ယာလုပ်နေတဲ့ ’အဖိုးကြီးပေါ့နော် အသက်(၇၀)အရွယ် အမျိုးသားတဦး နောက် (၃၀)အရွယ် အမျိုးသမီးတဦး။ အသက် (၆၀)အရွယ် အမျိုးသမီးတဦးပေါ့။ (၃)ဦးပွဲချင်းပြီး သေဆုံးသွားတယ်။ ပြီးတော့အမျိုးသားတဦးကလည်း ဒဏ်ရာတွေရတယ်။ လူနေအိမ်(၄)လုံးပေါ့နော်။ ထိခိုက်ပျက်စီးတာတွေ ရှိတယ်ပေါ့လေ။”

တိုက်ပွဲအတွင်း ဒေသခံရွာသားတွေလဲ စိုးရိမ်မှုနဲ့ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

မင်းတပ်ဘက်တိုက်ပွဲ အခြေအနေကိုသိရှိဖို့ စစ်ကောင်စိပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ စစ်တပ်ကနေ အာဏာသိမ်းပြီး နောက်ပိုင်း ချင်းပြည်နယ်အတွင်းက မြို့နယ်တော်တော်များများမှာ စစ်ကောင်စီတပ်တွေကို လက်နက်စွဲကိုင် ခုခံတိုက်ခိုက်လာခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွါးမှု ဖြစ်စဉ်အတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား ပစ်ခတ်မှုတွေလဲ ရှိနေတာပါ။ ၂၀၂၁ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲကာလအတွင်း လူသေဆုံးမှုနဲ့အိုးအိမ်မီးလောင်မှု အခြေအနေကိုတော့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ရဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ Za Uk Ling (ဇာအုပ်လင်း) က အခုလိုပြော ပါတယ်။

“စစ်ကောင်စီတက်လာကတည်းကပြည်သူတွေကိုပစ်မှတ်ထားပြီးမှ သူတို့ရောက်တဲ့နေရာတိုင်းမှာ ပထမဆုံး ပြည်သူတွေကို ထိတ်လန့်အောင်လုပ်တယ်။ ပြီးတော့ ပြည်သူတွေကို နှိပ်စက်တယ်။ အိမ်တွေကိုမီးရှို့တယ်။ ဖျက်စီးတာမျိုး အများကြီးလုပ်တယ်။ ဒါတွေအားလုံးဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေဘဲလို့ ကျွန်တော်တို့မြင်တယ်။ ချင်းပြည်နယ်မှာ မှတ်တမ်းပြုစုထား ဒီလိုမျိုး ဥပဒေမဲ့ သတ်ဖြတ်မှုတွေက (၂၃၀)အယောက်(၂၃၀)လောက်ရှိပြီး။ ပြီးတော့အိမ်တွေ အဆောက်အဦတွေမီးရှို့တာ (၁၇၀၀)လောက်ရှိတယ်။ ဒီချင်းပြည်နယ်တဝှမ်းမှာ။ ’’

တနှစ်ကျော်အကြာဖြစ်ပွါးတဲ့တိုက်ပွဲကာလအတွင်း ချင်းပြည်နယ်မြို့နယ်အသီးသီးက ဒေသခံပြည်သူ တသိန်းကျော် စစ်ဘေး တိမ်းရှာင်နေကြရဲပီး အဲဒီအထဲက (၄၀၀၀၀)ကျော်ဟာ အိန္ဒိယ နိုင်ငံမီဇိုရမ်ပြည်နယ်ဘက်ကို တိမ်းရှောင် နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]















=========

XS
SM
MD
LG