သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူပီမြို့မှာ အရပ်သားတဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး


ချင်းပြည်နယ်၊ မတူပီမြို့နယ်။ (MIMU)
ချင်းပြည်နယ်၊ မတူပီမြို့နယ်။ (MIMU)

[[Zawgyi/Unicode]]

ချင်းပြည်နယ် မတူပီမြို့မှာ အရပ်သားတဦး အောက်တိုဘာ ၁၀ ရက် မနေ့က စိုက်ပျိုးရေးခြံသွားရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။ စစ်တပ်က ပိတ်ထားတဲ့ မတူပီ မြို့အဝင်အထွက်ဂိတ်တွေကိုတော့ ဒီတပတ်ထဲမှာပဲ ပြန်ဖွင့်ပေးနေပါပြီဖြစ်ပေမယ့် အသွားအလာတွေကိုတော့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပါတယ်။ မတူပီမြို့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြထားပါတယ်။

မတူပီမြို့ ၃ မိုင်အကွာလောက် လည်မျိုချောင်းတံတားအနီးတဝိုက်မှာ ဒေသခံတဦး အောက်တိုဘာ ၁၀ ရက် မနေ့က မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီ ပြန်ကြားရေးတာဝန်ခံက VOA ကို ပြောပါတယ်။

“မတူပီမြို့ကနေ ၃၊ ၄ မိုင်လောက်အကွာမှာပေါ့နော်- စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီးတော့ သေဆုံးသွားလို့ သတင်းရထားတယ်ခင်ဗျ။ စစ်ကောင်စီတွေရဲ့ ဘယ်လိုပြောရမလဲ သူတို့ လှုပ်ရှားနေပတ်ဝန်းကျင်မှာပဲ အဲ့ဒီမိုင်းကလည်း ပေါက်သွားတယ်လို့ ကျနော်တို့လည်း သတင်းရထားတယ်ခင်ဗျ။”

အသက် ၄၀ ဝန်းကျင် အမျိုးသားတဦးဟာ ဝဥခြံသွားရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိတာပါ။ မိုင်းနင်းမိတဲ့ ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးသွားတာလို့ ဒေသခံတဦးကလည်း VOA ကို ခုလို ပြောပါတယ်။

“မနေ့က မတူပီမှာ သူတို့က လမ်းဖွင့်တော့ ဒီဘက်ကို ဝဥခြံကိုသွားတဲ့ ပြည်သူတယောက်ပေါ့နော် မိုင်းမိပြီးခါမှ သွေးထွက်လွန်ပြီးဆုံးသွားတာ။ ဘယ်သူထောင် ထားတဲ့ မိုင်းလဲဆိုတော့ ကျနော်အထင်တော့ စစ်ကောင်စီထောင်ထားတဲ့လို့ပဲ ကျနော်ထင်တယ်။ စစ်ကောင်စီလှုပ်ရှားတဲ့နေရာတွေပေါ့ ဟုတ်ကဲ့။ မိုင်းနင်းမိတဲ့ ဖြစ်စဉ်လေးရှိတဲ့အတွက်ကြောင့် ကျနော်တို့ ပြည်သူတွေအတွက်တော့ အဲ့လိုမျိုးသွားလာမှုကျတော့ အန္တရာယ်တွေရှိတာပေါ့။ လုံခြုံမှုမရှိဘူးလို့ ခံစားကြရတာပေါ့နော်။”

မြေမြှုပ်မိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်တပ် တပ်စွဲပြီး လှုပ်ရှားခဲ့တဲ့နေရာဖြစ်တာကြောင့် မြန်မာစစ်တပ် ထောင်ထားတဲ့မိုင်းတွေဖြစ်နိုင်တယ်လို့ CDF မတူပီနဲ့ ဒေသခံက ခန့်မှန်းပြောဆိုတာပါ။ VOA အနေနဲ့တော့ သီးခြားအတည်လို့ မရသေးသလို စစ်ကောင်စီဘက်ကလည်း ဒီ ကိစ္စကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒေသခံ ကာကွယ်ရေးတပ်တွေ၊ ချင်းကာကွယ်ရေးတပ်တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်လေ့ရှိတဲ့ မတူပီမြို့တဝိုက်မှာ မြေမြှုပ်မိုင်းတွေ ထောင်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ ဖြစ်လေ့ရှိသလို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံတွေလည်း မကြာမကြာ ကြားရလေ့ရှိပါတယ်။

စက်တင်ဘာ တတိယအပတ်က မတူပီမြို့ အဝင်အထွက်တွေ စစ်တပ်က ပိတ်ဆို့ခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့က ပြန်လည်ဖွင့်ပေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာကနေလာတဲ့သူဆိုရင် ပိုပြီး တင်းတင်းကြပ်ကြပ် အသေးစိတ် စစ်ဆေးတာတွေ လုပ်တယ်လို့လည်း ဒေသခံတယောက်က ပြောပြပါတယ်။

“မြို့ထဲဝင်ဖို့ကျတော့ သူတို့ ပိတ်ထားတာပေါ့နော်။ ၃ ပတ်ကျော်ကြာတယ်။ ၈ ရက်နေ့ကနေစပြီးတော့ ဖွင့်တာပေါ့နော်။ အဲ့ဒါကျနော်တို့ လမ်းကြောင်းသွားနိုင် တာပေါ့နော်။ သွားလာပေမယ့်လည်း သူတို့ စစ်ဆေးမှုတွေရှိတယ်အခုက၊ ဒါပေမယ့် ဒီဘက်ကတော့ သွားတော့ မသွားသေးဘူး၊ ဟိုဘက်လူနာတွေကျတော့ သွားနေတာ အခြေအနေတွေရှိတယ်။”

မြို့အဝင်အထွက်ကို ပြန်လည်ဖွင့်ထားပေမယ့် လုံခြုံရေးအခြေအန တင်းကြပ်တာကြောင့်ရော၊ ဖမ်းဆီးစစ်ဆေးမှုတချို့ရှိတဲ့အတွက် လောလောဆယ်မှာ ကျေးရွာတွေက နယ်ခံတွေ မတူပီမြို့ပေါ်ကို သိပ်မသွားလာရဲကြသေးပါဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]













XS
SM
MD
LG