သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က ပြန်ပေးဆွဲခံပညာရေးဝန်ထမ်း ၂ ဦး လျော်ကြေးငွေနဲ့ ရွေးထုတ်ဖို့ ကြိုးစားနေ


ရခိုင်ပြည်နယ်ပညာရေးမှူ̔ရုံး။ (ဓာတ်ပုံ-ရခိုင်ပြည်နယ်ပညာရေးမှူးရုံး FB)
ရခိုင်ပြည်နယ်ပညာရေးမှူ̔ရုံး။ (ဓာတ်ပုံ-ရခိုင်ပြည်နယ်ပညာရေးမှူးရုံး FB)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံထားရတဲ့ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်လည် လွတ်မြောက်ရေးအတွက် ပြန်ပေးသမားတွေတောင်းတဲ့ငွေတွေကို လွှဲပေးနေတယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ အခုလို ပညာရေးဝမ်းထန်းနှစ်ဦးကို ပြန်ပေးဆွဲသွားတာကြောင့် သွားရေးလာရေးခက်ခဲတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမတွေကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံထားရတဲ့ ပညာရေးဝန်ထမ်း နှစ်ဦးပြန်လည်လွတ်မြောက်ရေးအတွက် ပြန်ပေးသမားတွေ တောင်းထားတဲ့ ငွေတွေကို လွှဲပေးနေပြီလို့ ရခိုင်ပြည်နယ် ပညာရေးမှူးကပြောပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးဟာလည်း ကျန်းကျန်းမာမာရှိနေသလို ပြန်ပေးသမားတွေတောင်းထားတဲ့ ငွေတွေကို ရှာကြံပြီးတော့ မိသားစုဝင်တွေကနေတဆင့် ဘင်္ဂလားဒေရှ့် နိုင်ငံကဖုန်းတွေကို လွှဲပေးနေရတယ်လို့ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောပါတယ်။

“သူတို့ကတော့ ကောင်းကောင်းမွန်မွန် ရှိတယ်။ မိသားစုဝင်တွေနဲ့ ဖုန်းပြောရတယ်လို့ ပြောတယ်။ သူတို့တောင်းထားတဲ့ ပိုက်ဆံတွေ ပေးနေရတယ်ပေါ့၊ အဲလိုပဲ သိတယ်လေ။ ဒီနေ့လည်းပဲ ပိုက်ဆံလွှဲပေးဖို့ ပြောနေတယ်၊ မိသားစုဝင်တွေကလည်း ပိုက်ဆံတွေ လွှဲပေးဖို့ လုပ်နေတယ်ပေါ့လေ၊ အခုလေးတင် တင်ပြလာလို့။ ပိုက်ဆံကတော့ ရှာကြံပြီးတော့ မိသားစုဝင်တွေကလည်း ပါမယ်။ ပညာရေးကလည်းပါမယ်၊ နောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယာယီခဏချေးပြီးတော့မှ အဲလိုမျိုးတွေတော့ ပြောတယ်။”

ပညာရေးဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲထားသူတွေဟာ ဘယ်အဖွဲ့ကမှန်းမသိပေမယ့် အခုလို အကြမ်းဖက် လုပ်ရပ်တွေကြောင့် သွားရေးလာရေး ခက်ခဲတဲ့ဒေသတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ ဆရာ ဆရာမတွေကြား လုံခြုံရေး စိုးရိမ်မှုတွေ တိုးလာနေတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဦးဘထွီးစိန်ကပြောပါတယ်။

“ဆရာဆရာမတွေကို ဖမ်းတယ်ဆိုတော့ ကျနော်တို့က စီးပွားရေးသမားလည်း မဟုတ်ဘူး၊ ကျနော်တို့ ဆရာ ဆရာမတွေက သူများမသွားနိုင်တဲ့ နေရာတွေမှာ သွားပြီးတော့မှ တာဝန် ထမ်းဆောင်နေကြတာ။ အခုလို ဖမ်းသွားတော့ ခြိမ်းခြောက်တဲ့ အနေအထားလည်းဖြစ်သွားတယ်။ တခြား ကျောင်းတွေမှာလည်း မသွားရဲတာတွေ ဖြစ်သွားမယ်လေ။ အဲဒါကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

အခုလို ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်အနှံ့က သွားရေးလာရေး ခက်ခဲတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမတွေအနေနဲ့ လုံခြုံမှုမရှိသလို ခံစားနေကြရပြီး ကျောင်းသွားမတက်သူတွေလည်း ရှိနေတာပါ။

ဘူးသီးတောင် မောင်တောအပါအဝင် ကျေးလက်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမတချို့ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ အားလုံးက သူတို့တာဝန်ကျတဲ့နေရာတွေမှာ လုံခြုံမှုမရှိဘူးလို့ ဖြေဆိုကြတာလည်းဖြစ်ပါတယ်။

“အခုသတင်းကြားပြီးတော့ ကိုယ်တွေက ပထမတော့ ထိတ်လန့်တာပေါ့နော်၊ ဒါပေမယ့် ကိုယ်တွေနဲ့ မွတ်ဆလင်တွေနဲ့ကျတော့ အတူတူယှဉ်တွဲနေထိုင်နေတယ်၊ လူတွေမှာလည်း လူကောင်း လူဆိုးရှိသလိုပေါ့နော်၊ ဘယ်သူဘယ်ဝါလည်း တော့ မသိဘူး၊ အခုသတင်းတွေကြားရသလောက်တော့ ဟိုဘက်ဒီဘက် သံသယတွေနဲ့ ဘယ်အဖွဲ့က လုပ်တာလဲပေါ့။ အဲလိုမျိုးတွေလည်း ကြားရတယ်၊ ကိုယ်တွေ ကြောက်တာကတော့ မွတ်ဆလင်တွေကို ကြောက်တာလို့တော့ မဟုတ်ဘူးပေါ့နော်၊ တကယ့်တကယ် အကြမ်းဖက်တဲ့အဖွဲ့ကို ကြောက်တာရှင့်။ ငါတို့ သွားနေတဲ့ လမ်းခရီးမှာများ အကြမ်းဖက်အဖွဲ့တွေ ရောက်နေမလားအဲလိုမျိုး သံသယ စိတ်တွေနဲ့ စိုးရိမ်နေရတယ်ရှင့်။”

လက်ရှိအချိန်ဟာ ရခိုင်နဲ့ မွတ်ဆလင်ကြား ပျက်သွားတဲ့ယုံကြည်မှုနဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြား သဟဇာတဖြစ်မှုကို တည်ဆောက်နေတဲ့အချိန် မသမာတဲ့လူတစုက ပြဿနာဖြစ်အောင် ဖန်တီးနေတဲ့ဖြစ်စဉ်တွေ မကြာခဏတွေ့နေရတာကြောင့် လူမျိုး ဘာသာကို အဓိကမထားဘဲ ပြစ်မှုကျူးလွန်သူတွေကို ခွဲခြား ရှုမြင်ကြဖို့ ရိုဟင်ဂျာ ကျောင်းသားတဦးဖြစ်တဲ့ ကိုဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့က ပျက်သွားတဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်နေတဲ့ အချိန်ဖြစ်တာကြောင့် မသမာသူတွေ အုပ်စုတွေကြောင့် ကျနော်တို့ ပြဿနာတွေ အများ ကြီးတက်ခဲ့ပြီးပြီ။ ပြန်ပေးဆွဲတယ်ဆိုတာက ရာဇဝတ်မှုဖြစ်တယ်၊ ရာဇဝတ်သားတွေပဲဖြစ်တယ်၊ ဘယ်လူမျိုး ဘယ်ဘာသာပဲ ဖြစ်ပါစေ၊ အဲဒါတွေက အရေးမကြီးဘူး၊ ရာဇဝတ်သားကို ရာဇဝတ် သားတွေလို့ပဲ မြင်စေချင်ပါတယ်။ ဘယ်အဖွဲ့ ဘယ်အုပ်စုကပဲ လုပ်လုပ်ပေါ့နော်။”

မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးထားသူတွေဟာ ARSA အကြမ်းဖက်အဖွဲ့က ဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင် AA စစ်ဦးစီးချုပ်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဖော်ရေးသားထားပေမယ့် လက်ရှိအချိန်ထိတော့ ပညာရေးဌာနာအပါအဝင် စစ်ကောင်စီဘက်ကလည်း ဘယ်ဖွဲ့က ပြန်ပေးဆွဲသွားတယ် ဆိုတာ တိတိကျကျထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ဒါ့အပြင် စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးအပါအဝင် မြို့နယ်တချို့မှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ်ပြီးတော့ ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးတာတွေရှိနေသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာတွေလည်း ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]















================

XS
SM
MD
LG