သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းငြိမ်းချမ်းရေးအတွက် တရုတ်အဆိုပြုချက် ကန်သံသယရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (မတ်လ ၂၀၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (မတ်လ ၂၀၊ ၂၀၂၃)

{{Zawgyi/Unicode}}

တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ မော်စကိုခရီးစဉ်မှာ ဆွေးနွေးဖို့ရှိတဲ့ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် သံသယရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က တနင်္လာနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါဟာ ယူကရိန်းစစ်မြေပြင်မှာ ရုရှားကိုကူညီဖို့အချိန်ဆွဲရေး နည်းဗျူဟာဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။

“စစ်ပွဲကို လိုသလိုရပ်တန့်ဖို့ကြံစည်တဲ့ တရုတ် ဒါမှမဟုတ် တခြားနိုင်ငံတခုခုရဲ့ပံ့ပိုးမှုနဲ့ ရုရှားရဲ့ နည်းဗျူဟာတွေကို ကမ္ဘာကြီးအနေနဲ့ အလှည့်စားမခံသင့်ပါဘူး” လို့ ဘလင်ကန်က သတင်းထောက်တွေကို ပြောပါတယ်။

"တရားမျှတပြီး တာရှည်ခံတဲ့ငြိမ်းချမ်းရေး" အတွက်လုပ်ဆောင်တဲ့ ဘယ်လိုသံတမန် နည်းလမ်းမျိုးကိုမဆို အမေရိကန်ကကြိုဆိုပေမယ့် တရုတ်နိုင်ငံအနေနဲ့ ယူကရိန်းရဲ့ "အချုပ်အခြာအာဏနဲ့ နယ်မြေပိုင်ဆိုင်မှု" ကို ဘယ်လောက် အကာအကွယ်ပေးမလဲဆိုတာအပေါ် သံသယတွေတိုးလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

"ဒီလို အရေးပါတဲ့မူကို ဦးစားမပေးတဲ့ ဘယ်လိုအစီအစဉ်မျိုးမဆိုဟာ အချိန်ဆွဲတဲ့နည်းပရိယာယ်၊ ဒါမှမဟုတ် တရားမျှတမှုကို မလိုလားတာသာဖြစ်တယ်လို့ဆိုပြီး ဒါဟာ အပြုသဘောဆောင်တဲ့ သံခင်းတမန်ခင်း မဟုတ်ဘူး" လို့ ဘလင်ကန်က ပြောပါတယ်။

"ယူကရိန်းပိုင်နက်အတွင်းက ရုရှားတပ်ဖွဲ့ဝင်တွေကို ဖယ်ရှားရေးမပါဝင်ဘဲ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတာဟာ ရုရှား‌ကို ထောက်ပံ့ပေးနေတာသာ ဖြစ်တယ်" လို့ လည်း သူက ပြောပါတယ်။

ဘလင်ကန်ဟာ ယူကရိန်းကို အမေရိကန်က စစ်ရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ သန်း ၃၅၀ ပေးမယ်လို့ တနင်္လာနေ့အစောပိုင်းက ကြေညာခဲ့ပြီး ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီ (Volodymyr Zelensky) က တောင်းဆိုထားတဲ့ “ယူကရိန်းမြေက ရုရှားတပ်တွေ ဆုတ်ခွာရေး” ရပ်တည်ချက်ကိုလည်း ဘလင်ကန်က ထပ်လောင်းထောက်ခံခဲ့ပါတယ်။

“ကုလပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကိုအခြေခံပြီး စစ်ပွဲကိုအဆုံးသတ်ဖို့ တရုတ်နိုင်ငံက ကတိကဝတ်ပြုမယ်ဆိုရင် တဘက်မှာလည်း သူ့ရဲ့သြဇာကိုအသုံးချပြီး ရုရှားတပ်တွေပြန်ဆုတ်ပေးဖို့ လုပ်ဆောင်နိုင်မယ်ဆိုရင် တရုတ်ဟာ သူ အဆိုပြုထားသလို သမ္မတဇလန်းစကီနဲ့ ယူကရိန်းကို ထိတွေ့ဆက်ဆံနိုင်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================
{{Unicode}}









XS
SM
MD
LG