သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းပိတ်ဆို့မှုကြောင့် ဒေသခံတွေအခက်တွေ့


[[Zawgyi/Unicode]]


စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဘက်က ကုန်းကြောင်း ရေကြောင်း လမ်းတွေပိတ်ဆို့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်နေတာကြောင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးမှာပါ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်မြောက်ပိုင်းဒေသ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့လပိုင်းကစလို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသတွင်း စစ်ရေးတင်းမာမှုတွေ တိုးလာတာပါ။ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ညှိနှိုင်းနေတယ်လို့ ပြောပေမယ့် လက်တွေ့မှာ စစ်အင်အားတိုးချဲ့ပြီး ဖိအားပေးတွေ တိုးလုပ်လာနေတယ်လို့ ရခိုင်အရေး သုံးသပ်သူတွေက ပြောပါတယ်။ ရခိုင်ဒေသအခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော် တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ တကြော့ပြန်ဖြစ်ပွားပြီးတဲ့နောက် ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောအပါအဝင် မြို့နယ်တချို့ကို ကုန်းလမ်းရေလမ်း တွေကို စစ်ကောင်စီဘက်က ပိတ်ပင်ထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ စားနပ်ရိက္ခာသယ်ယူခွင့်တွေ ပိတ်ပင်ထားသလို AA လက်နက်ကိုင်အဖွဲ့ကို မထောက်ပံ့ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေလည်း လုပ်နေတဲ့အကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ဟာ အရာထင်ဖို့ လွယ်မှာ မဟုတ်ဘူးဆိုပြီး ရခိုင်အရေး ကျွမ်းကျင်သူ တဦးဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။

“ ငြိမ်းချမ်းရေးနှစ်ဆိုတာ ပါးစပ် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီးတော့ တကယ်တမ်းပြည်သူ တွေရဲ့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး နည်းမျိုးစုံနဲ့ အခက်အခဲ အကျပ်အတည်းဖြစ်အောင် ရခိုင်မှာလုပ်နေတယ်ပေါ့။ စစ်မျက်နှာတွေ ဖွင့်နေတယ်ပေါ့၊ အဲဒါမျိုးနဲ့ ဆိုရင်တော့ ဒါက တောက်လျှောက် စစ်ပွဲတွေကို ဦးတည်သွားမှာပဲ ဆိုတော့ သူတို့မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးနှစ်ဆိုတာလည်း လူကြားကောင်းအောင် အသံကောင်းဟစ်တာလို့ပဲ ကျနော်ပြောချင်ပါတယ်။”

အသွားအလာတွေ ပိတ်ပင်ပြီး ရိက္ခာသယ်ယူခွင့်တွေ ကန့်သတ် ထားတာကြောင့် မောင်တောမြို့နယ်မှာ စားနပ်ရိက္ခာတွေလည်း ပြတ်တောက်နေသလို တရွာနဲ့ တရွာတောင် ကူးသန်းသွားလာခွင့်မရဘူးလို့ မောင်တောဒေသခံ အမျိုသမီးတဦးက VOA ကို ပြောပါ တယ်။

"လမ်းတွေကလည်း ဟိုရွာနဲ့ ဒီရွာသွားလာခွင့်တောင်မပေးတော့ဘူး၊ အငူမော်ဘက်က နေပြီးတော့ မောင်တောမြို့ပေါ်ကိုလည်း သွားလာခွင့်မပြုဘူး။ လမ်းတွေကလည်း အကုန် လုံးပိတ်ထားတယ်၊ အမေနဲ့သား တယောက်တရွာ ရောက်နေတော့ အမေနေမကောင်းတာတောင် သားလာကြည့်လို့မရဘူး။ အဲလိုဖြစ်နေတယ်။”

တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဆွေးနွေးနေတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မကြာသေးခင် သီတင်းပတ်အတွင်းက VOA ကို ပြောဆိုပါတယ်။ ဒါပေမဲ့လည်း AA အဖွဲ့ဘက်ကတော့ တိုက်ရိုက်ဆွေးနွေးမှုတွေ မရှိသေးဘူးလို့ တုံ့ပြန်ထားပါတယ်။

ရခိုင်အရေး ကျွမ်းကျင်သူ ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားကို အလေးထားဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို မျှော်လင့်ပါတယ်။ ဖြစ်လည်းဖြစ်စေချင်တယ်၊ ဒါပေမယ့် တဘက်က လိုချင်တဲ့အခွင့်အရေးကိုတော့ ရဲရဲတင်းတင်းပေးရလိမ့်မယ်။ ဒီဘက်က တောင်းဆိုတာကို သိပ်ပြီးတော့မကြိုက်တဲ့အတွက် စစ်ပွဲနဲ့ ဖြေရှင်းတော့မယ်ဆိုရင်လည်း စစ်ပွဲတွေ ဖြစ်လာမှာပဲ။ ဆိုတော့ ဒီဘက်ကတောင်းဆိုတာကိုတော့ ဘာတောင်းဆိုနေသလဲဆိုတာကိုတော့ ဂရုစိုက်ဖို့လိုတယ်။ ဆွေးနွေးဖို့လိုတယ်။ လက်ရှိအာဏာရယူထားတဲ့ အစိုးရတရပ်အနေနဲ့ ဒီဘက်က တော်လှန်ရေးတွေနဲ့ ဆွေးနွေးဖို့ ရဲရဲရင့်ရင့်ချပြဖို့ တာဝန်ရှိတယ်။ အဲလိုသာလုပ်နိုင်ခဲ့ရင်တော့ငြိမ်းချမ်းရေး လမ်းစတခုကို ရနိုင်တယ်လို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ကုန်းလမ်းရေလမ်း ပိတ်ပင်စစ်ဆေးတာတွေကြားမှာ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့ အစည်းတွေလည်း သွားလာရေး ကူညီရေး အခက်အခဲတွေ ကြုံနေရတဲ့အကြောင်း ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကတော့ မြန်မာဘက်ခြမ်းက မော်တာကျည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ကျရောက်လို့၊ လူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ အဲဒီနောက် မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်ခြားမှာ ဘင်္ဂလားဒေ့ရ်ှဖက်က လုံခြုံရေးတိုးမြှင့်ထားသလို၊ နှစ်ဖက် သံတမန်အပြန်အလှန်ခေါ်ယူပြီး ကန့်ကွက်တာ ရှင်းလင်းတာတွေရှိခဲ့ပါတယ်။ မြန်မာဘက်က ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ မဟုတ်တဲ့ အမှားဖြစ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၀ ရက်နေ့ကတော့ ပြောကြားခဲ့ပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို ငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်ခဲ့ပေမယ့် AA အနေနဲ့ နယ်ခြားစောင့် ရဲစခန်းတွေကိုစတင်တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည် တိုက်ခိုက် ရတာဖြစ်ပြီး ဒီအတွက်လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဂါၤနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ စစ်ကောင်စီအနေနဲ့ အမှန်တကယ်မျှမျှတတနဲ့ တရားမျှတတဲ့ ဆွေးနွေးမှုမျိုးလုပ်မယ်ဆိုရင် ရခိုင်လက်နက်ကိုင်အဖွဲ့အနေနဲ့ အဆင်သင့်ရှိတယ် လို့ တုံ့ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]













XS
SM
MD
LG