သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့အနီးက စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၁ ဦးသေ


Loikaw လွိုင်ကော်
Loikaw လွိုင်ကော်

[[Zawgyi/Unicode]]

လွိုင်ကော်မြို့အနီးက စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၁ ဦးသေ

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်း တခုအတွင်း မနေ့ညက လက်နက်ကြီးကျလို့ မိသားစုသုံးဦးထဲက တဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ စစ်ရှောင်တွေက VOA ကို ပြောပါတယ်။ လူဦးရေ ၆,၀၀၀ လောက်ရှိတဲ့ အဲဒီစစ်ရှောင်စခန်းမှာ တချို့က နေရာပြောင်းနေကြပြီး တချို့ကတော့ ဗုံးခိုကျင်းတူးပြီးတော့ အဲဒီနေရာမှာပဲဆက် နေထိုင်ကြတယ်လို့ ပြောပါတယ်။ စစ်ရှောင်စခန်းအနီးတဝိုက် ကုန်းသာကျေးရွာ စေတီဘုရားမှာလည်း မနေ့ညတည်းက စစ်တပ်တွေ တပ်စွဲနေထိုင်နေတာမို့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ လွိုင်ကော် အနောက်ခြမ်း စစ်ရှောင်စခန်း အခြေအနေ သတင်းပေးပို့ချက်ကို မအိသန့်စင်က တင်ပြထားပါတယ်။

အောက်တိုဘာ ၂၃ ရက် မနေ့ည ၉ နာရီလောက်မှာ လွိုင်ကော်မြို့နယ် အနောက် ဘက်ခြမ်း ကုန်းသာစစ်ရှောင်စခန်းမှာ လက်နက်ကြီးကျခဲ့တာလို့ စစ်ရှောင်တဦးက VOA ကို ပြောပါတယ်။ စစ်ရှောင်စခန်းနေရာ တဝိုက်မှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျည် ရုတ်တရက်ကျခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့ အမျိုးသမီးနဲ့ကလေးလည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

“အခုကျမတို့ စစ်ရှောင်စခန်းမှာလည်း လက်နက်ကြီးကျလို့ မနေ့ည တယောက်သေသွားတယ်။ အဲ့မှာသူတို့ကျသွားတယ်။ သူတို့မိသားစုကတော့ ၃ ယောက်ထိထားတယ်။ သူ့အမျိုးသားကတော့ သေသွားတယ်ပေါ့နော်။ အမျိုးသမီးတော့ တော်တော်စိုးရိမ်ရတယ်၊ ဆေးရုံတော့ မနေ့ညကတည်း ပို့ထားတယ်။ သူ့ကလေးတယောက်ကျတော့ ချုပ်ရိုး ၃ ချက်လား ၆ ချက်လား ပြောတယ်။ ကျမလည်း အတိအကျတော့ မသွားကြည့်ဘူး။ အဲ့မှာသူတို့ပြောကြတာ၊ သူ့ကလေးတော့ စစ်ရှောင်စခန်းမှာတော့ ကျန်ခဲ့သေးတယ်။

ကုန်းသာစစ်ရှောင်စခန်းတွေမှာ အိမ်ခြေ ၆၀၀ ၊ လူဦးရေ ၆,၀၀၀ လောက်ရှိပြီး စစ်ပြေးဒုက္ခသည်တွေဟာ ယာယီတဲထိုးကာ ကိုယ့်မိသားစုနဲ့ ကိုယ် နေထိုင်နေကြတာပါ။ မနေ့ညက လက်နက်ကြီးကျည်ကျခဲ့တဲ့အတွက် တချို့ စစ်ရှောင်တွေ နေရာပြောင်းရွှေ့ သွားကြပြီး တချို့က အဲ့နေရာမှာပဲ ဗုံးခိုကျင်းတူးပြီး ဆက်လက်နေကြတယ်လို့လည်း ပြောပါတယ်။

စစ်ရှောင်စခန်းအနီးတဝိုက်က ကုန်းသာကျေးရွာ စေတီဘုရားပေါ်မှာ မနေ့ညတည်းက စစ်တပ်တွေ ရောက်နေတာကြောင့် ဒေသခံ PDF အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ကြီးထွားလာမှာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“လက်နက်ကြီးက သူ့တဲပေါ်မှာ ကျတယ်ပေါ့နော်၊ ကိုယ်တဲနဲ့ကိုယ်တော့ ရှိတယ် စစ်ရှောင်စခန်းရယ်လို့ သီးသန့်အဲ့လိုသူတို့လုပ်ပေးတာတော့မရှိ ကိုယ်တဲနဲ့ကိုယ် လုပ်ကြတယ်ပေါ့နော်။ ကျင်းတူးထားတယ် တချို့လူက သူတို့မပြန်ဘူး။ တချို့ လူတော့ ပြန်တယ်။ အများအားဖြင့်တော့ ပြန်ကြဆိုတာက ရွာထဲတော့ မနေဘူးပေါ့နော်၊ တခြားရွာတွေသွား အဲ့လိုမျိုးပေါ့နော်။ ကျမတို့ အမြဲတမ်းစိုးရိမ်နေရတယ်။”

စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ရှောင်စခန်းတွေနဲ့ လူနေရပ်ကွက်တွေထဲမှာ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သားထိခိုက်သေကြေတဲ့ သတင်းတွေ မကြာခန ထွက်ပေါ်ခဲ့ပါတယ်။

မနေ့က ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ ကုသကြရတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

“အဖေသေတယ်၊ အမေက အပြင်းအထန် ခေါင်းမှာ ဒဏ်ရာရတာ။ ကလေး ၂ ယောက်၊ ၆ လနဲ့ ၈ နှစ်အရွယ်ကတော့ ပေါင်မှာ ဒဏ်ရာရတယ်ဆိုတာ အကြမ်းဖျင်းပြောလို့ရတယ်။ အခုလောလောဆယ်ကတော့ သူတို့ကိုတော့ လွိုင်ကော်ဆေးကြီးကို ပို့ထားတယ်ပေါ့နော်။ တချို့နေရာတွေမှာ လက်နက်ကြီးကျရင်တော့ သူကနီးစပ်ရာဆေးရုံဆေးခန်းတွေရှိရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို ပို့ကြတယ်။ အကယ်လို့ လုံးဝမရှိတဲ့နေရာကတော့ ကျနော်တို့ လွိုင်ကော်မြို့ကိုပဲ အဲ့လိုမျိုး ပရဟိတကားနဲ့ ချိတ်ပြီးတော့မှ ပြန်ပို့ကြတယ်ပေါ့။ အဲ့လိုမျိုးတော့ လုပ်တာရှိပါတယ်။ အများစုက တော်တော်များများက ကိုယ်ဒေသမှာရှိနေတဲ့ ဆေးရုံဆေးပေးခန်းမှာပဲ ကုတာများပါတယ် ဟုတ်။”

ဒီလို လက်နက်ကြီးတွေနဲ့ ပတ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်တာ၊ တုံ့ပြန်တာတော့ မရှိသေးပါဘူး။ လွိုင်ကော်မြို့ ဒေသခံ ဦးဇင်းတပါးကတော့ မြန်မာစစ်တပ်ဘက်က အမြဲတမ်း လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေတာလို့ မိန့်ကြားပါတယ်။

“တိုက်ပွဲမရှိလည် ၄၊ ၅ ရက်ဆို ပစ်တယ်။ တခါတလေကျရင် တနေကုန် အကောင်းကြီးလောက် ညနေဘက် ၂ လုံးထပစ်ရင် ထပစ်တယ်။ ၃ လုံးထပစ်ရင် ထပစ်တယ်။ စစ်ကြောင်းမလှုပ်ရှားလည်း ဒီအမြောက်တပ်ကနေ လှမ်းထုနေတာပဲ။ သွားတဲ့လမ်းကြောင်းထု။ အဲ့လိုလည်းပြောရမယ်။ နောက်ပြီးဘာမှမဆိုင်တဲ့နေရာလည်း ထုတာပဲ။”

ဒီဒေသတွေမှာ PDF လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ခြေကုတ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့အကြောင်း မြန်မာစစ်တပ်ဘက် စွပ်စွဲသလို နယ်မြေရှင်းလင်းရေးဆိုပြီး မကြာခဏ ထိုးစစ်ဆင်နေပါတယ်။ ဒေသခံကျေးရွာတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်ရင်း ဒုက္ခသည်စခန်းတွေမှာ ယာယီအမိုးအကာတွေနဲ့ ပြောင်းရွှေ့ ခိုလှုံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]














=================

XS
SM
MD
LG