သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံတွေထဲ မြန်မာပါဝင် 


ကမ္ဘာတဝန်း မြန်မာအပါအဝင် အင်တာနက်ဖြတ်တောက်ခံရမှုစစ်တမ်းအစီရင်ခံစာ။ (ဓာတ်ပုံ-Access Now၊ #KeepItOn)
ကမ္ဘာတဝန်း မြန်မာအပါအဝင် အင်တာနက်ဖြတ်တောက်ခံရမှုစစ်တမ်းအစီရင်ခံစာ။ (ဓာတ်ပုံ-Access Now၊ #KeepItOn)

{{Zawgyi/Unicode}}

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတလွှား နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ အင်တာနက်ဖြတ်တောက်မှု အနည်းဆုံး ၁၈၇ ကြိမ်ရှိခဲ့ပြီး တနှစ်အတွင်း အမြင့်ဆုံးအရေအတွက်အဖြစ် စံချိန်တင်ရောက်ရှိခဲ့တဲ့ထဲမှာ မြန်မာနိုင်ငံမှာတော့ အနည်းဆုံး ၇ ကြိမ်ရှိခဲ့ကြောင်း Access Now နဲ့ #KeepItOn တို့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

ထိန်းချုပ်စရာလက်နက်၊ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်အတွက် အကာအကွယ်၊ ၂၀၂၂ ခုနှစ် အတွင်း အင်တာနက် ဖြတ်တောက်မှု အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်တာ ဖြစ်ပါတယ်။ မြန်မာခေါင်းဆောင်တွေဟာ ၂၀၂၃ ခုနှစ်အထိ အလားတူ ဖိနှိပ်ချုပ်ချယ်တဲ့ နည်းဗျူဟာတွေကို သုံးနေကြတယ်လို့လည်းဖော်ပြပါတယ်။ အင်တာနက် ဖြတ်တောက်မှုတွေကို စနစ်တကျလုပ်ဆောင်နေတယ်လို့လည်း အစီရင်ခံစာက စွပ်စွဲထားပါတယ်။

အိမ်တွေကို မီးရှို့၊ အဖမ်းအဆီးနဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေလုပ်တဲ့ မြေလှန်စနစ်ကို ဖုံးကွယ်ထားဖို့အတွက် မြန်မာစစ်ကောင်စီဟာ ကျေးရွာတွေကို စစ်ဆင်ရေးမဝင်ခင်မှာနဲ့ ဝင်နေချိန်မှာ အင်တာနက်ဖြတ်တောက်မှုတွေကို ဆက်လက်ပြီး ပုံမှန်လုပ်နေတယ်လို့လည်း အစီရင်ခံစာက စွပ်စွဲပါတယ်။ မတ်လ ၂၀၂၃ ခုနှစ်အထိ ဖားကန့်ဒေသမှာ အင်တာနက် ဖြတ်တောက်ခံနေရတာ ၁၈ လကျော်ကြာထိ ရှိလာပြီး အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်ခံရမှုဖြစ်ကြောင်း မိတ်ဖက်အဖွဲ့တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်းက မြို့နယ် ၅၀ လောက်ဟာ တနှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ခံရတယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ကို အပြင်းထန်ဆုံး တိုက်ခိုက်နေကြတဲ့ စစ်ကိုင်း ၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက် ဖြတ်တောက်ခံရမှု အဆိုးဆုံး ဖြစ်ပြီး ရှမ်း၊ မန္တလေး၊ ကချင်နဲ့ ကယားပြည်နယ်တို့မှာလည်း အင်တာနက် ဖြတ်တောက်ခံရမှုတွေ ရှိတယ်ဆိုတဲ့ အစီရင်ခံချက်တွေ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှုကို ကန့်သတ် ဖြတ်တောက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေကလည်း မကြာခဏ ဆိုသလို ဝေဖန်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}






XS
SM
MD
LG