သုံးရလွယ်ကူစေသည့် Link များ

ရခိုင်အရေး ကုလစွပ်စွဲချက် မြန်မာအစိုးရ တရားဝင်တုန့်ပြန်မည်


ဘင်္ဂလား-မြန်မာ နယ်စပ် လုံခြုံရေးယူထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)
ဘင်္ဂလား-မြန်မာ နယ်စပ် လုံခြုံရေးယူထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)

ရခိုင်ပြည်နယ် မောင်တောဒေသမှာ နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံ ခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ပြောဆိုခဲ့တဲ့အပေါ် တရားဝင်ကန့်ကွက် သွားမယ်လို့ မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရုံးခွဲက အရာရှိရဲ့စွပ်စွဲချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့လည်း မြန်မာ သမ္မတရုံးက ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ဟာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် Tak Naf မြို့မှာ အခြေစိုက်ထားတဲ့ UNHCR ရုံး အကြီးအကဲ John Mckissick က စွပ်စွဲပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နေအိမ်တွေ ကို မီးရှို့တာ၊ လူသတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျုးလွန်နေတယ်လို့ AFP သတင်းဌာန ကို ပြောကြားခဲ့တာပါ။

မြန်မာသမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ UNHCR အရာရှိတဦး အနေနဲ့ ပြင်းထန်တဲ့ စွပ်စွဲပြောဆိုမှုအတွက် တာဝန်ယူဖြေရှင်း သွားရမယ်လို့ ပြောပါတယ်။ စွပ်စွဲချက်နဲ့ ပတ်သက်လို့လည်း တရားဝင် ကန့်ကွက်သွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။

" အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောကြားချက်တွေ ပေါင်းပြီး ပြောဖို့မသင့်ဘူး။ အဲ့လိုမျိုး စွပ်စွဲပြောကြားဖို့ မသင့်ဘူး။ အဓိက ကတော့ ကုလသမဂ္ဂဖြစ်တဲ့အတွက် ကုလသမဂ္ဂရဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ၊ အချက်အလက်တွေ၊ ယုံကြည် စိတ်ချရတဲ့ အရင်းအမြစ်တွေကို အခြေခံပြီး ပြောကြားသင့်တယ်။ ဒီလိုမျိုး လက်လွတ်စပယ်ပြောကြားခြင်းနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ ဘယ်လိုမှ ကျေနပ်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမျိုး မှားယွင်းပြီး ပြောကြားချက်တွေ အတွက်လည်း သူ့မှာ တာဝန်ရှိတယ်။ ဖြေရှင်းရပါလိမ့်မယ်။ ကျနော်တို့ အစိုးရအနေနဲ့ ဒီမှာရှိတဲ့ UNHCR ကိုလည်း ပြောမယ်။ နောက် ကုလသမဂ္ဂမှာ ရှိတဲ့ ကျနော်တို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အနေနဲ့ UNHCR High Commissioner မဟာမင်းကြီးကို တွေ့ပြီးတော့ လည်း ပြောပါမယ်။ ဒီလိုမျိုး UNHCR ဝန်ထမ်းတယောက်အနေနဲ့ လက်လွတ်စပယ် မပြောသင့်ပဲ ပြောတဲ့ဟာတွေသည် လိုက်နာရမယ့် သူ့ရဲ့ကျင့်ဝတ် code of conduct သူ့ရဲ့ပြောရေးဆိုခွင့် profession နဲ့ မညီညွတ်ပဲဖြစ်နေရတာတွေနဲ့ပတ်သက်လို့ သူတို့အရေးယူဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။"

မောင်တောဒေသက ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ ရာနဲ့ချီ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ UNHCR အရာရှိရဲ့ ဝေဖန်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ UNHCR ရုံးပြောခွင့်ရသူ Vivian Tan ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံရောက်ရှိ လာသူတွေရဲ့ ပြောဆို ချက်တွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ သတင်းတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတယ်လို့ ပြောဆိုခဲ့ကြောင်းလည်း AFP သတင်းက ဖော်ပြ ခဲ့တာပါ။

မောင်တောဒေသက အခြေအနေတွေအပေါ် မကျေနပ်တဲ့အတွက် အရှေ့တောင်အာရှ ဒေသနိုင်ငံတချို့မှာ လည်း ကန့်ကွက်မှုတွေ ပေါ်ပေါက်နေတာပါ။ မူဆလင်အများစုရှိရာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့အပြင် ထိုင်းနိုင်ငံမှာပါ တွေမှာ ရှိတဲ့ မြန်မာသံရုံးအနီးမှာ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့တာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေမှာ ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG