သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် လမ်းလျှောက်သင်္ကြန် စည်ကား


ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်
ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်

NLD အစိုးရလက်ထက် ၂၀၁၇ မနှစ်တုန်းက မန္တလေးမြို့မှာစတင်ခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ကို လူတွေစိတ်ဝင်စားခဲ့ကြပြီး အခြားမြို့ကြီးတွေ မှာပါ ဒီနှစ် ကျင်းပလာတာမှာ လုံခြုံရေး တိုးမြှင့်ချထားတဲ့ ရန်ကုန်မြို့မှာလည်း လမ်းလျှောက်သင်္ကြန်ပွဲကို နေရာခွဲပြီး ကျင်းပနေပါတယ်။ သင်္ကြန်သံချပ်တွေကို စည်းကမ်းတင်းကြပ်မယ်လို့ အစောပိုင်းမှာ သတင်းထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာ လွတ်လပ်ခွင့် ရသွားပါတယ်။ ဧပြီ(၁၅)ရက် ရန်ကုန်သင်္ကြန် အကြတ်နေ့မြင်ကွင်းကိုတော့ သင်္ကြန်ပွဲမှာ ကိုယ်တိုင်ရောက်နေတဲ့ VOA သတင်းထောက် ကိုစည်သူကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ကိုစည်သူရေ ဒီနေ့က သင်္ကြန်အကြတ်နေ့ဆိုတော့ ရန်ကုန်မြို့ရဲ့ လမ်းလျှောက်သင်္ကြန် အခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျ။

ကိုစည်သူ။ ။ ဟုတ်ကဲ့ပါ။ ဒီနှစ်မှာတော့ လမ်းလျှောက်သင်္ကြန်က ရန်ကုန်မှာ ထူးထူးခြားခြား လုပ်တယ်ဆိုတော့ တော်တော်လေး ဆင်နွှဲကြတာ တွေ့ရတယ်ဗျ။ အဓိကအားဖြင့်တော့ လမ်းလျှောက်သင်္ကြန်က ရန်ကုန် မြို့တော်ခမ်းမရှေ့ မဟာဗန္ဓုလပန်းခြံ လမ်းတလျှောက်မှာ သူတို့က ဒီ လမ်းလျှောက်သင်္ကြန် ဆိုပြီးတော့ ရန်ကုန်တိုင်း အစိုးရက စီစဉ်တယ်၊ ဆိုင်းဘုတ်တွေ ဘာတွေနဲ့ သူတို့က သေချာလုပ်တယ်။ စတုဒီသာတွေ ဘာတွေကျွေးတယ်။ နောက် လာတဲ့သူတွေကိုလည်း အချင်းချင်း ရေပက်လို့ရအောင် ရေတွေကအစ အားလုံး စီစဉ်ပေးထားတယ်။ နောက်ပြီး နောက်ထပ် လမ်းလျှောက်သင်္ကြန်တခုက ရန်ကုန် ကန်တော်ကြီး ပန်းခြံထဲမှာပေါ့နော်။ အဲဒီထဲမှာလည်းသူက လမ်းလျှောက်သင်္ကြန်ဆိုပြီး သပ်သပ် စီစဉ်ပေးထားတယ်။ များသောအားဖြင့်တော့ အဲ့ဒီမှာ မိသားစုတွေလာကြတယ်။ ပန်းခြံထဲမှာ အနားယူကြတယ်။ အသက်ကြီးတဲ့သူတွေကအစ ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ ဒီနှစ်ဆိုရင် ရန်ကုန်မြို့ရဲ့ လမ်းလျှောက်သင်္ကြန်ကို လူတွေလည်းတော်တော်လေး နှစ်သက်ကြတယ်။ နောက်ပြီး လမ်းလျှောက်သင်္ကြန် ဆင်နွှဲကြတဲ့ သူတွေလည်း တော်တော်များတယ် ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ ဒီလိုမျိုး လမ်းလျှောက်သင်္ကြန် လုပ်တာရယ်၊ ပြီးတော့ သင်္ကြန်မဏ္ဍပ်တွေက မြို့နယ်အတော်များများမှာ ဖြန့်ကျက်ပြီး လုပ်တာဆိုတော့ လုံခြုံရေးယူပေးတဲ့ အနေအထားတွေရော ဘယ်လိုရှိပါသလဲ။

ကိုစည်သူ။ ။ ဟုတ်ကဲ့၊ လုံခြုံရေးကိစ္စကတော့ ရဲအင်အား (၇,၀၀၀)လောက် သုံးမယ်လို့ သင်္ကြန်မတိုင်ခင်မှာ ကြေညာထားတယ်။ ကြေညာတဲ့အတိုင်းပဲ တချို့နေရာ အတော်များများ လူစည်ကားတဲ့မဏ္ဍပ် အကြီးကြီးတွေ၊ နောက် လမ်းတွေရဲ့ မဏ္ဍပ်အသေးလေးတွေ မှာလည်း ရဲလုံခြုံရေးချထားတာ တွေ့ရတယ်ဗျ။ ဒီနှစ်မှာ နည်းနည်း ပိုပြီးထူးခြားတာက စီးပွားရေးမဏ္ဍပ်တွေကိုလည်း ပြန်ပြီးတော့ ခွင့်ပြုလာတယ်။ ခွင့်ပြုလာတဲ့အတွက် အဲဒီနေရာတွေမှာလည်း လုံခြုံရေးတွေ ချထားတယ်။ စီးပွားရေးမဏ္ဍပ်တွေမှာ လူငယ်တွေလည်း လာကြတော့ လူကများတယ်။ လုံခြုံရေးတွေကို အဲဒီနေရာတွေမှာ တွေ့ခဲ့ရတယ်။ နောက်ပြီး မြို့နယ်အလိုက်တွေမှာလည်း ဗဟိုမဏ္ဍပ် ဆိုတာတွေ ရှိနေတော့ အဲ့မှာလည်း လူတွေကလာကြတယ် ပျော်ကြတာဆိုတော့ အဲ့ဒီမှာလည်း လုံခြုံရေးချထားတာ တွေ့ရတယ်။ ဆိုတော့ ဒီနှစ်သင်္ကြန်ကတော့ အင်နဲအားနဲ့ လုံခြုံရေးယူထားတာမျိုး တွေ့ရပါတယ်။ ခိုက်ရန်ဖြစ်ပွားတာတွေ ဘာတွေကတော့ ပျော်ပွဲရွှင်ပွဲဆိုတော့ ထုံးစံအတိုင်း အနည်းအပါး ရှိပါတယ်။ ဒါပေမဲ့ လူအသေအပျောက်တော့ အခုချိန်ထိ တော်တော်လေးကို မကြားရသေးပါဘူးခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ နောက်တခုက ဒီသံချပ်ပေါ့လေ။ သံချပ်ကို ဆင်ဆာတင်းကြပ်မယ် ဘာညာ အစောပိုင်းမှာ သတင်းတွေကလည်း ထွက်ထားတော့ ဒီနှစ် သံချပ်ထိုးတဲ့အဖွဲ့တွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

ကိုစည်သူ။ ။ ဟုတ်တယ်ဗျ၊ သံချပ်ကတော့ ဒီသင်္ကြန်မတိုင်ခင်မှာ သံချပ်တွေကို ဆင်ဆာတင်ရမယ်၊ သံချပ်ထိုးမယ့် စာသားတွေကို ကြိုတင် အကြောင်းကြားရမယ် ဆင်ဆာအဖွဲ့ကနေ တည်းဖြတ်မယ်ဆိုပြီးတော့ လုပ်ပါတယ်။ ဒါပေမယ့် သံချပ်ထိုးမယ့်အဖွဲ့တွေက ဒါကိုလက်မခံဘူး၊ ဆင်ဆာကိစ္စကို သူတို့လက်မခံဘူး .. သံချပ်ဆိုတာ လွတ်လွတ်လပ်လပ် ရှိရမယ် သူတို့ပြောချင်တဲ့ အကြောင်းအရာတွေကို ပြောရမယ်ဆိုပြီးတော့ … သူတို့ မတင်ဘူးဆိုပြီးတော့ လုပ်ကြတော့ နောက်ဆုံးတော့ သင်္ကြန်မတိုင်ခင်မှာပဲ အဲဒီကိစ္စ ပြေလည်သွားပုံ ရပါတယ်။ အခုတော့ သံချပ်အဖွဲ့တွေက လွတ်လွတ်လပ်လပ် သူတို့ဆုံရပ်တွေမှာ စုရပ်တွေမှာ သံချပ်ထိုးကြတယ်။ နောက် သံချပ်ကားတွေနဲ့ ရန်ကုန်မြို့အနှံ့မှာ သွားပြီးတော့ သံချပ်ထိုးနေတာတွေကို ကျနော်တို့ လမ်းတွေမှာ တွေ့ရတယ်။ ဒီ သီရိမင်္ဂလာဈေးလို နေရာမျိုး၊ သိမ်ကြီးဈေးလိုနေရာမျိုး နောက်ပြီး မြို့တော်ခမ်းမအနီး နေရာတွေမှာရှိတယ်။ နောက် ရန်ကင်း ဗဟိုမဏ္ဍပ်လိုနေရာမျိုး စမ်းချောင်း ဗဟိုမဏ္ဍပ်လိုနေရာမျိုးမှာ သူတို့လာထိုးပါတယ်။ ဆိုတော့ သံချပ်အဖွဲ့တွေကတော့ အဓိကအားဖြင့် လက်ရှိအစိုးရကာလ အတွင်းမှာ သူတို့ သိပ်ပြီးတော့ အားမလို အားမရဖြစ်တဲ့ အကြောင်းအရာတွေကို အဓိကထားပြီးတော့ သံချပ်ထဲမှာထည့်ပြီးတော့ သရော်တဲ့သဘောအနေနဲ့ သံချပ်ထိုးကြပါတယ်။ ဆိုတော့ သံချပ်တွေကတော့ လွတ်လွတ်လပ်လပ် သံချပ်ထိုးခွင့်ရတာကို ကျနော်တို့ တွေ့ရပါတယ်ခင်ဗျား။

သင်္ကြန်ပွဲမှာ ကိုယ်တိုင်ရောက်နေတဲ့ VOA သတင်းထောက် ကိုစည်သူကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစိပါတယ်။

ရန်ကုန် လမ်းလျှောက်သင်္ကြန် စည်ကား
please wait

No media source currently available

0:00 0:04:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG