သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားလုပ်ငန်းစည်းမျဉ်းတွေ ပြန်သုံးသပ်ဖို့ အစိုးရကို တိုက်တွန်း


 ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီး တွေ့ဆုံ ( သတင်းဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီး တွေ့ဆုံ ( သတင်းဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)

မြန်မာပြည်တွင်းမှာ လာရောက်လုပ်ကိုင်တဲ့ ပြည်ပ ကားထုတ်လုပ် တပ်ဆင်ရေး လုပ်ငန်းတွေမှာ စည်းမျဉ်းကန့်သတ်ချက် တချို့ကို ပြန်လည် သုံးသပ်ပေးဖို့ ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီးက ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာမှာ တိုက်တွန်းသွားပါတယ်။ ဒီလို ဆောင်ရွက်ပေးခြင်းအားဖြင့် တောင်ကိုရီးယား ကားထုတ်လုပ်ငန်းကြီးတွေ အတွက် အခွန်အကောက် သက်သာစေပြီး ကားထုပ်လုပ်ရေးလည်း ပိုပြီး ဖွံ့ဖြိုးလာစေမှာလို့လည်း ပြောဆိုခဲ့တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီး နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတိုးမြှင့်ရေး ဆွေးနွေးခဲ့တာပါ။ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အထိ ကုန်ထုတ်လုပ်ငန်းတွေကို တိုးတက်လာအောင် ကြိုးပမ်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယား ယုံဟပ် သတင်းက ဖော်ပြပါတယ်။ တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီး Kim Hyun-chong ကတော့ တောင်ကိုရီးယား ကားထုတ်လုပ်ရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံတွင်းမှာ လုပ်သာကိုင်သာ အခြေအနေမျိုးဖြစ်အောင် စည်းမျဉ်းကန့်သတ်ချက် တချို့ကို ပြန်လည် သုံးသပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းကတော့ တောင်ကိုရီးယား ကားထုတ်လုပ်ရေး လုပ်ငန်း တခု အလုပ်မစနိုင် ဖြစ်နေတဲ့ အပေါ် အခုလို တောင်းဆိုတာလို့ ဆိုပါတယ်။

“ အခု တောင်ကိုရီးယားက လက်ရှိ ကုမ္ပဏီ တခုက MIC မှာ တင်တားတာ ရှိတာပေါ့နော်။ တင်ထားတဲ့ အချိန်မှာ ကျနော်တို့ဆီမှာ SKD (semi-knock-down) နဲ့ ပတ်သက်ရင် အဓိပ္ပါယ်ဖွင့်ဆိုချက် ၂ မျိုးရှိတာကိုး။ SKD 1 ၊ SKD 2 ရှိတာပေါ့။ အရင်တုန်းကတော့ SKD 1 နဲ့ အဓိပ္ပါယ် ဖွင့်ဆိုတာပေါ့နော်။ အခုနောက်ပိုင်းကျတော့ SKD 2 ဖြစ်သွားတာပေါ့။ အဲတော့ SKD 1 ကတော့ လုပ်ရတာ ပိုလွယ်တာပေါ့။ ကားတွေ ဒက်ရှ်ဘုတ်တွေ ထုတ်စရာ မလိုဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့် လူတွေက ဝိုင်းအော်ကြတာ ဒီ ဆိုရှယ်မီဒီယာမှာရော တခြား ကိစ္စတွေရော ဒီ နိုင်ငံခြား ကုမ္ပဏီ ကားထုတ်တဲ့ ကုမ္ပဏီက ဗမာပြည်က ကားကို ထုတ်တာ မဟုတ်ဘဲနဲ့ အခွန် သက်သာခွင့်ကို လိမ်ယူကြတယ်ဆိုပြီး ပြောတော့ အဲတော့ ကျနော်တို့ SKD 2 ဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုချက် ပြောင်းပြီး ခွင့်ပြုတာပေါ့နော်။ အဲတော့ ကိုရီးယား ကုမ္ပဏီ တခုက SKD 1 နဲ့ ရမယ်ထင်ပြီးတော့ ဒီမှာ လျှောက်ထားတာပေါ့နော်။ သူလျှောက်ပြီး တင်တဲ့ အချိန်မှာ SKD 2 ဆိုပြီး ဖြစ်သွားတော့ သူက အလုပ်လုပ်လို့ မရဘူး တန်းလန်းဖြစ်နေတာ ပေါ့နော်။ ”

ပြည်ပ ကားထုတ်လုပ်ရေး လုပ်ငန်းကြီးတွေက ပြည်ပမှာထုတ်လုပ်ထားပြီးသား ကားပစ္စည်းတွေနဲ့ ပြည်တွင်းမှာ လာရောက်တပ်ဆင်ပြီး ပြည်တွင်း ဈေးကွက်ကို ပြန်လည်ရောင်းချတာပါ။ ပြည်ပက ကားတစင်းလုံး တင်သွင်းတာ မဟုတ်တဲ့ အတွက် ပြည်ပ လုပ်ငန်းကြီးတွေ အနေနဲ့ အခွန်သက်သာခွင့် ရသလို ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်း ရစေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရက ပြည်ပ ကားထုတ်လုပ်ရေး လုပ်ငန်းကြီးတွေကို စည်းမျဉ်းစည်းကမ်း ပိုပြီး တင်းကျပ်လိုက်တာလို့ ဒေါက်တာ စိုးထွန်းက အခုလို ပြောပါတယ်။

“ လက်ရှိတော့ ကားတပ်ဆင်တဲ့ဟာ SKD (Simi-Knock-down) ဖြစ်တာကြောင့်မို့လို့ Very Simple ပါ။ ရှုပ်ထွေးတဲ့ဟာက သိပ်မရှိတော့ အများစုက ဗမာဘဲ လုပ်ကြတာ များပါတယ်။ နိုင်ငံခြားသားရှိ တယောက်လောက်၊ ၂ ယောက်လောက် ဒီလောက်ပဲ။ ကိုရီးယားကတော့ အခု ဈေးကွက် အများကြီးတော့ မဟုတ်ဘူး။ ကျနော်တို့ဆီကတော့ ဈေးကွက် အများစုရတာတော့ ဂျပန်ကားတွေ ရတာပေါ့နော်။ အမေရိကန်ကတော့ FORD ကုမ္ပဏီက SKD လုပ်ပါတယ်။ သူကတော့ SKD 1 နဲ့ ခွင့်ပြုချက်ရတာ။ Ford ကတော့ ထိုင်းမှာရှိတဲ့ Ford ကုမ္ပဏီက ဗမာနိုင်ငံ ကုမ္ပဏီနဲ့ ပေါင်းပြီးတော့မှ လက်ရှိ SKD လုပ်နေတာ ရှိပါတယ်။ SKD 2 နဲ့ လုပ်ရင်တော့ ကျနော်တို့ဆီက အလုပ်အကိုင် အခွင့်အလမ်း ပိုရတာပေါ့။ ”

လက်ရှိ မြန်မာနိုင်ငံတွင်းမှာလည်း အမေရိကန် အပါအဝင် ကားထုတ်လုပ်ရေး လုပ်ငန်းကြီး တချို့က လာရောက် တပ်ဆင်ရောင်းချနေတာပါ။ ဈေးကွက် အတွင်းမှာတော့ တောင်ကိုရီးယားထုတ် ဟွန်ဒိုင်းနဲ့ ကီယာ နှစ်မျိုးကို သုံးနေတယ်ဆိုပေမယ့် ဂျပန်ကားတွေက ဈေးကွက်မှာ ပိုပြီး နေရာရနေတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံအရ မြန်မာရဲ့ စီးပွားဖွံ့ဖြိုးရေး အတွက်လည်း တောင်ကိုရီးယားဘက်က ကူညီပေးနိုင်တယ်လို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG