သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်မှု ကယား NLD ရုံးရှေ့ သပိတ်စခန်းဖွင့်


ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် (သတင်းဓါတ်ပုံ-ကယားပြည်နယ်အစိုးရ)
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် (သတင်းဓါတ်ပုံ-ကယားပြည်နယ်အစိုးရ)

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံလူထုဆန္ဒသဘောထားမခံယူပဲ ဖွင့်လှစ်ခဲ့တဲ့ဗိုလ်ချုပ်ကြေးရုပ်အရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနိုင်ဖို့ တွေ့ခွင့် မရမချင်း ကယားNLD ရုံးရှေ့မှာ သပိတ်စခန်းဖွင့် ဆက်လက် တောင်းဆိုသွားမယ်လို့ သပိတ်ဦးဆောင်ကော်မတီဝင်ကရင်နီလူငယ်တွေက ပြောဆိုလိုက်ပါတယ်။ သိန်းတထောင်ကျော်ကုန်ကျခဲ့တဲ့ ဒီဗိုလ်ချုပ်ကြေးရုပ်အပေါ် ဆန့်ကျင်ကန့်ကွက်သူရော ထောက်ခံသူတွေပါရှိနေတဲ့အခြေအတင်အခြေအနေမှာပဲ ကယားဝန်ကြီးချုပ်က ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့အတွက် အခုလို ဗိုလ်ချုပ်ကြေးရုပ်ကို အများပိုင်နေရာကနေ ဖယ်ရှားပေးဖို့အထိ တောင်းဆိုမှုတွေနဲ့ တင်းမာမှုတွေ ဆက်ရှိနေတာဖြစ်ပါတယ်။ မလိုလားအပ်တာတွေ မဖြစ်လာစေဖို့ NLD ဗဟိုတာဝန်ရှိသူတွေဘက်ကရော ပြည်နယ်အစိုးရဘက်ကပါ ကရင်နီလူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ကိုလည်း နိုင်ငံရေးအကဲခတ်တွေက တိုက်တွန်းပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့က ပန်းခြံတခုမှာ ထားရှိတဲ့ ကျပ်ငွေသိန်းတထောင်ကျော် ကုန်ကျခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ကရင်နီလူငယ်တွေနဲ့ ဒေသခံတချို့ ကန့်ကွက်နေတဲ့ကြားက ဖေဖော်ဝါရီလ (၂)ရက်နေ့က ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုကိုယ်တိုင် ဦးဆောင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ် မထားဖို့ ထိုင်သပိတ်ပြပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူ ကရင်နီလူငယ်(၂၀)ကိုလည်း ဖမ်းဆီးထားပြီးတော့ ပြည်နယ်အာဏာပိုင်တွေဘက်က ငြိမ်းစုစီ ပုဒ်မ(၁၉)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ဒီလိုကန့်ကွက်မှုတွေရှိနေချိန်မှာပဲ ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်မှု ထောက်ခံပွဲဆိုပြီး တပြန် ပြန်လည်ဆန္ဒပြတာတွေလည်းရှိခဲ့ပါတယ်။

အခုလို အပြန်အလှန် အခြေအတင်ဖြစ်နေတဲ့ တင်းမာနေတဲ့အနေအထားကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုတာဝန်ရှိသူတွေ ကိုယ်တိုင်ဖြေရှင်းပေးဖို့ ကယားပြည်နယ် NLD ရုံးရှေ့မှာ ကရင်နီလူငယ်တွေက အခုအချိန်အထိ သပိတ်စခန်းဖွင့်လှစ်ပြီး တောင်းဆိုဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး လူထုဆန္ဒခံယူကြဖို့နဲ့ အတင်းအဓမ္မဆောင်ရွက်နေမှုတွေနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ သပိတ်ထိုင်နေတဲ့ ကရင်နီလူငယ်တွေရဲ့တောင်းဆိုချက်တွေကို သပိတ်စခန်းပြောခွင့်ရ ကိုဒီးဒီက အခုလိုပြောပြပါတယ်။

"NLD EC တွေဘက်က အခုထိတော့ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ တရားစွဲဆိုခံထားရတဲ့ လူငယ် အယောက်(၂၀)ကိုတော့ တရားရုံးက အာမခံနဲ့ လွှတ်ထားပါတယ်။ ကျနော်တို့ကို ၁၄ရက်နေ့ ရုံးချိန်းပေးထားပါတယ်။ ကျနော်တို့ရဲ့သပိတ်စခန်းကိုတော့ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ် ရှေ့မှာ ဖွင့်ထားပါတယ်။ ကျနော်တို့ရဲ့ သပိတ်စခန်းကိုတော့ ရက်အကန့်အသတ်မရှိ ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့သပိတ်ရဲ့ အဓိက တောင်းဆိုချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ပြောင်းရွှေ့ပေးဖို့ပေါ့နော် အဲဒါကို အဓိကတောင်းဆို သွားမယ်။ နောက်တခုက NLD အစိုးရအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုတဲ့ အကြောင်းကို ကျနော်တို့ ပြောပြချင်လို့ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ကယားပြည်နယ် ဝန်ကြီးချုပ်က NLD ပါတီက ဖြစ်တဲ့အတွက် ဒီလုပ်ဆောင်ချက်ကို ထိန်းကြောင်းပေးရမယ့် တာဝန်ရှိတယ်ပေါ့နော် သို့သော် ပါတီအနေနဲ့က ဒါဟာ ပါတီရဲ့ မူဝါဒမဟုတ်ဘူး။ ဒါက ပြည်နယ်အစိုးရဖြစ်တယ်ဆိုပြီးတော့ ဘောလီဘောပုတ်ကြတယ်ပေါ့နော်။ အဲ့တာကြောင့် NLD က အဓိက တာဝန်ရှိတယ်ဆိုပြီးတော့ ပြချင်တဲ့အတွက် သပိတ်စခန်း ဖွင့်ရခြင်း ဖြစ်ပါတယ်။"

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမှုရှိပြီးသားဖြစ်ပေမဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ်ဖြစ်တဲ့ တိုင်းရင်းသားတန်းတူညီမျှမှုရှိရေး စည်းလုံးညီညွတ်မှုရှိရေး စတဲ့ လမ်းညွှန်ချက်တွေကို အကောင်အထည်မဖော်ပဲ ရုပ်တုကို သိန်းထောင်ချီကုန်ကျပြီး လူထုဆန္ဒမခံယူပဲ ပြည်နယ်အစိုးရက အာဏာအင်အားသုံး အတင်းအဓမ္မ တည်ဆောက်တဲ့ကိစ္စကို အဓိက ကန့်ကွက်ကြရခြင်းဖြစ်တယ်လို့လည်း ကိုဒီးဒီကပြောပါတယ်။

" ဗိုလ်ချုပ်အောင်ဆန်းကို ကျနော်တို့တွေက အားလုံးလေးစားတယ်။ သူ့ရဲ့ စိတ်ဓာတ်ကို ကျနော်တို့တွေ အားကျတယ်။ ဒါပေမဲ့ အခုချိန်မှာ ကျနော်တို့တွေ လိုအပ်နေတာက သူ ကတိပေးခဲ့တဲ့ တိုင်းရင်းသားတန်းတူရေးကို အကောင်အထည်ဖော်ပြီးမှ ဒီကြေးရုပ်ကိစ္စကို လုပ်ဆောင်စေချင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်အဆက်ဆက် အုပ်ချုပ်လာတဲ့သူတွေက ကျနော်တို့ တိုင်းရင်းသားတွေအပေါ် ဗိုလ်ချုပ်အောင်ဆန်းက ကတိပေးထားတဲ့ဟာတွေကိုအကောင်အထည်မဖော်ခဲ့ကြဘုူးပေါ့နော်။ အခု NLD အစိုးရလက်ထက်မှာ ကျနော်တို့ တိုင်းရင်းသားအပါအဝင် တနိုင်ငံလုံးကလူတွေက ဝိုင်းဝန်းပြီးထောက်ခံမဲပေးခဲ့ကြတာပေါ့နော်။ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကတိပြုခဲ့တဲ့ ဟာကို အရင်မလုပ်ဘဲနဲ့၊ ဒီရုပ်ထုတွေကို လိုက်လုပ်တာက နိုင်ငံရေးအမြတ်ထုတ်မှုဖြစ်တယ်၊ နောက်မရိုးသားတဲ့လုပ်ဆောင်မှုဖြစ်တယ်။ ဒီလုပ်ရပ်ဟာမှားယွင်းတယ်ဆိုတဲ့အကြောင်းကို ကျနော်အနေနဲ့ ပြောချင်ပါတယ်။

အခုလို ဗိုလ်ချုပ်ကြေးရုပ် အရေး ကယားပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေနဲ့ပါ သဘောထားတင်းမာမှုတွေ ဖြစ်နေတဲ့အနေအထားအပေါ် NLD တာဝန်ရှိသူတွေ၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေဘက်က အလေးအနက်ထား ညှိနှိုင်းကိုင်တွယ် ဖြေရှင်းသင့်တယ်လို့လည်း နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက အကြံပြုပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ရောပေါ့၊ ဒီ ၂၀၂၀ ရွေးကောက်ပွဲ အင်မတန်မှ နီးကပ်နေတဲ့အချိန်မှာ ကယားပြည်နယ်လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့ကိစ္စလိုမျိုးကို အလေးအနက်သတိထားပြီး ဆင်ခြင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ အဲဒီတော့ ပါတီကတာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ကယားပြည်နယ်ကလူငယ်တွေနဲ့ တွေ့ဆုံညှိနှိုင်း၊ ဆွေးနွေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီအပြင် ကယားပြည်နယ် မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နောက် ကယားလူမျိုးစုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပြီးတော့ သူတို့ရဲ့ သဘောတူညီချက်၊ နောက်သူတို့ရဲ့ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုနဲ့ ရှေ့ဆက်ပြီး ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဆန္ဒထုတ်ဖော်မှုတွေ၊ ဖမ်းဆီးမယ်၊ တရားရုံးမှာ အမှုဖွင့်ပြီး ရင်ဆိုင်မယ်၊ ဒီလိုရှေ့ဆက်ပြီးသွားနေမယ်ဆိုလိုရှိလျှင်၊ နိုင်ငံရေးအရ အမြော်အမြင် နည်းရာလည်းပဲ ကျနိုင်တယ်လို့ သုံးသပ်ပါတယ်။"

ဒီလိုမျိုး ပြည်နယ်အစိုးရက ဒေသခံ လူထုဆန္ဒကို သွယ်ဖီပြီး အာဏာအင်အားသုံး အတင်းတည်ဆောက်နေတဲ့ ဆောင်ရွက်နေမှုတွေကို ရပ်တန့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကရင်နီပြည်နယ် လူငယ်အင်အားစုတွေဘက်က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ထားသလို သိန်းတထောင်ကျော်ကုန်ကျခဲ့တဲ့ တည်ဆောက်မှုနဲ့ပတ်သက်ပြီးလည်း ကယားပြည်နယ်လွှတ်တော်ဘက်က ဘဏ္ဍာရေး ဘတ်ဂျက်ချထားမှုတွေကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG