ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကိုဆောင်ရွက်ဖို့အတွက် ဒေါက်တာစင်သီယာမောင်ဟာ ၁၉၉၀ ခုနှစ်မှာ မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ကရင် နယ်စပ်တလျှောက်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ရုံသာမက မြန်မာပြည်တွင်းကနေ မယ်တော်ဆေးခန်းကို လာရောက်ကြတဲ့ လူနာအများအပြားကိုလည်း ဆေးဝါးကုသပေးခဲ့သူ ဖြစ်ပါတယ်။ ဒီအတွက် ဒေါက်တာစင်သီယာမောင်ကို မတ်လ ၁၁ရက်နေ့က Nareasuan Universityကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ကိုပေးခဲ့တာဖြစ်ပါတယ်။
ဒီဘွဲ့ကိုတော့ ထိုင်းဘုရင့်သမီးတော် မင်းသမီး မဟာ ချက်ကရီ သီရိဒုံ (Princess Maha Chakri Sirindhorn) ကိုယ်တိုင် လာရောက်ချီးမြှင်ပေးခဲ့တာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံဖြိုးရေးဆိုင်ရာကိစ္စတွေအတွက်ပေးအပ်ခဲ့တာလို့ ဒေါက်တာစင်သီယာမောင်က VOA ကိုပြောပါတယ်။
"ထိုင်းနိုင်ငံရဲ့တက္ကသိုလ်ပေါ့နော် Nareasuan University ကနေ ကျောင်းအနေနဲ့သူတို့ပေးတဲ့ဆုဘဲွ့ပေါ့။ အဲဒါကတော့ အထူးသဖြင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ၊ ဖွံဖြိုးမှုဆိုင်ရာကိစ္စအတွက် ဆောင်ရွက်မှုတွေကို အားဖြည့်ပေးတဲ့ အနေနဲ့ ပေးတဲ့ဆု ဖြစ်တာပေါ့။ အထူးသဖြင့် တက္ကသိုလ်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုကိစ္စတွေ၊ လူ့အခွင့်ရေးဆိုင်ရာကိစ္စတွေမှာ ကျမတို့ နယ်စပ်မှာရှိတဲ့ လူထုအခြေပြုအဖဲွ့အစည်းများနဲ့ကျန်းမာရေး ပညာရေးကိစ္စတွေမှာ အစိုးရနဲ့ပိုပြီးတော့ ပူးပေါင်းလုပ်ဆောင်ပြီးတော့ ရေရှည်အတွက်ကို ပိုမိုစိတ်ချတဲ့ လူ့ပတ်ဝန်းကျင်တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ဆန္ဒတွေအပြည့်အ၀ရှိတဲ့အပေါ်မှာ ဒီလိုကူညီပံ့ပိုးခြင်းဖြစ်ပါတယ်။"
Nareasuan University ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ရရှိခြင်းဟာ အာစီယံနိုင်ငံတွေမှာ လူသားချင်းစာနာထောက်ထားမှုကိစ္စတွေကို အလေးထားဆောင်ရွက်မယ်လို့ မျှော်လင့်တယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။
"ဘွဲ့ကိုမူတည်ပြီးတော့ လာရောက်ပြီးတော့ တက်ရောက်ကြတဲ့ Nareasuan University က ကျောင်းသား၊ ကျောင်းသူတွေ ဆရာ၊ ဆရာမတွေအနေနဲ့ နယ်စပ်ဒေသအခြေအနေတွေနဲ့ လူသားချင်းဆိုင်ရာကိစ္စတွေ အထူးသဖြင့် အာစီယံ နိုင်ငံတွေမှာရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ လူသားတွေအတွက် ဖွံဖြိုးရေးဆိုင်ရာကိစ္စတွေ ကို ပိုမိုပြီးအလေးထားဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ပါတယ်။"
တက္ကသိုလ်တွေကပေးအပ်တဲ့ ဒီဂုဏ်ထူးဆောင်ဘွဲ့ဟာ ဒုတိယမြောက်ရရှိခဲ့တာဖြစ်ပြီး ပထမကတော့ Khon Kaen University ကလည်း ဂုဏ်ထူးဆောင်ဘဲွ့ပေးအပ်ဖူးပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ လာအိုနယ်စပ်က အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Ubon Ratchathani University ကပေးတဲ့ ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း ၂၀၁၃ ခုနှစ်က ရရှိခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ အာရှသူရဲကောင်းဆုအပါအဝင်အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျာမဏီ၊ စပိန် စတဲ့ နိုင်ငံတွေက ပေးအပ်တဲ့ဆုတွေလည်းရရှိထားသူဖြစ်ပါတယ်။
Forum