သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်တန့်နိုင်ခြေ ရင်ဆိုင်နေရ


ဝါရှင်တန် ဒီစီ မြို့တော် လွှတ်တော် အဆောက်အအုံ မြင်ကွင်း။ ဓာတ်ပုံ - VOA
ဝါရှင်တန် ဒီစီ မြို့တော် လွှတ်တော် အဆောက်အအုံ မြင်ကွင်း။ ဓာတ်ပုံ - VOA

အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်တန့်မသွားအောင် အစိုးရယာယီအသုံးစရိတ်ကို မနက်ဖြန် သောကြာနေ့ညမတိုင်ခင် လွှတ်တော်က အတည်ပြုပေးဖို့လိုပြီး လွှတ်တော်အမတ်တွေ ဆုံးဖြတ်ရမယ့် အချိန်သိပ်နီးကပ်နေပါပြီ။

ရီပတ်ဘလစ်ကန် အများစု လွှမ်းမိုးတဲ့ အောက်လွှတ်တော်က အတည်ပြုပြီးသား ယာယီအသုံးစရိတ်ကို အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှာပါ။

အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်အမတ် ၅၃ ယောက်နဲ့ အများစု ဖြစ်ပေမဲ့ အသုံးစရိတ် ဥပဒေကို အတည်ပြုပေးဖို့အတွက် ထောက်ခံမဲ ၆၀ ထက်ကျော်ဖို့ လိုအပ်ပြီး ဒီမိုကရက်အထက်လွှတ်တော်အမတ် အနည်းဆုံး ၈ ယောက်ရဲ့ ထောက်ခံမဲ လိုအပ်ပါတယ်။

အခုအထိတော့ ဒီမိုကရက်အမတ်တွေဘက်က အစိုးရလုပ်ငန်းတွေ ရပ်တန့်သွားတာကိုပဲ လိုလားနေပုံရတယ်ဆိုပြီး အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင် John Thune က ဒီနေ့ (မတ်လ ၁၃ ရက်နေ့) အထက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကတော့ ဒီမိုကရက်အမတ်တွေ အပေးအယူ စေ့စပ်ညှိနိုင်းရာမှာ ပါဝင်ခဲ့တဲ့ အရင်က တင်ပြခဲ့ဖူးတဲ့ ယာယီအသုံးစရိတ် ဥပဒေကြမ်းကိုပဲ အတည်ပြုဖို့ အထက်လွှတ်တော်ကို တောင်းဆိုနေပါတယ်။

အစိုးရအတွက် အသုံးစရိတ်အတည်ပြုပေးတဲ့ လုပ်ငန်းဟာ ပါတီကြီးနှစ်ရပ်စလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရီပတ်ဘလစ်ကန်ပါတီက သူတို့ သဘော တခုတည်းနဲ့ ဆုံးဖြတ်နေပြီး ဒီမိုကရက်ပါတီဝင်တွေရဲ့ သဘောထားကို ရယူခြင်းမရှိတဲ့အကြောင်းပြောဆိုထားပါတယ်။

ဒီမိုကရက် အထက်လွှတ်တော်အမတ် Chris Van Hollen ကတော့ အောက်လွှတ်တော်အတည်ပြုထားတဲ့ ဥပဒေကြမ်းကို သဘောမတူပေမဲ့ အစိုးရလုပ်ငန်းတွေ ရပ်တန့်သွားတာမျိုးကို မလိုလားတဲ့အတွက် ရက် ၃၀ လည်ပတ်ဖို့ ခွင့်ပြုထားတဲ့ ဒီ ယာယီ အသုံးစရိတ်ဥပဒေကြမ်းကို ထောက်ခံမဲပေးမယ့်အကြောင်း ပြောဆိုပါတယ်။

Forum

XS
SM
MD
LG