သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း မြောက်ကိုရီးယားကို သွားရောက်လို


မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် မြောက်ကိုရီးယားကို သွားဖို့ သူ ဆန္ဒရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက် ပါတယ်။ မြောက်ကိုရီးယားမှာ အကျဉ်းကျနေတဲ့ အမေရိကန် သတင်းထောက် နှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ ရဲ့ကိုယ်စား မြောက်ကိုရီးယား အာဏာပိုင်တွေနဲ့ ဆွေးနွေးလိုတဲ့အကြောင်း သူ့အနေနဲ့ ကြိုတင်အချက်ပြ ပြောဆို ထားတယ် လို့လည်း အတွင်းရေးမှူးချုပ်က ဆိုပါတယ်။ ကုလသမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အထူးသဖြင့် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေ ပျက်ခဲ့တဲ့ အချိန်က စလို့ ကိုရီးယားကျွန်းဆွယ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ စိုးရိမ်မိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ဟောင်းဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။

“မြောက်ကိုရီးယား အာဏာပိုင်တွေဘက်က ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းတွေ အားလုံးကို ရပ်ပစ်လိုက်တဲ့အတွက် ကျနော် စိုးရိမ်မိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဆွေးနွေးမှုတွေကနေ တဆင့် ဆုံးဖြတ်ချက် တစုံတရာ ချနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကို ၆ ပါတီ ဆွေးနွေးပွဲကနေ လုပ်ပေးနိုင်သေးတယ်လို့ ကျနော် ယုံကြည်သလိုပဲ တချိန်တည်းမှာလည်း တခြား ဆွေးနွေးမှုတွေကိုလည်း လိုအပ်ရင် လိုအပ်သလို လုပ်သင့်ပါတယ်။”

အမေရိကန်ပြည်ထောင်စုနဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေလုပ်ဖို့ မကြာသေးခင်က မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လစဉ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်သလို ဆွေးနွေးမှု ပုံစံနဲ့ အရွယ်အစား ဘယ်လိုပဲဖြစ်နေပါစေ၊ တွေ့ဆုံဆွေးနွေးဖို့က ပဓာန ဖြစ်ပြီး အဲဒါကသာ မြောက်ကိုရီးယား နျူကလီးယား အရေးကို ဖြေရှင်းနိုင်တဲ့ တခုတည်းသော နည်းလမ်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား နဲ့ အမေရိကန် တို့ရဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေဟာလည်း တရုတ်၊ ဂျပန်၊ ရုရှား နဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ ၆ ပါတီ ဆွေးနွေးပွဲ ရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ တနင်္လာနေ့မှာ အမေရိကန်က ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားကိစ္စ ဆွေးနွေးမှုတွေအတွက် သူ့ရဲ့ ကုလသမဂ္ဂ ရုံးက ကူညီဖို့ အသင့်ရှိနေသလို မြောက်ကိုရီးယားကို သွားဖို့လည်း စဉ်းစားနေတယ်လို့ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

“ကိုရီးယား ကျွန်းဆွယ်ရဲ့ အခြေအနေက အရမ်းကို စိုးရိမ်ရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူး တယောက်အနေနဲ့ အခု အချိန်မှာ မြောက်ကိုရီးယားကို သွားရောက်တာ အပါအဝင် ကျနော် လုပ်နိုင်တာ မှန်သမျှ လုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာသွားရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကိုတော့ စူးစမ်းရပါဦးမယ်။”

မြောက်ကိုရီးယားမှာ အကျဉ်းကျနေတဲ့ အမေရိကန် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်အောင် ကုလသမဂ္ဂ အနေနဲ့ ဘယ်လိုများ ကြိုးပမ်းဆောင်ရွက်နိုင်မလဲလို့ မေးတဲ့အခါမှာတော့ ဒီ သတင်းထောက် နှစ်ဦး ပြန်လွတ်အောင် သူ တတ်နိုင်သမျှ ကြိုးစားခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းက ဖြေခဲ့ပါတယ်။

“ဒီသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ကျနော့်ဘာသာ ကြိုးစားဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ဘယ်လို ကြိုးစား တယ် ဆိုတာကိုတော့ ကျနော် မပြောနိုင်ပါဘူး။ မြောက်ကိုရီးယား အာဏာပိုင်တွေ အနေနဲ့ အခုကိစ္စကို ပြန်လည် ဆန်းစစ် ပြီးတော့ လူသားချင်းစာနာမှု ရှုထောင့်ကပဲဖြစ်ဖြစ်ကြည့်ပြီး ဒီလူ နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကျနော့်ရဲ့ ဆန္ဒနဲ့ တောင်းဆိုချက်ကို နှစ်ကြိမ်တိတိ ဖော်ပြခဲ့ပါတယ်။ ဒါဟာ ကျနော့်ရဲ့ လောလောဆယ် ကြိုးပမ်းချက်ပါ။”

သတင်းထောက်နှစ်ဦး လွတ်မြောက်ရေး သူ့ရဲ့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မစ္စတာ ဘန်ကီမွန်း က မပြောခဲ့ပါဘူး။ ဒီအမေရိကန်သတင်းထောက် နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ က မြောက်ကိုရီးယား နိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မြောက်ကိုရီးယား အစိုးရက သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ် ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG